Monday, October 26, 2015

တရားအားထုတ်တယ်ဆိုတာ။

    ကမ္မဋ္ဌာန်းအားထုတ်တယ်ဆိုတာ ၀စီကံ မဟုတ်ပါ။ ပါးစပ်ကပြောရတဲ့အလုပ် မဟုတ်ပါ။
ခန္ဓာကိုယ် အင်နဲ့အား အသုံးချပြီး လုပ်ရတဲ့အလုပ် မဟုတ်ပါ။ စိတ်နဲ့လုပ်ရမယ့်အလုပ်ဖြစ်ပါ
တယ်။ ခန္ဓာကိုယ်ရဲ့ အနေအထား ဘယ်လိုပဲနေနေ စိတ်က ဆင်ခြင်စဉ်းစားဖို့ လိုပါတယ်။
အိပ်ရင်းလည်း ဆင်ခြင်စဉ်းစားနိုင်ပါတယ်။ လမ်းလျှောက်ရင်းလည်း ဆင်ခြင်စဉ်းစားနိုင်ပါတယ်။

သက်သာသလို ထိုင်ပြီးတော့လည်း ဆင်ခြင်စဉ်းစားလို့ ရပါတယ်။ အဲဒီ ဆင်ခြင်စဉ်းစားမှုဆိုတဲ့
မနောကံဟာ ဘာဝနာလုပ်ငန်းမှာ အဓိကကျပါတယ်။
         အချို့က ကမ္မဋ္ဌာန်းထိုင်တယ် ဆိုတဲ့အခါမှာ posture ကိုယ်ဟန်အနေအထား အတိုင်း
မထိုင်နိုင်ကြပါ။ အဲဒီလိုအကြာကြီး ထိုင်ရင် ဒုက္ခဖြစ်တယ်ဆိုပြီး ကမ္မဋ္ဌာန်းထိုင်ရမှာ ကြောက်နေ
တတ်ကြပါတယ်။ ကမ္မဋ္ဌာန်းထိုင်တယ်ဆိုတာ သမထအလုပ်ကိုလုပ်တဲ့ ကျန်းမာတဲ့ပုဂ္ဂိုလ်တွေ၊
ခန္ဓာကိုယ်ကြံ့ခိုင်တဲ့ ပုဂ္ဂိုလ်တွေသာ မြတ်စွာဘုရား ညွှန်ကြားထားတဲ့အတိုင်း တင်ပလ္လင်ခွေထိုင်၊
ခါးကို မတ်မတ်ထား၊ အာရုံအပေါ် စိတ်ကို စူးစိုက်ပြီးထား ဆိုတာ အာနပါနကျင့်စဉ်တစ်ခုနဲ့ပတ်
သက်ပြီး မြတ်စွာဘုရားက posture ကိုယ်ဟန်အနေအထားကို ဟောတာပါ။ ကမ္မဋ္ဌာန်းထိုင်တယ်
လို့ ပြောပေမယ့်လို့ ကမ္မဋ္ဌာန်းဆိုသည်မှာ မနောကံအရာ စိတ်အလုပ်သာ ဖြစ်ပါတယ်။ physical
posture ဘယ်လိုပဲနေနေ လူ့ရဲ့ position ဘယ်လိုပဲထားထား အရေးအကြီးဆုံးကတော့
စိတ်ပိုင်းဆိုင်ရာမှာ သတိတရားရှိဖို့ပါပဲ။ ဆင်ခြင်ဉာဏ်ဖြစ်ပေါ်ဖို့ အဓိကထားရပါမယ်။
         အဲဒီတော့ မထိုင်နိုင်လို့လည်း စိတ်ပူစရာမလိုပါ။ စိတ်ပူစရာကောင်းတာကတော့ ဟိုတွေး
ဒီတွေး တွေးပြီးတော့ အချိန်ဖြုန်းနေတာပါ။ စိတ်ထဲမှာ ပူနေတာတွေ၊ သောကတွေဖြစ်နေတယ်ဆို
ရင် အဲဒါကမှ စိတ်ပူစရာ ကောင်းတာပါ။ နောင်ရေး တွေးပြီးတော့ စိတ်လေးနေတယ်၊ ဖြစ်ပေါ်နေ
တဲ့ အခြေအနေတွေပေါ်မှာ မကျေမနပ် ဖြစ်နေတယ်၊ ဟိုလူ့အပေါ် စိတ်တိုင်းမကျ၊ ဒီလူ့အပေါ်
စိတ်တိုင်းမကျ၊ အဲဒီလို ကိုယ့်ရဲ့ကျန်းမာရေး အတွက် သောကဖြစ်၊ ပတ်ဝန်းကျင်အတွက် သောက
ဖြစ်၊ အဲဒါကမှ စိတ်မအေးဖြစ်စရာ ကောင်းပါတယ်။
         တကယ်ပြောမယ်ဆိုလို့ရှိရင် မကျန်းမာလည်း စိတ်ပူစရာ မလိုပါ။   ခန္ဓာကိုယ်ကြီး ရ,ထား
တဲ့ ပုဂ္ဂိုလ်တိုင်းဟာ မကျန်းမာမှုဆိုတာ တစ်နေ့လာမှာ၊ လာတဲ့အချိန်မှာ အဲဒီနောက်ကို စိတ်လိုက်မ
သွားဖို့က အရေးကြီးပါတယ်။
         ဒါကြောင့်မို့  နှလုံးသွင်းဆင်ခြင်မှုဟာ အသက်အရွယ်မရွေး ဘယ်ပုဂ္ဂိုလ်ပဲဖြစ်စေ၊ ကျန်း
မာသူပဲဖြစ်စေ၊ မကျန်းမာသူပဲဖြစ်စေ စိတ်အလုပ် သက်သက်ဖြစ်တာဖြစ်သောကြောင့် မိမိစိတ်က
လေးမှာ အကုသိုလ်တွေ မဖြစ်ရအောင်၊ အကုသိုလ်တွေနဲ့ ဆိုင်ရာတွေ မတွေးတောအောင်
ကောင်းတဲ့အာရုံနဲ့ အစားထိုးတာ ဖြစ်တယ်လို့ သိရှိနားလည်ပြီးတော့ ကိုယ့်သန္တာန်မှာ အကုသိုလ်
မဖြစ်အောင် သတိဆောင်၍ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေသတည်း။
 { ၁၃၇၂-ခုနှစ်၊ တပို့တွဲလဆန်း(၃)ရက်၊ ၆-၂-၂၀၁၁၊ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ
  ဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ ထေရ၀ါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဒေါက်တာ အရှင်နန္ဒမာ
  လာဘိဝံသ ဟောကြားသော ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရား- တရား ဒေသနာတော်မှ ကောက်
  နုတ်ရေးသား ပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment