“ဘယ်ကလာတဲ့စာလဲကွယ့်”
“သီပေါမြို့ ပန်းထိမ်ရပ် ဦးသုခထံကပါဘုရား”
“သြော်-အင်း-အင်း၊ ဟိုကမ္မဝါစာကိစ္စလျှောက်ဖူးတဲ့ ဦးသုခပါလား၊ စာက ဘာတဲ့တုန်းကွယ့်”
“သူ့စာရဲ့ ဆိုလိုရင်းက
ဓမ္မဗျူဟာစာစောင်မှာပါတဲ့ ဆောင်ပါးအမှတ်(၁၂)တွင် ဥပုသ်ချပြီး
ညစာစားသူများကို သစ်ကျုတ်၏ သီလနှင့် ခိုင်းနှိုင်းထားတာကို ဖတ်ရှုရပါသတဲ့၊
မန်လည်ဆရာတော်ဘုရားရေးသားတဲ့ ဝဇီရဂ္ဂ ဒီပနီကျမ်းမှာ မိမိစောင့်နိုင်သမျှ
တစ်အောင့်တစ်ခဏ, တစ်ညတစ်ရက်, တစ်လ, တစ်နှစ်စသည် ဆောက်တည်နိုင်သမျှ
ဆောက်တည်ခြင်းဟာ အကျိုးရတယ်လို့ ပါပါတယ်တဲ့၊ ဒါကြောင့် အချို့နေကုန်အောင်
မစောင့်နိုင်ကြလို့ နေ့ဝက် ညဥ့်ဝက်စောင့်ခြင်းများလည်း ရှိကြပါတယ်၊
သည်လိုတက်နိုင်သလောက် သီလစောင့်ရှောက်ခြင်းများ သင့်မသင့်အကျိုးရှိမရှိ
သိလိုပါသတဲ့ ဘုရား”
“အေးကွယ့် - သူ့အမေးက
မေးသင့်မေးထိုက်တဲ့အမေးပါပဲ၊ လူတိုင်းလည်း အလွန်သိဖို့ကောင်းပါတယ်၊
ဒါကြောင့် သူ့အမေးကို ဂရုတစိုက်အဖြေပေးလိုက်ပါ့မယ်၊ ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ(ပ)
စာမျက်မှာ ၁၈၈-မှာ ပရိယန္တသိက္ခာပုဒ်ဆိုတာကို ဖွင့်ဆိုထားပါတယ်၊
ပရိယန္တာသိက္ခာပုဒ်ဆိုတာ အပိုင်းအခြားရှိသော သိက္ခာပုဒ်လို့ဆိုလိုတယ်၊
သည်နေရာမှာ အပိုင်းအခြား နှစ်မျိုးရှိသကွယ့်”
“အမိန့်ရှိတော်မူပါ ဘုရား”
“ (၁) အပိုင်းအခြားတစ်မျိုးက
သိက္ခာပုဒ်အပိုင်းအခြား၊ (၂) အပိုင်းအခြားတစ်မျိုးက ကာလအပိုင်းအခြားဖြစ်တယ်၊
သိက္ခာပုဒ်အပိုင်းအခြားဆိုတာ မိမိစောင့်ရှောက်မည့်
သိက္ခာပုဒ်အရေအတွက်ကိုဆိုလိုတယ်၊ အချို့သော ဒကာ ဒကာမများဟာ သိက္ခာပုဒ်တစ်ပါး,
နှစ်ပါး, သုံးပါး, လေးပါး, ငါးပါး, ရှစ်ပါး, ဆယ်ပါးအထိ ဆောက်တည်တက်ကြတယ်၊
သာမဏေများကျတော့ ဆယ်ပါးသီလကို ဆောက်တည်တက်ကြတယ်၊ သည်လိုသိက္ခာပုဒ်အရေအတွက်
အပိုင်းအခြားဖြင့် ဆောက်တည်တာကို ‘သိက္ခာပဒပရိယန္တ’ သိက္ခာပုဒ်အပိုင်း
အခြားဖြင့် ဆောက်တည်တယ်လို့ခေါ်တယ်၊ ကာလအပိုင်းအခြားဖြင့်
ဆောက်တည်တယ်ဆိုတာက အချို့သော ဒကာ ဒကာမများဟာ အလှူပေးစဉ်
