`အဖွဲ့အစည်းဟူသည်-
(၁) ကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် လူအများကဖြစ်စေ, အာဏာပိုင် အစိုးရကဖြစ်စေ, စုစည်းထားသော ပုဂ္ဂိုလ်စု။
(၂) ကိစ္စတစ်ရပ်ကို အထူး ဆောင်ရွက်ရာတွင်လည်းကောင်း တူညီသော ဦးတည် ချက် ရှိသဖြင့်လည်းကောင်း, ပေါင်းစုနေသည့် လူစုဖြစ်သည်´ ဟု မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် ဖွင့်ဆိုထားသည်။
`သံဃောတိ ပုဂ္ဂလသမူဟော ၀ုတ္တော´- `သံဃာဟူသည်
ပုဂ္ဂိုလ်အပေါင်းကို ခေါ်၏´ ဟု ဖွင့်ဆိုသောကြောင့် သံဃာသည် တစ်ပါးတည်း, တစ်ဦးတည်းကို ခေါ်သည်မဟုတ်။ အပေါင်းအစု, အဖွဲ့အစည်းဖြင့် နေသူများကို ခေါ်ဆိုသည်။
ယင်းသံဃာအဖွဲ့ အစည်းသည် တူညီသော ဦးတည်ချက်ဖြင့် ပေါင်းစုသည့် အစုအဖွဲ့ ဖြစ်ကြောင်းကို အရှင်မဟာကစ္စည်းက `သမဂ္ဂံ ကမ္မံ သမုပဂစ္ဆတီတိ သံဃော- ညီညွတ်သော ကံ, တူညီသော အလုပ်သို့ ရှေးရှု ကပ်ဆောင်တတ်, ဆောင်ရွက်တတ်သောကြောင့် သံဃာမည်၏´ ဟု ဖွင့်ဆိုတော်မူသည်။
ညီညွတ်, တူမျှသောအလုပ်သို့ ရှေးရှုကပ်ရောက် ဆောင်ရွက်သော သံဃာသည် အဖွဲ့အစည်းဖြင့် နေတတ်သော မြင့်မြတ်သော လူသားများပင် ဖြစ်သည်။
ယင်းမြင့်မြတ်သော လူသားဖြစ်သည့် သံဃာသည် လူ့အဖွဲ့ အစည်းများနှင့်လည်း နှီးနွယ် ဆက်စပ်နေသည်သာ ဖြစ်သည်။
လူသည် အစဉ်အလာနှင့် တည်တည် တံ့တံ့ စုစုစည်းစည်း နေထိုင်လာမိသောအခါ လူ မျိုးစု, လူပေါင်းစု, လူ့အဖွဲ့အစည်းများ အလိုလိုဖြစ်ပေါ်လာစေ၏။ လူမှန်လျှင် လူ့အဖွဲ့အစည်း နှင့် မကင်းရှင်းနိုင်၊ လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်အဖြစ် ပါဝင်နေရ၏။
ထို့ကြောင့် ကိုယ်နေချင်သလို နေထိုင်လို့မရ၊ ကိုယ်လုပ်ချင်သလို လုပ်လို့မရ၊ ယင်းအဖွဲ့အစည်း၏ ကျရာတာဝန်ကို ထမ်းဆောင်ရသည်။ ထားရာ,နေရာ၌ ရှိနေသည့် စည်းမျဉ်းကို လိုက်နာရ၏။
လူ့သမိုင်းဦးမှစ၍ မျက်မှောက်ခေတ်ထိ လူမျိုးအသီးသီးတို့သည် မိမိတို့မျိုးရိုးအလိုက် လူ့အဖွဲ့အစည်း အသီးအသီးကို ဖွဲ့စည်းနေထိုင်ကြကာ မိမိတို့ စည်းမျဉ်းဥပဒေအတိုင်း လိုက်နာကြရသကဲ့သို့ မြင့်မြတ်သော လူသားများဖြစ်သည် သံဃာတော်တို့သည်လည်း မိမိတို့၏ အဖွဲ့အစည်း ဥပဒေစည်းမျဉ်းများအတိုင်း လိုက်နာနေထိုင် ကျင့်သုံးကြရသည်။
