Wednesday, March 8, 2017

သံဃာတော်များ သုံးဆောင်နိုင်သည့် ဖျော်ရည်အမျိုးမျိုး။

                ( အကပ်ခံပြီးနောက် နောက်တစ်နေ့အရုဏ်မတက်မီအချိန်ထိ သံဃာတော်များ သုံးဆောင်နိုင်သည့်
ဖျော်ရည်အမျိုးမျိုး )   သံဃာတော်တို့နှင့် အပ်စပ်သော ဖျော်ရည်ရှစ်မျိုးမှာ  =    ၁။ သပြေသီး  ၂။ သရက်သီး
၃။ သပျက်သီး(မုဒရက်သီး)  ၄။ ဖက်သက်သီး  ၅။ သစ်မည်စည်သီး  ၆။ တောငှက်ပျောသီး  ၇။ အိမ်ငှက်ပျောသီး
၈။ ကြာစွယ်စသည်တို့ကို ဖျော်ရည်ပြုလုပ်၍ သုံးဆောင်နိုင်ပါသည်။
          တစ်ခြားသော မန်ကျည်းဖျော်ရည်၊ ဇီးဖျော်ရည်၊ ရှောက်ဖျော်ရည်၊ သံပုရာဖျော်ရည်၊ လိမ္မော်ရည်တို့သည်လည်း
ဖျော်ရည်ရှစ်မျိုးကဲ့သို့ ပြုလုပ်ရသော အနုလောမ ဖျော်ရည်များအဖြစ် ရဟန်းတော်တို့နှင့်အပ်စပ်ပါသည်။
          သို့သော် မီးနှင့်ချက်ပြီးပြုလုပ်သော ဖျော်ရည်များမှာ ယာဝကာလိကော အမျိုးအစားဖြစ်သွား၍ မွန်းလွဲပြီး
နောက် မသောက်အပ်ပါ။ ထို့အတူ အုန်းနို့၊ ပိန္နဲသီး၊ ဖရဲသီး၊ သခွားသီးစသည်တို့ဖြင့် ပြုလုပ်ထားသော ဖျော်ရည်များ
ကိုလည်း မသောက်အပ်ပေ။
          ရဟန်းတော်များသည် ရေကိုကျိုချက်နိုင်သော်လည်း ကိုယ်တိုင်ဖျော်ရည်ဖျော်ခြင်း၊ စစ်ခြင်းတို့ကို မပြုလုပ်
အပ်ပါ။ ဖျော်ရည်ကို သုံးဆောင်ရာတွင်လည်း အကြောင်းမဲ့သက်သက် အဟာရဖြစ်အောင် သောက်သုံးလျှင်
အပြစ်ရှိပါသည်။ ဆာလောင်မွတ်သိပ်၍သောက်လျှင် အပြစ်မရှိပါ။
          ထို့ကြောင့် အလှူရှင်များ သတိပြုသင့်သည်မှာ မွန်းလွဲပိုင်း ညနေလှူဒါန်းရန် ဖျော်ရည်ပြုလုပ်သောအခါ
ရေစိမ်း၊ ရေအေးဖြင့်သာ ဖျော်စပ်ပါ။ သံဃာတော်များ အမှန်တကယ် ဆာလောင်လောက်သည့်အချိန်မှသာ လှူဒါန်းပါ။
အရုဏ်တက်ချိန်ထိ သုံးဆောင်နိုင်လောက်သော ပမာဏကို ချင့်ချိန်လှူဒါန်းပါ။
          အထူးသတိပြုရန်မှာ တစ်နေ့တည်းကုန်အောင် မသုံးဆောင်နိုင်သော ဖျော်ရည်ပုလင်းများ၊ ဗူးများကို ရဟန်း
တော်များထံသို့ တိုက်ရိုက်မကပ်ဘဲ ကိုရင်၊ ကျောင်းသား၊ ကပ္ပိယများထံတွင်အပ်နှံ၍ အလိုရှိချိန်တွင် ဆက်ကပ်လှူ
ဒါန်းစေခြင်းဖြင့် ရဟန်းတော်များအတွက်လည်း ၀ိနည်းတော်နှင့်အပ်စပ်ပြီး အလှူရှင်များအတွက်လည်း အလှူသန့်
ရှင်းခြင်း အကျိုးထူးကို အမှန်ရရှိစေပါလိမ့်မည်။  ။
{ ဓမ္မစက္ကဦးမောင်မောင်၏ သံဃာတော်များနှင့် ပြောဆိုဆက်ဆံနည်း စာအုပ်မှ ကောက်နုတ်ရေးသားမျှဝေ
  ပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment