Thursday, February 27, 2014

နေ့စဉ် နေစဉ်သတိဉာဏ်ဖြင့် တရားအားထုတ်နည်း။

         မဟာသတိပဌာနသုတ္တန်ဒေသနာတော်အရ တရားအားထုတ်သော သူတော်စင်တို့အတွက်
ကာယနုပဿနာသတိပဌာန်၊ ဝေဒနာနုပဿနာသတိပဌာန်၊ စိတ္တာနုပဿနာသတိပဌာန်၊ ဓမ္မာ
နုပဿနာသတိပဌာန်တို့ဟူ၍ ရုပ်အပေါင်း ကိုယ်အာရုံ၊ ခံစားမှု ဝေဒနာအာရုံ၊ သိတတ်မှု စိတ်

အာရုံနှင့် သဘောတရား ဓမ္မအာရုံဟူ၍ အာရှုခံအာရုံ လေးမျိုးကွဲပြားသောကြောင့် အကျဉ်းအား
ဖြင့် အားထုတ်နည်း လေးမျိုးကွဲပြားပါသည်။
         ထိုသို့ အရှုခံအာရုံတို့သည် အမျိုးမျိုးကွဲပြားကြကုန်သော်လည်း တရားအားထုတ်ရာ၌
အရှုဉာဏ်ဟူသော သူတော်ကောင်းတို့၏ ၀ိပဿနာရှုစိတ်သည်ကား သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ
ပညာတို့နှင့်သာ ယှဉ်တွဲလျက် အမှန်အတိုင်း သိမြင်သော ဉာဏ်စွမ်းအား တိုးပွားလျက် နေရ
မည်သာ ဖြစ်ပေသည်။
         ဣရိယာပုတ် အမျိုးမျိုး၊ အမူအရာ အမျိုးမျိုး၊ နေရာဒေသ အမျိုးမျိုးတို့၌ ဘာဝနာအလုပ်
ကို အားထုတ်နိုင်သည်ကို ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် မဟာသတိပဌာနသုတ္တန်
၌ ဟောဖော် ညွှန်ပြတော်မူခဲ့ပါသည်။
         ထိုသို့ ဟောပြောရာ၌လည်း-“မိမိ နေထိုင်စဉ် မိမိထိုင်နေမှန်း သေချာသိပါ”။
                                          “မိမိ ရပ်နေစဉ် မိမိရပ်နေမှန်း သေချာသိပါ”။
                                   “မိမိ လမ်းလျှောက်နေစဉ် မိမိလမ်းလျှောက်နေမှန်း သေချာသိပါ”။
                                   “မိမိ လျောင်းနေစဉ် မိမိလျောင်းနေမှန်း သေချာသိပါ”။
                                   “ဤခန္ဓာကိုယ် အတ္တဘော ရုပ်အပေါင်းစုကို အခြားသော အမူအရာ
                                    တို့ဖြင့် ဆောင်ထားစဉ်၌လည်း ထိုသဘောတို့ကို သေချာသိပါ”။  
         ဟူသော ဣရိယာပုတ်တို့၌ အားထုတ်နည်း စကားတော်မြတ်၊ စားနေစဉ်၊ ရပ်နေစဉ်၊
အ၀တ်အထည်ယူနေစဉ်၊ ကျင်ကြီးကျင်ငယ် စွန့်နေစဉ်၊ ရှေ့ကြည့်နေစဉ်၊ ဘေးကြည့်နေစဉ်
စသည်တို့၌လည်း “သေချာသိ” ပါဟု မိန့်တော်မူသော သမ္ပဇညပဗ္ဗအရ အားထုတ်နည်း စကား
တော်မြတ်တို့ကို အမှီပြု၍ ဟောထားပါသည်။
         တရားအားထုတ်နည်းတို့တွင် သူတော်စင်တို့၏သန္တာန်၌ သတိသမ္ပညတရား သတိနှင့်