သံဃာ့အဖွဲ့အစည်းသည် မြတ်ဗုဒ္ဓညွှန်ပြ ဟောပြောသော ဓမ္မ၀ိနယနှင့်အညီ လိုက်နာ နေထိုင် ဆောင်ရွက်ရသော အဖွဲ့အစည်း ဖြစ်သည်။
ယင်းသံဃာ့အဖွဲ့အစည်း ပေါ်ပေါက်လာခြင်းသည် လူသားအကျိုးပြု လုပ်ငန်းများကို အားကျိုးမာန်တက် ဆောင်ရွက်ရန် ဖြစ်သည်။
ယင်း အဖွဲ့အစည်း၏ စည်းမျဉ်းများကို ညွှန်ပြသူ မြတ်ဗုဒ္ဓသည်လည်း လူထု ကောင်းစားရေးကို ဘ၀တစ်လျှောက်လုံး နေ့မအား ညမနား တက်တက် ကြွကြွ ဆောင်ရွက်တော်မူခဲ့သည်။
`ပြည်သူတို့၏ အကျိုးစီးပွားအတွက် အစည်းအဝေးပွဲများကို ညီညွတ်စွာ ကျင်းပ၍ သဘောတူဆောင်ရွက်မှသာ လူမှုကိစ္စများ အောင်မြင်နိုင်သည်´ ဟူသော လိစ္ဆ၀ီမင်းများ၏ နိုင်ငံရေး အဖွဲ့အစည်းများ အကြောင်းကို မြတ်ဗုဒ္ဓက လက်ခံ၍ သံဃာ့အဖွဲ့အစည်းအတွက် ဘိက္ခုအပရိဟာနိယ တရားများကို ဟောတော်မူခဲ့သည်။
ယင်းအနက် `ရဟန်းတို့သည် ရဟန်းဝါကြီး၍ အသက်ရှည်သော ထေရ်ကြီး ရဟန်း တို့ကို ရိုသေလေးစား မြတ်နိုးပူဇော်လျက် ၎င်းတို့၏စကားကို နာယူသင့်သည်။ အချင်းချင်း တိုင်ပင်ဆွေးနွေး ညှိနှိုင်းသင့်သည်။ အညီအညွတ် ဆောင်ရွက်သင့်သည်´ ဟု ထင်မှတ်၍ လုပ်ဆောင်နေသမျှ ရဟန်းတို့အား ကြီးပွားရန်သာရှိသည်။ ဆုတ်ယုတ်ရန်ကား မရှိ´ ဟူသော အချက်သည် သံဃာ့အဖွဲ့အစည်း၏ အသက် သွေးကြောင်းများပင် ဖြစ်သည်။ ( ဒီ၊ ၂- ၆၆)
ယင်း သံဃာ့အဖွဲ့အစည်းသည် ဆရာတပည့် ဆက်ဆံရေးအဖွဲ့အစည်းပင် ဖြစ်သည်။ ယင်းဆရာတပည့် ဆက်ဆံရေးသည် အထက်လူနှင့် အောက်လူတို့၏ ဆက်ဆံမှုမျိုး မဟုတ်၊ သားအဖ ဆက်ဆံမှု, မိသားစု ဆက်ဆံမှုမျိုး ဖြစ်သည်။
`တပည့်သည် ဆရာအပေါ်၌ ဖခင်-ဟု စိတ်ထား၍ ဆရာကလည်း တပည့်ကို သား-ဟု စိတ်ထားကာ ပြုရမည်´ ဟူသော ၀ိနယပိဋက, မဟာဝဂ္ဂ-လာ ဆရာတပည့် ကျင့်ဝတ်များကိုကြည့်က သိရှိနိုင်သည်။ ( ၀ိ၊ ၃၊ ၈၀-၉၅)
သမိုင်းသလျှောက်တွင် ဒေသအသီးသီး၌ အဖွဲ့အစည်းအမျိုးမျိုးရှိကြသည်။ ယင်း၌ အဖွဲ့ဝင်ပုဂ္ဂိုလ်များလည်း အစားစားရှိကြသည်။
