Sunday, February 14, 2016

လက္ခဏာရေး သုံးပါးစလုံးကို ရှု ပြီး မိစ္ဆာဒိဋ္ဌိ ၆၂ ပါးလုံးကို လိုက်သတ်ရမည်လား



ဒကာ။ ။ သာသနာတော်မှာ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးပါးပိုင်းခြားရှုမှတ် ပွားများနိုင်ဖို့ဟာ အရေးအကြီးဆုံးအလုပ်ပဲဟု ဟောကြားကြပါတယ်၊ သုံးပါးစလုံးကိုပဲ လိုက် မှတ်ပွားများနေရမှာလား၊ တစ်ပါးတည်းကိုပဲ မိအောင်မြင်အောင် ရှုမှတ်နေရမှာလား၊ ကျမ်းစာ ကဘယ်လို မှာဆိုပါသလဲ ဆရာတော်။

ဆရာ။ ။ အင်း… အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့ မှတ်ပွားစရာ တရား သုံးပါးကိုတော့ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ ပါးစပ်ဖျားမှာ ပြောဆိုနေကြတာပဲ၊ ဒါပေမယ့် တကယ်ဉာဏ်မြင် ဒိဋ္ဌိစင်အောင်တော့ လုပ်တဲ့သူက နည်းလှပါတယ်၊ ဒီအလုပ်နဲ့စပ်ပြီး အင်္ဂုတ္တရ အဋ္ဌကထာ တတိယတွဲ ၂၅၈ မှာ -
အနိစ္စ လက္ခဏေ ဒိဋ္ဌေ အနတ္တလက္ခဏံ
ဒိဋ္ဌမေ၀ ဟောတိ။
ဧတေသု တီသု လက္ခဏေသု ဧကသ္မိံ ဒိဋ္ဌေ
ဣတရဒွယံ ဒိဋ္ဌမေ၀ ဟောတိ။
အနိစ္စလက္ခဏာတစ်ပါးကို မိအောင် ထိအောင် မြင်အောင် မှတ်ရှုပွားများပါ၊ ယင်းကို မြင်ရင် ဒုက္ခနဲ့ အနတ္တကိုလည်း ထင်မြင်လာတော့တာပဲတဲ့၊ ယင်းသုံးပါးစလုံးကို မှတ်နေစရာ မလိုပါဘူးတဲ့ ဆိုလိုရင်းက…
တစ်ပါးကို ကျ ကြ ဏ န မြင်ရင် ကျန်နှစ်ပါးဟာလည်း ဉာဏ်ထဲမှာ ထင်မြင်လာမှာ ဖြစ် ပါတယ်တဲ့။
ကဲ….ရှင်းရဲ့လား ဒကာကြီးတို့၊ အဲဒါဟာ ကျမ်းစာက ဆိုတဲ့စကားတော်ပဲ။
ဒကာ။ ။ ရှင်းပါတယ် ဆရာတော်၊ ကျေနပ်လှပါတယ် ဘုရား။ 
ဒကာ။ ။ မိစ္ဆာဒိဋ္ဌိ ၆၂ ပါးကို ပယ်ရ သတ်ရမည်၊ လက်မခံရဘူးဟု ဟောကြားနေကြရာ တစ်ပါးစီလိုက်ပြီး ကုန်အောင်သတ်နေရမှာလား၊ တစ်ပြိုင်နက် တစ်ချက်တည်းသတ်လို့ရတဲ့ နည်းများကော မရှိဘူးလား ဆရာတော်၊ ၆၂ ပါးသော မိစ္ဆာဒိဋ္ဌိဆိုတာလည်း ပြောလို့သာ ကြား ရတယ်၊ ဘာတွေမှန်းလည်း မသိရဘူး၊ ရှင်းပြပါဦး ဆရာတော်။
ဆရာ။ ။ ၆၂ ပါးသော မိစ္ဆာဒိဋ္ဌိဆိုတာ သက္ကာယဒိဋ္ဌိက ပေါက်ပွားလာတာတွေချည်း ဖြစ်လို့ သက္ကယဒိဋ္ဌိကို လက်ဦးအစ ပထမသတ်ရမည် ဒကာကြီးတို့၊ သူသေရင် ၆၂ ပါးလုံး သေရောပဲ။
“ဣမာ ခေါ ဂဟပတိ ဒိဋ္ဌိယော သက္ကာယဒိဋ္ဌိယာ
သတိ ဟောန္တိ၊ သက္ကာယဒိဋ္ဌိယာ အသတိ န ဟောန္တိ။
စိတ္တသူကြွယ်၊ ဤ ၆၂ ပါးသော မိစ္ဆာဒိဋ္ဌိတို့ဟာ သက္ကာယဒိဋ္ဌိရှိနေလို့ ဖြစ်ပေါ်နေကြ တာ၊ သက္ကာယဒိဋ္ဌိ မရှိရင် သူတို့လည်း မဖြစ်ပေါ်နိုင်ကြဘူး”
အဲဒီလိုစိတ္တသူကြွယ်ကို ဟောကြားတော်မူသော ဒေသနာတော်အရ သက္ကာယဒိဋ္ဌိတစ်ပါးကို ပယ်သတ်ပစ်လိုက်ရင် ၆၂ ပါးသော ဒိဋ္ဌိတွေလည်း ပြုတ်သွားမှာပေါ့၊ တစ်ပါးစီ လိုက်သတ်နေစရာ မလိုပါဘူး။
၆၂ ပါးသော မိစ္ဆာဒိဋ္ဌိကို သိချင်ရင် ဆရာတော်ရေးပြုတဲ့ သုတေသန သရုပ်ပြ အဘိဓါန် ကျမ်းကြီး မှာ ရှာယူပေတော့။
ဒကာ။ ။ ကောင်းလှပါပြီ ဆရာတော် အမိန့်တော်အတိုင်း ရှာယူပါမည်။ 
http://www.thamameggin.blogspot.com/မှတဆင့်ခံစားတင်ပြသည်။

No comments:

Post a Comment