ပရိဝုဏ်အပိုင်းအခြားအတွင်းမျှသာ သီလဆောက်တည်တက်ကြတယ်၊
ကျောင်းဝင်းအတွင်းရောက်လာကြတဲ့ အချို့သောသူများလည်း
ကျောင်းဝင်းအပိုင်းအခြားအတွင်းနေသမျှ သီလကို ဆောက်တည်တက်ကြတယ်၊
ကျောင်းဝင်းအပရောက်သွားလျှင် သီလကိုမယူတော့ဘူးပေါ့၊ အချို့ကျတော့လည်း
သူ့အသက်သတ်ခြင်းကို တစ်ရက်ရှောင်မယ်၊ တစ်လရှောင်မယ်၊ တစ်နှစ်ရှောင်မယ်၊
သေရည်အရက် ဘိန်းဘင်းကစော် သောက်စားရှူရှိုက်ခြင်းကို တစ်ရက်ရှောင်မယ်၊
တစ်လရှောင်မယ်၊ တစ်နှစ်ရှောင်မယ် စသောအားဖြင့် အချိန်ပိုင်းခြားပြီး
ဆောက်တည်တက်ကြတယ်၊ သည်လိုကာအပိုင်းအခြားဖြင့် ဆောက်တည်သောသီလကို ‘ကာလပရိယန္တသီလ’ လို့ခေါ်တယ်။
ဝိသုဒ္ဓိမဂ်အဋ္ဌကထာ(ပ-၁၁) သီလပ္ပဘေဒကထာ
နှစ်ပါးစုသီလအပြားမှာလည်း (၁) ကာလပရိယန္တသီလ၊ (၂) အာပါဏကောဋိကသီလလို့
သီလနှစ်မျိုးပြားကြောင်းပြဆိုထာတးယ်၊ ထိုသီလနှစ်ပါးအနက် ကာလပရိယန္တသီလ ကို‘ကာလပရိစ္ဆေဒံ ကတွာ သမာဒိန္နံ သီလံ ကာလပရိယန္တံ’ လို့ ဖွင့်ပြထားတယ်၊ အချိန်ကာလအပိုင်းခြားပြီး ဆောက်တည်ကျင့်သုံးအပ်သော သီလသည် ကာလအပိုင်းအခြားရှိသော ကာလပရိယန္တသီလမည်သတဲ့၊ ‘ယာဝဇီဝံ သမာဒိယိတွာ တထေဝ ပဝတ္တိတံ အာပါဏကောဋိကန္တိ’ အသက်ထက်ဆုံး ဆောက်တည်ပြီး ထိုဆောက်တည်သည့်အတိုင်း ကျင့်သုံးသောသီလသည် ‘အာပါဏကောဋိကသီလ’ မည်သတဲ့၊
ယခုပြောခဲ့တဲ့ သီလနှစ်မျိုးအနက် ဗုဒ္ဓဘာသာဝင်များ ကျင့်သုံးဆောက်တည်နေကြတဲ့
ငါးပါးသီလ, ရှစ်ပါးသီလ, ကိုးပါးသီလ, ဆယ်ပါးသီလတို့ဟာ ဘယ်သီလအတွင်း
ပါဝင်တယ်လို့ ထင်မြင်သလဲကွယ့်”
“ယခုဗုဒ္ဓဘာသာဝင်များ
ခံယူကျင့်သုံးကြတဲ့ သီလဟာ တစ်ရက်တစ်သီတင်း, တစ်လ တစ်နှစ်မျှသာ
ခံယူဆောက်တည်ကြတာဖြစ်လို့ ကာလပရိယန္တသီလအတွင်း ပါဝင်တယ်လို့ ထင်ပါတယ် ဘုရား”
“ဟုတ်ပါတယ်ကွယ့်၊
ယခုသီတင်းသည်များအနက် အသက်ထက်ဆုံး ကျင့်သုံးဆောက်တည်ကြမည့် ပုဂ္ဂိုလ်ဟာ
ရှိတော့ရှိမှာပါပဲ၊ ဒါပေမယ့် အလွန်ရှားပါးလိမ့်မယ်၊ ဒါကြောင့် သီလကို
မိမိကျင့်သုံးနိုင်တဲ့ကာလအတွင်း ဆောက်တည်ကျင့်သုံးနိုင်ပါတယ်၊
တစ်အောင့်တစ်ခဏပင်ဖြစ်စေ သီလကျင့်သုံးဆောက်တည်နိုင်ခြင်းဟာ
အလွန်ကျေးဇူးများပါတယ်၊ ဒီဆောင်းပါးအမှတ် ၁၂-မှာ ဆိုလိုတာက
မိမိခံယူဆောက်တည်ထားတဲ့ကာလအပိုင်းအခြားအတွင်း ခံယူထားသောကတိနှင့်အညီ
ကျင့်သုံးနိုင်ဖို့ကိုဆိုလိုတယ်၊ တစ်အောင့်တစ်ခဏဖြစ်စေ, တစ်နာရီ
နှစ်နာရီဖြစ်စေ သည်အချိန်ကာလအတွင်းမှာ မကောင်းမှုကို ရှောင်ကြဉ်ပါ့မယ်လို့
ကတိခံယူထားပြီး မိမိခံယူထားတဲ့ ကတိသစ္စာကို မိမိချိုးဖျက်လျှင်
လောကအနေအထားအားဖြင့်သော်လည်း ကဲ့ရဲ့ထိုက်တယ်၊ အကယ်၍ မိမိခံယူထားသော
ကတိအတိုင်း လိုက်နာကျင့်သုံးခဲ့လျှင် အသက်သေဆုံးသည့်တိုင်အောင်
အချည်းအနှီးမဖြစ်ဘူးကွယ့်”
“ဟာ - ဆရာတော်ကလည်း အသက်သေတဲ့အထိတော့ လွန်သွားပြီထင်ပါတယ်”
“မလွန်ဘူးကိုယ်တော်ရေ့၊ မလပဏ္ဏာသအဋ္ဌကထာ ကောသမ္ဗီသသုတ် အဖွင့်ကလာတဲ့ ရုက္ခစိုးနတ်မင်းအကြောင်း ကြားဖုးတယ်မဟုတ်လား”
“အမိန့်ရှိပါဘုရား”
“ကြားများကြားဖူးသလားလို့ မေးလိုက်ပါတယ်၊ အမိန့်ရှိပါဘုရားဆိုတော့ အင်း - မိန့်ရဦးတော့မှာပ၊ ကဲ- နားထောင်ဗျ၊ နားထောင်”
“ဘုရားရှင်ပွင့်လုကာနီးကာလက
ကောသမ္ဗီပြည်မှာ သူဋ္ဌေးကြီး သုံးဦးရှိကြသတဲ့၊ သူဋ္ဌေးကြီးသုံးဦးဆိုတာက (၁)
ပါဝါရကသူဋ္ဌေးတို့ဖြစ်ကြတယ်၊ သူဋ္ဌေးကြီးသုံးဦးတို့ဟာ ဗုဒ္ဓဘုရားရှင်နှင့်
မကြုံတွေ့ကြဖူးသေးတဲ့အတွက် ဗုဒ္ဓဘာသာဝင်များတော့ မဖြစ်ကြသေးဘူး၊
သို့သော်လည်း ကံ-ကံရဲ့အကျိုးကိုယုံကြည်တဲ့ ကမ္မဿကတာ
သမ္မာဒိဋ္ဌိပုဂ္ဂိုလ်ကြီးတွေဖြစ်တယ်၊ ဒါကြောင့် သူဋ္ဌေးကြီးသုံးဦးတို့ဟာ
ဘဝကူးကောင်းမွန်ရန်အတွက် ရသေ့ငါးရာတို့ကို နှစ်စဉ်လုပ်ကျွေးကြမြဲဖြစ်သတဲ့။
ရသေ့ငါးရာတို့ဟာ ဟိမဝန္တာတောအရပ်မှာ ဆောင်းရာသီ
နွေရာသီပတ်လုံး ကျင့်သုံးနေထိုင်ကြပြီး မိုးရာသီရောက်လာတော့ ဟိမဝန္တာအရပ်မှာ
မိုးကအားကြီးရွာတယ်၊ မိုးအားကြီးရွာတော့ ရွှံ့ဗွက်တွေထူတယ်၊ မှက်,ခြင်,
ကျွတ်စသော ဘေးရန်တွေများပြားတယ်၊ ဒါကြောင့် ဟိမဝန္တာတောက ထွက်ပြီး
မိုးလေးလပတ်လုံး လူတို့ရွာအနီးအပါးမှာ နေထိုင်ကြတယ်၊ သူဋ္ဌေးကြီး
သုံးဦးတို့ဟာ တောပျော်ရသေ့ကြီးငါးရာတို့ကို နှစ်စဉ်နှစ်တိုင်း
လုပ်ကျွေးပူဇော်ကြတယ်။