မည်သည့် အဖွဲ့ဝင်ပုဂ္ဂိုလ်မျိုးမဆို မိမိတို့ပါဝင်သော အဖွဲ့အစည်း၌ ကျရာအခန်း ကဏ္ဍတွင် တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြရသည်။
နာယက, ဥက္ကဋ္ဌ-မှသည် ရုံးစေ, ဒရ၀မ်-အထိ မိမိတို့၏ အဖွဲ့အစည်း တည်တန့်ပြန့်ပွား သန့်ရှင်းအောင် ဆောင်ရွက်ကြရသည်။
ဗုဒ္ဓ၏ သံဃာ့အဖွဲ့အစည်းသည်လည်း မြတ်ဗုဒ္ဓမှစ၍ ကိုရင်, သာမဏေ, ကျောင်းသား အထိ ကျရာတာဝန်များကို ကျေပွန်အောင် တက်ညီလက်ညီ ဆောင်ရွက်ကြရသည်။ ယင်းသို့ ဆောင်ရွက်ခြင်းကြောင့်ပင် ဗုဒ္ဓ၏ သံဃာ့အဖွဲ့အစည်းသည် ယနေ့ထိ တည်ရှိနေခြင်းဖြစ်၏။
ကမ္ဘာ့အဖွဲ့အစည်းများ၌ အဖွဲ့ဝင်များလိုက်နာရန် ချမှတ်ထားသော စည်ကမ်းဥပဒေ များရှိကြ၏။ ယင်းကို တာဝန်သိသိ ဆောင်ရွက်ကြသူများလည်းရှိ၏။ အဖွဲ့အစည်း တည် ထောင်သူ၏ အလိုဆန္ဒကို ဖြည့်ဆည်းသူများလည်း ရှိကြသည်။
ဗုဒ္ဓ၏ သံဃာ့အဖွဲ့စည်းတွင်လည်း အဖွဲ့ဝင်များ လိုက်နာကျင့်ဆောင်ရန် ချမှတ်ထားသော စည်ကမ်း ဥပဒေများ ရှိကြ၏။ ယင်းကို တာဝန်သိသိ ဆောင်ရွက်ကြ သူများလည်းရှိကြ၏။ မြတ်ဗုဒ္ဓ၏ ဆန္ဒတော်ကိုသိ၍ ယင်းဆန္ဒတော်ကို ပြည့်အောင် ဖြည့်ဆည်းကြသူများလည်း ရှိကြ၏။ ယင်းတို့အနက် အရှင်မဟာမောဂ္ဂလာန်၏ တာဝန်သိ၍ ဖြည့်ဆည်းပေးမှုကို ဖော်ပြပါမည်။
မြတ်ဗုဒ္ဓသည် သံဃာ့အဖွဲ့ဝင်များ လိုက်နာရန် စည်းကမ်းဥပဒေများ ပြဋ္ဌာန်းရာ ညွှန်ပြရာတွင် ဥပုသ်ပြုခြင်းသည်လည်း တစ်ခုအပါအ၀င် ဖြစ်သည်။ ဥပုသ်ပြုနေစဉ် `အာပတ် ရှိသောရဟန်းသည် ပါတိမောက်ကို မနာရ၊ နာသောရဟန်း ဒုက္ကဋ်အာပတ်သင့်စေ´ ဟု ချမှတ်ထား၏။ (၀ိ၊ ၄၊ ၄၂၄)
`သမုဒ္ဒရာသည် အသေကောင်ပုပ်နှင့် မဆက်ဆံ၊ သမုဒ္ဒရာ၌ အသေကောင်ပုပ်ရှိလျှင် ကမ်းသို့ ကပ်စေ, ကုန်းသို့ တင်စေသကဲ့သို့ ရဟန်းသံဃာသည် ယုတ်ညံ့သော, ရဟန်းယောင် ဆောင်ထားသော ဒုဿီလပုဂ္ဂိုလ်နှင့် မဆက်ဆံ၊ ၎င်းကို စည်းဝေး၍ နှင်ထုတ်၏။´
ဥပုသ်ပြုရာ၌ဖြစ်စေ၊ သာသနာတော် သန့်ရှင်းတည်တံ့ပြန်ပွားအောင် ဆောင်ရွက်ရာ၌ ဖြစ်စေ သာသနာ့ဂုဏ်ရောင် ညှိုးနွမ်းစေသူများကို စည်းဝေး၍ ဆန္ဒယူကာ ညီညီညွတ်ညွတ် နှင်ထုတ်ရမည်ဟု သာသနာ့အံ့ဖွယ် ဟောရာ၌လည်း တိုက်တွန်းညွှန်ပြခဲ့သည်။ ( ၀ိ၊ ၄၊ ၄၂၈)
