Tuesday, December 8, 2015

သိဒ္ဓတ္ထမင်းသား အလောင်းတော်၏ စေတီတော်



( က ) တာဝတိံသာနတ်ပြည်၌ စူဠာမဏိ စေတီတော်။
( ခ ) အကနိဋ္ဌဗြဟ္မာပြည်၌ ဒုဿစေတီတော် ဟူ၍ နှစ်ဆူ ရှိပေသည်။
( က ) တာဝတိံသာနတ်ပြည်၌ စူဠာမဏိ စေတီတော် တည်ရှိပုံမှာ သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းတော်သည် မင်းသားငယ်၏ မင်းစည်းစိမ် (၁၆)နှစ်၊ မင်းကြီး၏ မင်းစည်းစိမ်ကို (၁၃)နှစ် စံစားပြီး၍ သက်တော် (၂၉)နှစ်တွင် သူအို သူနာ သူသေ ရဟန်း-ဟူသော
နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ ညဥ့်သန်းခေါင်ယံ အချိန်တွင် တောထွက်တော်မူခဲ့လေသည်၊ အနောမာမြစ် တဘက်ကမ်းသို့ ရောက်သောအခါ ရဟန်းပြုရန်အတွက် ဆံထုံးတော်ကို သံလျက်ဓားဖြင့် ဖြတ်၍ မကိုဋ်နှင့်တကွ ဆံထုံးတော်ကို အဓိဋ္ဌာန်ုပြုကာ ကောင်းကင်သို့ မြှောက်တင်လိုက်လေ၏။
မိမိသည် စင်စစ်ဧကန် ဘုရားဖြစ်မည့်သူ မှန်ခဲ့ပါလျှင် မကိုဋ်နှင့်တကွ ဆံထုံးတော်သည် ကောင်းကင်၌ ချိတ်ဆွဲထားသကဲ့သို့ တည်ပါစေ၊
ဘုရားဖြစ်နိုင်သူ မဟုတ်ပါက မြေပြင်သို့ ပြန်ကျလာပါစေ-ဟု အဓိဋ္ဌာန်ပြုကာ မြှောက်တင်လိုက်ရာ တယူဇနာခန့်မြင့်သော ကောင်းကင်၌ တည်နေလေ၏။
သိကြားမင်းသည် နတ်တို့မျက်စိ (ဒိဗ္ဗစက္ခု) ဖြင့် မြင်၍ မကိုဋ်နှင့်တကွ ဆံထုံးတော်ကို ရွှေပန်းတောင်းဖြင့် ဆောင်ယူကာ တာဝတိံသာနတ်ပြည်၌ မကိုဋ်တော်နှင့်တကွ ဆံထုံးတော်ကို ဌာပနာသွင်းကာ အလွန်နှစ်သက်ဖွယ်ရာ ကောင်းလှသော ရတနာ (၇)ပါးတို့ဖြင့် ခြယ်စီကာ စေတီတော်ကို တည်ထားလေ၏။
စေတီတော်၏ ဉာဏ်တော်အမြင့် ပမာဏမှာ (၃)ယူဇနာ မြင့်ပေသည်၊ တယူဇနာလျှင် (၈)မိုင်နှုန်းဖြင့် တိုင်းတာခဲ့သော် (၂၄)မိုင် ဉာဏ်တော်မြင့်ပေသည်၊ မကိုဋ်တော်နှင့်တကွ ဆံထုံးတော်ကို ဌာပနာ ထည့်သွင်းထားသောကြောင့် စူဠာမဏိ-စေတီ-ဟု ခေါ်ကြပေသည်။
( ဆောင်ပုဒ်။ )
စူဠာမဏိ, အမည်ရှိ, တည်ဘိဝတိံသာ၊
ဉာဏ်တော်ပမာ, သုံးယူဇနာ, မှန်စွာမြင့်ပေတာ ။
( ခ) အကနိဋ္ဌဗြဟ္မာပြည်၌ ဒုဿစေတီတော် တည်ရှိနေပုံမှာ-ကဿပမြတ်စွာဘုရားလက်ထက်တော်အခါက သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းတော်နှင့် အလွန်ချစ်ခင်ရင်းနှီးသော ဃဋိကာရဗြဟ္မာကြီးသည် သိဒ္ဓတ္ထ မင်းသား ဘုရားအလောင်းတော် ဆံထုံးကိုဖြတ်၍ ရဟန်းပြုတော့မည့် အဖြစ်ကို မြင်သောကြောင့် တိစီဝရိတ် (သင်္ကန်းသုံးထည်) သပိတ်၊ ဓား၊ အပ်နှင့် အပ်ချည်၊ ခါးပန်း၊ ရေစစ်-ဟူသော ပရိက္ခရာ ရှစ်ပါးကို ယူဆောင်လာ၍ ဘုရားအလောင်းတော်အား ဆက်ကပ်လှူဒါန်းလေ၏၊ အလောင်းတော်သည် ၀တ်လဲတော် ပုဆိုးကိုချွတ်၍ ပရိက္ခရာရှစ်ပါးကို နေရာတကျ ကြည်ညိုဖွယ်ဖြစ်အောင် ၀တ်ရုံလိုက်လေ၏။