တစ်နှစ်မှာတော့ နွေလကုန်ဆုံးကာနီး ကဆုန်
နယုန်အချိန်မှာပေါ့ကွယ်၊ ရသေ့များဟာ ဟိမဝန္တာကခွာပြီး လူတို့နေထိုင်ရာ
ကောသမ္ဗီပြည်ကို လာခဲ့ကြတယ်၊ အဲသည်နှစ်မှာ မိုးကခေါင်တော့ ကဆုန် နယုန်မှာ
ရာသီမိုးတောင် မကျဘူးတဲ့၊ မိုးမကျတော့ နေကအလွန်ပူတယ်၊ ခရီးသွားဖြစ်ကြတဲ့
ရသေ့များဟာ ခရီးလမ်းကလည်းကြမ်း၊ နေကလည်ပူပြင်းတော့ အင်မတန်ရေငတ်ကြသတဲ့၊
ရေငတ်ကြသော်လည်း ရေရှာလို့မတွေ့ကြဘူး၊ သို့သော်လည်း ကံတော်ကံညား
အရိပ်အာဝါသနှင့်ပြည့်စုံတဲ့ ညောင်ပင်ကြီးကိုတွေ့ကြတယ်။
အလွန်ပူပြင်းတဲ့အချိန် ညောင်ပင်ကြီးကိုတွေ့ကြတော့
တစ်နည်းအားဖြင့် ဝမ်းသာကြရသေးတာပေါ့၊ ဒါကြောင့် ညောင်ပင်ကြီးအောက်
စုရုံးထိုင်ကြပြီး ညောင်ပင်ကြီးကို မော့ကြည့်ကြတယ်၊ မော့ကြည့်ကြပြီးတော့
သည်ညောင်ပင်ကြီးဟာ သည်တောမှာရှိသမျှ သစ်ပင်တွေထက် စည်လည်းစည်ပင်တယ်၊
သာလည်သာယတယ်၊ နှစ်သက်ဖွယ်လည်းကောင်းတယ်၊ ဤသို့နှစ်သက်ဖွယ်ကောင်းသည်ကို
ထောက်သောအားဖြင့် သည်ပညောင်ပင်စောင့်နတ်မင်းဟာ အလွန်တန်ခိုးကြီးသော
နတ်မင်းဖြစ်ရလိမ့်မယ်။
‘အို - နတ်မင်း၊ အရှင်နတ်မင်းကား
တန်ခိုးကြီးမားလှပါ၏၊ တန်ခိုးကြီးမားသော အရှင်နတ်မင်းသည် ငါတို့ရဲ့
ဆင်းရဲခြင်းကိုမြင်သဖြင့် ကြည်လင်သော ရေကိုလှူပါ၊
ငါတို့အလွန်ရေငတ်နေကြပါတယ်’ လို့ ပြောကြားကြသတဲ့။
ရသေ့တို့ရဲ့စကားကို ပညောင်ပင်စောင့်နတ်ကြားတော့
မိမိကိုယ်ထင်စွာပြပြီး အဖျော်ယမကာနှင့်တကွ ရသေ့များအလိုရှိသော ပစ္စည်များကို
မိမိလက်က ယိုထွက်စေပြီး ရသေ့များကို လုပ်ကျွေးသတဲ့ကွယ်။
ရသေ့များဟာ ဝမ်းမြောက်ဝမ်းသာအံ့သြကြပြီး ‘အိုနတ်မင်း - အရှင်နတ်မင်းကား တန်ခိုးကြီးပေစွ၊ အဘယ်ကောင်းမှုပြုခဲ့၍ ဤမျှတန်ခိုးအာနုဘော် ကြီးမားပါသလဲ’ လို့ မေးမြန်းကြသတဲ့။
ညောင်ပင်စောင့်နတ်မင်းက
‘အရှင်ရေသေ့တို့ - လောကသုံပါး၌ ယခု ဘုရားပွင့်နေပါပြီ၊
ဘုရားရှင်ဟာ ယခုအခါ သာဝတ္တိပြည် ဇေတဝန်ကျောင်းတော်မှာ
သီတင်းသုံးစံနေတော်မူပါတယ်၊ ဘုရားကျောင်းဒါယကာ အနာထပိဏ် သူဋ္ဌေးကြီးဟာ
ဘုရားရှင်အားလုပ်ကျွေးပြုစုပြီး နေ့တိုင်းဆည်းကပ်ကိုးကွယ်ပါတယ်၊