မြတ်ဗုဒ္ဓ သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း၌ သီတင်းသုံးနေစဉ် ဥပုသ်နေ့တစ်နေ၀ယ် ဥပုသ်ပြုရန် မြတ်ဗုဒ္ဓနှင့် ရဟန်းသံဃာတို့ စုဝေးနေကြသည်။ ညဥ့်သုံးယံလွန်သော်လည်း ဥပုသ်မပြုသောကြောင့် အရှင်အာနန္ဒာက လျှောက်ထားရာ `ပရိသတ်မစင်ကြယ်´ ဟု မြတ်ဗုဒ္ဓမိန့်တော်မူသည်။
အရှင်မဟာမောဂ္ဂလာန်သည် ရဟန်းသံဃာတို့၏စိတ်ကို မိမိ၏ ဣဒ္ဓိပါဒ်စိတ်ဖြင့် နှလုံး သွင်းကြည့်သည်။ `ယုတ်ညံ့သောအကျင့်ရှိ မစဉ်ကြယ်သည်ဖြစ်၍ ယုံမှားတွေးတောဖွယ် အကျင့်လည်းရှိ, အပြစ်ဖုံးကွယ်, ရဟန်းမဟုတ်ဘဲ ရဟန်းဟုဝန်ခံ, အတွင်းပုပ်, ကိလေသာစိုစွတ်, သီလမရှိသော ဒုဿီလရဟန်း, သံဃာ့အလယ် ထိုင်နေသည်ကို တွေ့မြင် ၍ ၎င်းထံသွားကာ `ငါ့ရှင် - ထလော့ မြတ်စွာဘုရားက သင့်ကိုမြင်သည်၊ သင်သည် ရဟန်းကောင်းတို့နှင့်တကွ ပေါင်းသင်းခွင့်မရှိ´ ဟု ပြောသည်။ သို့သော် ဒုဿီလရဟန်းသည် မထဘဲပေကပ်၍ ဆိတ်ဆိတ်ပင်ထိုင်နေသည်။
အရှင်မဟာမောဂ္ဂလာန်သည် နှစ်ခါသုံးခါ ထပ်ပြောသည်လည်း မထဘဲ နေသော ကြောင့် လက်မောင်းမှ ကိုင်ကာ တံခါး အပြင်ဘက်သို့ ဆွဲထုတ်နှင်ချခဲ့သည်။ `ပရိသတ် စင်ကြယ်ပါပြီ´ ဟုလျှောက်သောကြောင့် မြတ်ဗုဒ္ဓသည် `အံ့ဖွယ်ရှိစွ မောဂ္ဂလာန်´ ဟု မိန့်ကာ သာသနာတော်ကို သမုဒ္ဒရာနှင့်နှိုင်းယှဉ်ပြီး ဟောတော်မူ၍ ပါတိမောက် ပြတော်မူသည်။ ( ၀ိ၊ ၄၊ ၄၁၈, ၄၂၄)
စပါးကောင်းကောင်း ထွက်စေလိုသူသည် မိမိလယ်၌ စပါးပင်များနှင့်အတူ ကပ်ပေါက် နေသော ပေါင်းပင်, မြတ်ပင်စသည့် စပါးမျှောပင်များကို သုတ်သင် ပစ်သကဲ့သို့ သံဃာ့ အဖွဲ့ အစည်းတွင် ရဟန်းကောင်း၊ ရဟန်းမြတ်များသာရှိနေစေလိုသော ရှင်ရဟန်းသည် ဒုဿီလ ရဟန်းများကို နှိမ်နင်းသုတ်သင်ကာ သံဃာ့အဖွဲ့အစည်းကို စဉ်ကြယ်သန့်ရှင်းအောင် စွမ်းဆောင်ကြရမည်ဖြစ်ကြောင်း အရှင်မဟာမောဂ္ဂလာန်က မီးမောင်းထိုးပြ ထားခဲ့သည်။
အရှင်မဟာယသထေရ်သည် အဓမ္မ၀တ္ထုဆယ်ပါးကို တင်ပြကာ ကျင့်သုံးနေကြသော ၀ဇ္ဇီရဟန်းများကို ဓမ္မ၀ိနယ၀ါဒီ ရဟန်းတော်များနှင့်အတူ ဓမ္မ၀ိနယနှင့်အညီ ဆုံးမဟောပြော၍ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့သည်။ ဒုတိယသင်္ဂါ ယနာကိုလည်း ဦးဆောင်ကျင်းပပေးခဲ့သည်။