( ဆောင်ပုဒ်)
တိစီဝရိတ်, သပိတ်-ဓား-အပ်, ခါးပန်း-ရေစစ်, ရှစ်ခုဖြစ်, စင်စစ် ပရိက္ခရာ ။
ဃဋိကာရဗြဟ္မာကြီးသည် အလောင်းတော်၏ ၀တ်လဲတော်ပုဆိုးကို ယူဆောင်၍ ရူပါဝစရဗြဟ္မာပြည်တွင် အမြင့်ဆုံး အကနိဋ္ဌဗြဟ္မာဘုံ၌ ၀တ်လဲတော်ပုဆိုးကို ဌာပနာသွင်း၍ အလွန်နှစ်သက်စရာကောင်းသော ရတနာတို့ဖြင့် ခြယ်စီကာ စေတီတော်ကို တည်ထားလေ၏၊ စေတီတော်၏ ဉာဏ်တော်ပမာဏမှာ (၁၂)ယူဇနာ မြင့်ပေသည်၊ တယူဇနာ (၈)မိုင်နှုန်းဖြင့် တိုင်းတာခဲ့သော် (၉၆)မိုင် ဉာဏ်တော်အမြင့် ရှိပေသည်၊ ၀တ်လဲတော်ပုဆိုးကို ဌာပနာသွင်း၍ ထားသောကြောင့် ဒုဿစေတီ-ဟု ခေါ်ကြပေသည်။
( ဆောင်ပုဒ် )
ဒုဿမည်ရှိ, စေတီ၏, တည်ရှိကနိဋ္ဌာ ။
ဉာဏ်တော်ပမာ, ဆယ့်နှစ်ယူဇနာ, မှန်စွာမြင့်ပေတာ ။
လူ့ပြည်၌ရှိသော စေတီ ၃-မျိုး
၁။ မြတ်စွာဘုရား၏ သွားတော်, စွယ်တော်, ဆံတော် စသည်များသည် သာရီရိကစေတီ မည်၏။
၂။ မြတ်စွာဘုရား၏ အသုံးအဆောင်ဖြစ်သော ကျောင်းတော်, ပလ္လင်တော်, သလွန်တော်, ဗောဓိပင်, ပရိက္ခရာ
စသည်များသည် ပရိဘောဂစေတီ မည်၏။
၃။ မြတ်စွာဘုရား၏ ကိုယ်စား ပြုလုပ်ထားသော ကျောက်ဆင်းတု, ကြေးဆင်းတု, စသော ရုပ်ပွားတော်များသည်
ဥဒ္ဒိဿကစေတီ မည်၏။
တနည်း စေတီ ၅-မျိုး
၁။ မြတ်စွာဘုရား၏ အသုံးအဆောင် ပရိက္ခရာများကို ဌပနာသွင်း၍ တည်ထားသော စေတီသည် ပရိဘောဂ စေတီမည်၏။
၂။ မြတ်စွာဘုရား၏ ကိုယ်စား ပြုလုပ်ထားသော ကျောက်ဆင်းတု ကြေးဆင်းတု စသော ရုပ်ပွားတော်များသည် ဥဒ္ဒိဿကစေတီမည်၏။
၃။ မြတ်စွာဘုရား၏ သွားတော် စွာ်တော် ဆံတော်စသည်များကို ဌာပနာသွင်း၍ တည်ထားသော စေတီသည် ဓာတုစေတီမည်၏။
၎။ မြတ်စွာဘုရား ဟောကြားတော်မူသော ပဋိစ္စသမုပ္ပါဒ် တရားတော်, ဓမ္မစကြာတရားတော် စသည်များကို ကြေးပြား ရွှေပြား စသည်တို့၌ ရေးသားကာ ဌာပနာသွင်း၍ တည်ထားသော စေတီသည် ဓမ္မစေတီမည်၏။
၅။ ကျောက်တုံး ကျောက်ဖျာ စသည်များ၌ မြတ်စွာဘုရား နင်းချတော်မူထေားသော ခြေတော်ရာများသည် ပါဒစေတီမည်၏။
ဤစေတီ ၃-မျိုး၊ စေတီ ၅-မျိုးတို့သည် လူ့ပြည်၌ ရှိနေကြပေသည်။
(မင်္ဂလာသတင်းစဉ်မှ)

No comments:

Post a Comment