သားသမီးကျေးကျွန်များကိုလည်း တစ်လ လေးသီတင်း ဥပုသ်သီလ
ဆောက်တည်ကျင့်သုံးစေပါတယ်၊ အကျွန်ုပ်ဟာ ယခင်ဘဝက ထိုအနာထပိဏ်သူဋ္ဌေးကြီး၏
လယ်အလုပ်သမားတစ်ဦးဖြစ်ပါတယ်၊ ဥပုသ်တစ်နေ့မှာ အကျွန်ုပ်ဟာ စောစော
လယ်တောရှိရာသွားပြီး လယ်ထွန်ပါတယ်၊ မွန်းတည့်ချိန်လွန်တော့
လယ်အလုပ်ကိုနားထားပြီး ထမင်းစားဖို့ သူဋ္ဌေးအိမ်ကိုပြန်ခဲ့ပါတယ်၊
သူဋ္ဌေးအိမ်ရောက်တော့ ထမင်းချက်ကျွန်မက အကျွန်ုပ်အတွက် ထငမ်းဟင်းများကို
ခူးခပ်ပေးပါတယ်၊ သို့သော်လည်း အကျွန်ုပ်စိတ်ထဲမှာ တစ်မျိုးဖြစ်နေပါတယ်၊
ခါတိုင်းနေ့များမှာဆိုလျှင် ခုလိုထမင်းစားချိန်မှာ ထမင်းစားကြတဲ့
အလုပ်သမားများဟာ ပွဲတမျှ စည်ကားလှပါတယ်၊ သည်ယနေ့တော့ အကျွန်ုပ်တစ်ဦးတည်း
ခြောက်တောက်တောက်ဖြစ်နေတယ်၊ ဒါကြောင့် ထမင်းချက် ကျွန်မကို
အခြားအလုပ်သမားများ ဘယ်သွားကြသလဲလို့ မေးမိတယ်။
ထမင်းချက်ကျွန်မက ‘သည်ယနေ့ ဥပုသ်နေ့ဖြစ်ပါတယ်၊ ဥပုသ်နေ့မို့ အလုပ်သမားများရော အိမ်သားများပါ အားလုံးဥပုသ်စောင့်ကြလို့ ညစာမစားကြပါဘူးလို့’ ပြန်ပြောတော့
အကျွန်ုပ်စိတ်ထဲမှာ ထိတ်ကနဲ့ သံဝေဂဉာဏ် ဖြစ်ပေါ်လာပါတယ်၊
ဥပုသ်နေ့မှာသူတစ်ပါးကတော့ ဥပုသ်စောင့်သုံးကြတယ်၊ ငါကတော့ အလုပ်လုပ်နေတယ်၊
ငါ့ဘဝမှာ အလုပ်လုပ်ရင်းပင် သေရဖို့ရှိတော့တယ်၊ ဘယ်တော့မှ
ဥပုသ်စောင့်ခွင့်ရဖို့ မမြင်ဘူး၊ သူတစ်ပါးတောင် ဥပုသ်စောင့်နိုင်လျှင် ငါက
ဘာလို့ မစောင့်နိုင်ရမှာလဲ၊ ငါလည်း သူများလို ဥပုသ်စောင့်မယ်၊ အဲသည်လို
သံဝေဂဉာဏ်ပေါ်လာတဲ့အတွက် ထမင်းချက်ကျွန်မကို ‘အို
အမိ-ယခုလို မွန်းလွဲချိန်ရောက်မှ ဥပုသ်စောင့်လို့ ဖြစ်မဖြစ် သူဋ္ဌေးကြီးကို
မေးပေးပါ၊ ဥပုသ်စောင့်လို့ဖြစ်လျှင် ကျွန်တော် ဥပုသ်စောင့်သုံးချင်ပါတယ်’ လို့
သူဋ္ဌေးကြီးထံမေးခိုင်းလိုက်ပါတယ်၊ ကျွန်မက သွားရောက်မေးမြန်းတော့
သူဋ္ဌေးကြီးက ဥပုသ်ဆိုတာ ကိုယ်စောင့်နိုင်တဲ့အချိန် စောင့်သုံးနိုင်တယ်၊
နေ့ဝက်စောင့်လျှင်လည်း အကျိုးရှိတာပါပဲလို့ ပြန်ပြောလိုက်တယ်။
အကျွန်ုပ်လည်း သူဋ္ဌေးကြီးရဲ့ အဖြေစကားကိုကြားတော့