အရှင်မဟာ မောဂ္ဂလိပုတ္တတိဿထေရ်သည်လည်း အဓမ္မ, အ၀ိနယ၀ါဒငါးရာကို စိစစ် ခွဲခြား၍ ကထာဝတ္ထုဒေသနာကို ဟောပြောကာ တတိယသင်္ဂါယနာတင်ပြီး သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားအောင် စွမ်းဆောင်တော်မူခဲ့သည်။ အလဇ္ဇီ ဒုဿီလပုဂ္ဂိုလ် တို့ကိုသည်လည်း သာသနာတော်မှ နှင်ထုတ်တော်မူခဲ့သည်။
မြန်မာနိုင်ငံတော် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၌ ၁၉၈၀- ပြည့်နှစ် မေလတွင် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းဝေးပွဲကြီး ဖြစ်ပေါ်ခဲ့သည်။ ယင်းအစည်းဝေးပွဲကြီးက ၀ိနည်းဓမ္မကံ၊ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းရေးဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ရေးဆွဲအတည်ပြုခဲ့သည်။
`၀ိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းကိုဖြစ်စေ၊ အယူခံစောဒနာမှုခင်းကိုဖြစ်စေ, လုပ်ထုံး လုပ်နည်းများနှင့်အညီ ဖွဲ့စည်းထားသည့် သံဃ၀ိနိစ္ဆယအဖွဲ့များနှင့် သီးခြားဝိနည်းဓိုရ်အဖွဲ့ များကသာ ၀ိနည်းတရားတော်နှင့်အညီ စစ်ဆေးဆုံးဖြတ်ရမည်´ ဟူသော ဥပဒေသည် ပုဒ်မ(၃)တွင် ပါရှိသည်။ ယင်းသည် ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်သည်။ ဓမ္မစက်ဖြစ်သော ဥပဒေနှင့်အညီ ရေးဆွဲထားခြင်းဖြစ်သည်။
ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကို ကိုယ်စားပြုသော နိုင်ငံတော် သံဃာ့မဟာ နာယက အဖွဲ့ကြီးသည် နိုင်ငံတော်အတွင်း ပေါ်ပေါက်ဖြစ်ပွားခဲ့သော ၀ိဝါဒါဓိကရုဏ်းများကို အရည်အခြင်း ပြည့်စုံတော်မူကြသော နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်များထဲမှ သီးခြား ၀ိနည်းဓိုရ် ဆရာတော်များ ရွေးချယ်ဖွဲ့စည်းပြီး ငြိမ်းအေးအောင် ဆောင်ရွက်ခဲ့သည်။ ယင်းမှာ-
(၁) ကျောက်သင်္ဘောဝါဒ ၀ိဝါဒါဓိကရုဏ်း (၂၃- ၂- ၈၁)
(၂) လူသေလူဖြစ်ဝါဒ ၀ိဝါဒါဓိကရုဏ်း (၂၉- ၁၀- ၈၁)
(၃) ကြောင်ပန်းတောရ၀ါဒ ၀ိဝါဒါဓိကရုဏ်း(၂၆- ၄- ၈၂)