ဉာဏ်တို့ ဖြစ်ပေါ်စေရမည်၊ ရှိစေရမည်ဟူသော ဘုရားရှင်၏ စကားတော်ကို ယူ၍ ပညာဉာဏ်ဖြင့်
“သေချာသိ” ၏ ဟူသောစကားရပ်၏ရှေ့၌ သတိဖြင့် “သိ” ရန်ကိုလည်း မိမိက သိသာပေါ်လွင်
အောင် “သိ သေချာသိ” ဟု ပြောပြောသုံးနှုန်းထားပါသည်။
         ဤ “နေစဉ် သတိဉာဏ်ဖြင့် အားထုတ်သောနည်း” ကို တတ်သိနားလည်သွားကြကုန်သော
သူတော်စင်တို့သည် စားသောက် နေထိုင်သွားလာ လှုပ်ရှားခြင်းဟူသော နေ့စဉ် အလုပ်ကိစ္စတို့ကို
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့ဖြင့် နိစ္စဓူဝ အချိန်အားလျော်စွာ ဆောင်ရွက်နေနိုင်ကြ
ကုန်လျက် အသိဉာဏ်ဖြင့် ရုပ်ဓမ္မ၊ နာမ်ဓမ္မ သဘောတို့ကို မိမိတို့၏ ၀ိပဿနာဉာဏ် နေစဉ်အလုပ်
အားလျော်စွာ သိမြင်သဘောပေါက် ကြပါမည်။
         ဘုရားရှင်၏ ပါဠိတော်အရ ဒေသနာတရားစကားတို့သည်ကား လောဘ၊ ဒေါသ၊ မောဟ
တို့ နည်းပါးကင်းကွာ ကုန်ခန်း၍ သတိဉာဏ်စသော သူတော်ကောင်းတရားတို့ကို တိုးတက်များ
ပြား လာစေပါသည်။ ဤသို့ ဟောတော်မူသော ဘုရားရှင်၏ တရားအားထုတ်နည်းတို့ကား
အကျဉ်းအားဖြင့် နည်းပေါင်းရှစ်သောင်းလေးထောင် ရှိပါသည်။ အကျယ်အားဖြင့် ရေတွက်၍
မဆုံးနိုင်ပါ။
         ဘုရားရှင်၏ ပရိယတ္တိနည်းပေါင်းများစွာမှ ပဋိပတ္တိနည်းတို့ကို ထုတ်ယူသုံးစွဲ ကျင့်ကြံကြိုး
ကုတ် အားထုတ်နိုင်ကြကုန်သည်ဖြစ်၍ ဘုရားရှင် မျက်မှောက်ပြု စံဝင်တော်မူသော နိဗ္ဗာန်ချမ်း
သာကိုလည်း တရားချစ်ခင်သူတော်စင်တို့ မျက်မှောက်ပြုနိုင်ကြပါစေ ကုန်သတည်း။
{ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ၏ နေ့စဉ်အလုပ် နေစဉ်လုပ် တရားတော်မှ ကောက်နုတ်
  ရေးသားပူဇော်ပါသည်။}
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
---------------------------
 ဖြစ်ပြီးအဟောင်း၊ တိတ်ဇာတ်ကြောင်းကို၊
   ပြန်ပြောင်းစဉ်းစား၊ မငြီးတွားနှင့်၊
   နောင်ခါဖြစ်လတ်၊ အနာဂတ်ကို၊
   ဇာတ်ကြောင်းတွေးတော၊ စိတ်မမောနှင့်၊
   ဖြစ်ဆဲဧကန်၊ ပစ္စုပန်ကို ဝေဖန်ဉာဏ်ရှု၊
   မျှတမှုဖြင့်၊ ပူမှုကင်းစွာ၊ နေစမ်းပါလော့။
   သို့ပါလေမှ၊ သင့်ဘ၀၀ယ်၊
   ဒုက္ခကင်းစွာ၊ ချမ်းသာလာလိမ့်။
    (ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ)

                   

No comments:

Post a Comment