ဝမ်းသာသော စိတ်ဖြင့် ဥပုသ်အင်္ဂါများကို ခံယူဆောက်တည်ပြီး မိမိနေရာမှာ သီလကို
ဆင်ခြင်ပြီး အိပ်ပါတယ်၊ ညဥ့်အခါကျတော့ ခန္ဓာကိုယ်မှာ အစာလုံးဝမရှိတဲ့အတွက်
ဝမ်းတွင်းက လေတက်လာပါတယ်၊ တက်လာတဲ့ လေလုံးဆို့တဲ့အတွက်
နံနက်မိုးသောက်ထချိန် စုတိပြတ်ကြွေသေလွန်ပြီး ဥပုသ်နေ့ဝက်မျှ
ဆောက်တည်ကျင့်သုံးခဲ့ရတဲ့ ကောင်းမှုကံကြောင့် သည်ပညောင်ပင်ကြီးမှာ
ညောင်စောင့်နတ်ဖြစ်လာပါတယ်’ လို့ ပြန်ပြောသတဲ့ကွယ်။
“ဒါကြောင့် ဥပုသ်သီလကို
မိမိခံယူထားတဲ့ ကတိကဝတ်အတိုင်း ကျင့်သုံးဆောက်တည်လျှင် သေသည့်တိုင်အောင်
အချည်အနှီးမဖြစ်ဘူးလို့ ပြောတာပေါ့ကွယ့်”
“မှန်ပါ - နေ့ထက်ဝက် ဥပုသ်စောင့်ရတဲ့အကျိုး နားကြားရလို့ ဝမ်းသာပါတယ်၊ ဒါပေမယ့် မဝရေစာစားရသလို နာရတာအဆင်မပြေဘူး ဘုရား”
“ဘာကိုဆိုလိုတာလဲကွယ့်၊ ရှင်းရှင်းပြောစမ်းပါ”
“ဆရာတော် အမိန့်ရှိတဲ့ ဝတ္ထုအကြောင်းက မဆိုးပါဘူး ဘုရား၊ ရသေ့တွေ ဘာဖြစ်သွားကြသေးသလဲလို့ သိချင်နေပါတယ်၊ ဆက်ပြီး အမိန့်ရှိပါဦး ဘုရား”
“သြော် - အဲဒါလား၊ အဲဒီအပိုင်း ယခုအမေးနှင့် မသက်ဆိုင်လို့ ချန်ခဲ့တာကိုး၊ နာချင်လည်း ဆက်ပြောရသေးတာပေါ့လေ”
“အမိန့်ရှိပါဦး ဆရာတော်”
“ရသေ့များဟာ ရုက္ခစိုးနတ်မင်းရဲ့
စကားကို ကြားကြတော့ ဘုရားရှင် သီတင်သုံးရာ သာဝတ္ထိပြည်ကို သွားလိုတဲ့ဆန္ဒ
အလွန်ဖြစ်လာကြသတဲ့၊ သို့သော်လည်း ကောသမ္ဗီပြည်မှာ ငါတို့ရဲ့ ဆွမ်းဒကာများ
ရှိကြသေးတယ်၊ သူတို့ကို အကြောင်းကြားပြီးမှ သွားကြမယ်လို့ အကြံဖြစ်ပြီး
ကောသမ္ဗီပြည်ကို လာခဲ့ကြတယ်၊ ကောသမ္ဗီပြည့်ကို ရောက်တော့
သူဋ္ဌေးကြီးသုံးဦးတို့က ခရီးဦးကြိုဆိုပြီး နောက်တစ်ရက် ဆွမ်းလှူကြတယ်၊
ရသေ့များက ဆွမ်းစားပြီးတော့ သူဋ္ဌေးကြီးများကို ငါတို့ သွားကြမယ်လို့
ပြန်ကြားကြသတဲ့၊ သူဋ္ဌေးကြီးများက -
‘အရှင်တို့ - အရှင်တို့ဟာ ယခင်က တစ်လ နှစ်လ သုံးလ လေးလ ကြာအောင်နေပြီးမှ အရပ်တစ်ပါး ကြွသွားတက်ကြပါတယ်၊ ခုတော့ မြန်လှချည့်လား’ လို့ မေးပြမန်ကြတော့ ရသေ့များက ‘ဒကာတို့-
လောကမှာ ဘုရားပွင့်နေပြီ၊ အသက်အန္တရာယ်ကို မသိနိုင်ဘူး၊ အသက် မသေခင်