(၄) ကျောက်ပုံတောရ၀ါဒ ၀ိဝါဒါဓကရုဏ်း(၇- ၁၁- ၈၂)
(၅) ရေတာရှည်မြိုနယ် ဆွာ ဦးမာလာဝရ၀ါဒ ၀ိဝါဒါဓိကရုဏ်း(၁- ၄- ၈၃)
(၆) မိုးညို (မြောက်ဥက္ကလာပ)၀ါဒ ၀ိဝါဒါဓိကရုဏ်း (၄- ၇- ၈၁)
မြတ်ဗုဒ္ဓ စာတုမမြို့၌ သီတင်းသုံးစဉ် အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် အမှူးရှိသော ရဟန်းငါးရာတို့ မြတ်စွာဘုရားကို ဖူးမျှော်ရန် စာတုမမြို့သို့ ရောက်ရှိလာကြသည်။ ၎င်းတို့နှင့် အာဝါသိကကျောင်းနေ ရဟန်းတို့ စကားပြောကြ, နှုတ်ဆက်ကြ, နေရာပြင်ကြ, သပိတ်သင်္ကန်း သိမ်းကြသော အသံတို့သည် ကျယ်လောင်ဆူညံ သွားကုန်၏။ ယင်းအသံများ မြတ်ဗုဒ္ဓ ကြားသောခါ `အာနန္ဒာ၊ ငါးစိမ်းသည် အသံကဲ့သို့ ကျယ်ကျယ်လောင်လောင် အသံပြုနေကြတာ ဘယ်သူတွေလဲ´ ဟု အရှင်အာနန္ဒာအား မေးတော်မူ၏။
အရှင်အာနန္ဒာက အကြောင်းစုံ လျှောက်ထားသောအခါ `အာနန္ဒာ၊ ငါ့စကားဖြင့် မြတ်စွာဘုရားက အရှင်ဘုရားတို့ကို ခေါ်နေတယ်လို့ ပြောချေ´ မြတ်ဗုဒ္ဓက မိန့်တော်မူ၏။
ရဟန်းတို့သည် မြတ်ဗုဒ္ဓထံ စုပေါင်းလာကြကာ မြတ်စွာဘုရားကို ရိုသေစွာရှိခိုး ထိုင်နေကြသည်။ မြတ်ဗုဒ္ဓမေးမှုကို မှန်ကန်စွာ ရိုရိုသေသေ ဖြေကြားလျှောက်ထားကြသည်။ `ရဟန်းတို့- ထွက်သွားကြ၊ သင်တို့ကို ငါနှင်တယ်, သင်တို့ ငါ့အနီးမနေကြနှင့်´ ဟု မြတ်စွာဘုရားက ရဟန်းတို့ကို နှင်ထုတ်လိုက်သည်။ ရဟန်းတို့လည်း `မှန်လှပါဘုရား´ဟု လျှောက်ထား၍ မြတ်စွာဘုရားကို အရိုအသေပေးကာ သပိတ်သင်္ကန်းယူပြီး ထွက်ခွါသွားကြ သည်။
`မြတ်စွာဘုရား--ရဟန်းတို့ကို နှစ်သက်တော်မူပါဘုရား, ဆုံးမဩ၀ါဒ ပေးတော်မူပါ ဘုရား, ချီးမြောက်တော်မူပါဘုရား၊ ရဟန်းသစ်များ ဖြစ်နေကြတဲ့အတွက် အရှင်ဘုရားကို ဖူးမြင်ခွင့်မရလျှင် ပျက်စီးသွားနိုင်ပါသည်ဘုရား၊ နုသေးတဲ့မျိုးစေ့ ရေမရတဲ့အခါ, မွေးစသာသာ နွားငယ် မိခင်ကိုမမြင်ရတဲ့အခါ ပျက်စီးဖောက်ပြန် သွားကြသလို ရဟန်းသစ်များလည်း မြတ်စွာဘုရားကို မမြင် မဖူးမြော်ရလျှင် ပျက်စီးဖောက်ပြန် သွားနိုင်ပါတယ်။
ဒါကြောင့် ရဟန်းများကို နှစ်သက်တော်မူပါ၊ ဆုံးမတော်မူပါ၊ ချီးမြှောက်တော်မူပါ ဘုရား´ ဟု စာတုမမြို့သားများနှင့် သဟမ္ပတိဗြဟ္မာမင်းက လျှောက်ထားကြသည်။
အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန်တို့သည် စာတုမမြို့သားများနှင့် သဟမ္ပတိဗြဟ္မာမင်းတို့ လျှောက်ထားမှုကြောင့် မြတ်စွာဘုရား နှစ်ခြိုက် သဘောကျတော်မူ ကြောင်း သိသောအခါ `ငါ့ရှင်တို့ ထကြလော့၊ သပိတ်သင်္ကန်း ယူကြသော၊ မြတ်စွာဘုရားထံ သွာကြစို့´ ဟု ရဟန်းတို့ကိုခေါ်ကာ မြတ်စွာဘုရားထံ သွားကြသည်။ ရဟန်းတို့သည် မြတ်စွာဘုရားထံ ပြန်လာကြသည်။ ရိုသေစွာ ရှိခိုးထိုင်နေကြသည်။
မြတ်စွာဘုရားက `သာရိပုတြာ-- ငါဘုရားက ရဟန်းတို့ကို နှင်ထုတ်တဲ့အခါ သင့်စိတ်ထဲ မှာ ဘယ်လို အကြံဖြစ်သလဲ´ ဟု အရှင်သာရိပုတြာကို မေးတော်မူသည်။
`အရှင်မြတ်ဘုရား-- မြတ်စွာဘုရားဟာ ရဟန်းအပေါင်းကို နှင်ထုတ်တော်မူပြီ။ ယခု အခါ မြတ်စွာဘုရားက ရဟန်းတို့အပေါ် ကြောင့်ကြမဲ့ပြုကာ ဒိဋ္ဌဓမ္မသုခဖြင့် နေလိုတယ်၊ နေလိမ့်မယ်၊ ငါလည်း ရဟန်းတို့အပေါ် ကြောင့်ကြမဲ့ပြုကာ ဒိဋ္ဌဓမ္မသုခနဲ့ နေမယ်လို့ တပည့်တော် စိတ်ထဲမှာ အကြံဖြစ်ပါတယ်ဘုရား´ ဟု အရှင်သာရိပုတြာက လျှောက်ထား သည်။
`သာရိပုတြာ-- ဆိုင်းငံ့ဦး သာရိပုတြာ-- ရဟန်းတို့အပေါ် ကြောင့်ကြမဲ့ပြုကာ ဒိဋ္ဌဓမ္မ သုခနဲ့ နေထိုင်ခြင်းကို ဆိုင်းငံ့ဦး´ ဟု မြတ်ဗုဒ္ဓက အရှင်သာရိပုတြာ၏ ကြံစည်လျှောက်ထားမှု ကို တားမြစ်တော်မူသည်။
မြတ်ဗုဒ္ဓသည် အရှင်မဟာမောဂ္ဂလာန်ကိုလည်း မေးမြန်းတော်မူသည်။ အရှင်မဟာ မောဂ္ဂလာန်က `မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို နှင်ထုတ်တော်မူပြီ။ ယခုအခါ မြတ်စွာဘုရားက ရဟန်းတို့အပေါ် ကြောင့်ကြမဲ့နေကာ ဒိဋ္ဌဓမ္မသုခကို ၀င်စားနေလိုတယ်။ ဖလသမာပတ် ချမ်းသာကို ၀င်စားနေလိုတယ်။ ငါဟာ အရှင်သာရိပုတြာနှင့်အတူ ရဟန်း အပေါင်းကို ထိန်းသိန်းစောင့်ရှောက်မယ်လို့ အကြံအစည် ဖြစ်မိပါတယ်ဘုရား´ဟု လျှောက်ထားသည်။
`ကောင်းလေစွ မောဂ္ဂလာန်-- ကောင်းလေစွ။ ငါနဲ့သင်တို့ဟာ ရဟန်းအပေါင်းကို ထိန်း သိမ်းစောင့်ရှောက်မယ်´ ဟု အရှင်မဟာမောဂ္ဂလာန်ကို ကောင်းချီးပေးကာ သာဓုခေါ်တော် မူသည်။ ( မ၊ ၂၊ ၁၁၉- ၁၁၂)
အရှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရား၏ ရဟန်းတို့ကို ထိန်းသိမ်းစောင့်ရှောက် စေလိုသော ဆန္ဒ၊ ရဟန်းတို့ကို ဦးဆောင်ကာ သံဃာ့အဖွဲ့အစည်းကို တင့်တယ်ကောင်းမြတ် သန့်ရှင်းစင်ကြယ်စေလိုသော ဆန္ဒများကို သိတော်မူ၍ ရဟန်းအပေါင်းကို ဦးဆောင်ကာ သံဃာ့အဖွဲ့အစည်းကို တင့်တယ်ကောင်းမြတ် သန့်ရှင်းစင်ကြယ် စေခဲ့သည်။ ရဟန်းတို့ကို လည်း သနားစောင့်ရှောက် ထိန်းသိမ်းခဲ့သည်။
မြတ်ဗုဒ္ဓသည် သံဃာ့အဖွဲ့အစည်းနှင့် ရဟန်းတို့အပေါ် ကြောင့်ကြမဲ့နေမှုကို ရှုတ်ချ တော်မူခဲ့သည်။ တာဝန်သိသိဖြင့် တာဝန်ရှိသူပမာ ဂရုတစိုက်ကြောင့်ကြစိုက်၍ ပြုစုစောင့် ရှောက် ထိန်းသိမ်းမှုကိုသာ လိုလားတော်မူသည်။ နှစ်ခြိုက်တော်မူသည်။
နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့သည် မြတ်ဗုဒ္ဓ၏ ဆန္ဒကို ပြည့်ပြည့်၀၀ ဖြည့် ဆည်း ဆောင်ရွက်တော်မူသည်။ အဓမ္မ၀ါဒများကို နှိမ်နင်း, မှေးမှိန်ပပျောက်စေ၍ တောက်ပ ထိန်လင်းအောင် ချီးမြှောက်ပေးသည်။ အလဇ္ဇီ ဒုဿီလရဟန်းများကို ဖယ်ရှားပျောက်ကွယ် စေ၍ လဇ္ဇီသီလ၀န္တရဟန်းတို့ကို မြှောက်စားသည်။ ကြီးပွားစေသည်။
မြတ်ဗုဒ္ဓ၏ သံဃာ့အဖွဲ့အစည်းကို ဦးဆောင်ကာ သာသနာတော်သန့်ရှင်း တည်တံ့ပြန့် ပွားအောင် အားကြိုးမာန်တက် ထမ်းရွက်လျက် သာသနာ့ဂုဏ်ရောင် ထွန်းပြောင် တောက်ပ စေပြီး မြန်မာ့ကြက်သရေကိုလည်း ထိန်း, ဝေ, တောက်, ရွှန်း, လှပ, စေပါသည်။
ထို့ကြောင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် မြတ်ဗုဒ္ဓ၏ သံဃာ့အဖွဲ့အစည်း နှင့်အတူ မြင့်မြတ်,စံပြုထိုက်သည့် အဖွဲ့အစည်းအဖြစ် ကမ္ဘာ့အဖွဲ့အစည်းအလယ်ဝယ် တင့်တယ်, လှပနေမည်ဖြစ်ပါသည်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးသည် မြတ်ဗုဒ္ဓ သံဃာ့အဖွဲ့အစည်းနှင့်အတူ ငွေရတုမှသည် ရတုများစွာ သန့်ရှင်း, တည်တံ့, ပြန့်ပွားနိုင် ပါစေ...။
(ချမ်းသာကြီးဆရာတော်)
(နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ငွေရတု အထိမ်းအမှတ်စာစောင်မှ)
No comments:
Post a Comment