ဘုရားရှင်ကို ဖူးမြင်ဖို့ အလွန် အရေးကြီးတယ်၊ ဒါကြောင့် ခပ်မြန်မြန်
သွားလိုကြခြင်းဖြစ်တယ်’ လို့ ပြန်ပြောသတဲ့၊ သူဋ္ဌေးကြီးများက ‘အရှင်တို့ - ဘုရားပွင့်နေလျှင် အကျွန်ုပ်တို့လည်း လိုက်ပါကြပါမည်၊ အကျွန်ုပ်တို့နှင့် အတူတကွ ကြွတော်မူကြပါ’ လို့ လျှောက်ထားကြတယ်၊
ရသေ့များက ‘ဒကာတို့-လူသားဆိုတာ အမှုကိစ္စများပြားတယ်၊ နောက်မှ တဖြည်းဖြည်း လိုက်ခဲ့ကြ၊ ငါတို့ ယခု သွားနှင့်ကြမယ်လို့’ ပြောပြီး
ကောသမ္ဗီပြည်က သာဝတ္ထိပြည်အရောက် တောက်လျှောက်လာကြတယ်၊
ဘုရားရှင်ထံတော်ရောက်တော့ ဘုရားရှင်က ရသေ့များနှင့် သင့်လျော်တဲ့
တရားတော်ကို ဟောကြားတဲ့အတွက် ရသေ့အားလုံး ရဟန်းဝတ်ပြီး တရားအားထုတ်ကြလို့
ရဟန္တာဖြစ်သွားကြသတဲ့ကွယ်”
“သူဋ္ဌေးကြီးတွေ အကြောင်းလည်း ဆက်ပါဦးဆရာတော်”
“သူဋ္ဌေးကြီးသုံးဦးတို့လည်း
လှည်းအစီးပေါင်းငါးရာစီနှင့် လှူဖွယ်ဝတ္ထု အပြည့်တင်ဆောင်ပြီး လာကြရာ
သာဝတ္ထပြည့်ရောက်တော့ ဘုရားရှင်ထံ ဝင်ရောက်လှူဒါန်းပူဇော်ကြသတဲ့၊ ဘုရားရှင်က
သူဋ္ဌေးများနှင့် သင်လျော်တဲ့ တရားတော်ကို ဟောကြားတဲ့အတွက်
သူဋ္ဌေးသုံးဦးတို့လည်း သောတာပန်တည်ကြသတဲ့၊ သောတာပန်တည်ကြပြီးတဲ့နောက်
ဘုရားရှင်ကို ကောသမ္ဗီပြည် ပြန်ရောက်တဲ့အခါ ဘုရားအမှူးရှိသော သံဃာတော်များ
သီတင်းသုံးဖို့အတွက် ဃောသကသူဋ္ဌေးက ‘ဃောသိတာရုံကျောင်းကြီး’ ကို ဆောက်သတဲ့၊ ကုက္ကုဋသူဋ္ဌေးက ‘ကုက္ကုဋာရုံကျောင်းကြီး’ ကို ဆောက်လုပ်သတဲ့၊ ပါဝါရိက သူဋ္ဌေးက သူပိုင်ဆိုင်တဲ့ သရက်ဥယျာဉ်အတွင်းမှာ ‘ပါဝါရိကာရုံကျောင်းကြီး’ဆောက်လုပ်လှူဒါန်းသတဲ့ကွယ်၊ ကဲ - ဆုံးပါပြီဗျာ၊ သဘောကျရဲ့လား”
“မှန်ပါ - သဘောကျပါပြီ ဘုရား”
“သာဓု - သာဓု - သာဓု”
***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) (စာမျက်နှာ - ၁၇၈-၁၈၅) မှ ကောက်နုတ်ပူဇော်ပါသည်။
ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။
(ကပ္ပိယ-မောင်ရဲ)
http://kpymgye.blogspot.com/
https://www.facebook.com/yewin.tun.71
No comments:
Post a Comment