အ၀တ်သင်္ကန်း စသည်တို့ကိုလည်း အမျိုးမျိုးလဲလှယ်၍ သာယာနေ၏၊
တနေ့သောအခါ သူ၏များပြားလှစွာသော အ၀တ် သင်္ကန်း မွေ့ရာ စောင် စသည်တို့ကို နေလှန်းစဉ် အခြားရဟန်းတော်များက မြင်သွားကြသည်၊ ထိုအခါ ဘုရားရှင်ရှေ့တော်သို့ ထိုရဟန်းအား ခေါ်ဆောင်သွားပြီး အကြောင်းကို လျှောက်ထားကြကုန်၏။
ဘုရားရှင်က သင်သည်-ရဟန်းဟူသည် အလိုနည်းရမည်၊ ခေါင်းပါးစွာ ကျင့်ရမည်-ဟု ငါဟောကြားနေပါလျက် အဘယ်ကြောင့် ဤမျှများပြားစွာ သိုမှီးသုံးဆောင်ရသနည်း-ဟု မေးမြန်တော်မူသည်၊ ထိုရဟန်းသည် စိတ်ဆိုးသွားကာ ပရိသတ်အလယ်တွင် မတ်တတ်ရပ်လျက် ဧကသီကို ချွတ်၍ ပုံချလိုက်ပြီးလျှင် ဒါဖြင့် ဒီလိုပဲ နေရတော့မှာလား-ဟု ဆိုလျက် သင်းပိုင်တထည်တည်းဖြင့် ရပ်၍နေ၏၊
ဘုရားရှင်က သင်သည် ရှေးယခင် ဘီလူးဘ၀ ဖြစ်စဉ်က ဟိရိသြတ္တပ္ပ တရားရှိသူဖြစ်ခဲ့ပါလျက် ယခု အဘယ်ကြောင့် ဤသို့ မအပ်မရာ ပြုရသနည်း-ဟု မိန့်တော်မူကာ ထိုရဟန်း၏ အတိတ်ဇာတ်ကို ဟောကြားတော်မူ၏၊ ထို့နောက် အောက်ပါဂါထာကို ဟောကြားတော်မူရာ ဗဟုဘဏ္ဍိက ရဟန်းသည် သတိသံဝေဂရပြီးလျှင် ဘုရားရှင်အား ရှိခိုးတောင်းပန်လေသည်။
( ပါဠိဂါထာ )
န နဂ္ဂစရိယာ န ဇဋာ န ပင်္ကာ ၊ နာနာသကာ ထဏ္ဍိလသာယိကာ ၀ါ ။
ရဇောဇလ္လံ ဥက္ကုဋိကပ္ပ ဓာနံ ၊ သောစန္တိ မစ္စံ အ၀ိတိဏ္ဏကင်္ခံ ။
( မြန်မာပြန် )
အ၀တ်မ၀တ်ဘဲ ကျင့်ခြင်းတို့သည်၎င်း၊ ဆံကျစ် အကျင့်တို့သည်၎င်း၊
ရွှံ့ညွန် အလိမ်းလိမ်းကပ်၍ ကျင့်ခြင်းတို့သည်၎င်း၊ အစာဖြတ်၍ အငတ်ကျင့်ခြင်းတို့သည်၎င်း၊
မြေ၌အိပ်၍ ကျင့်ခြင်းတို့သည်၎င်း၊ ပြာဖြူမှုန့် အလိမ်းလိမ်း တင်စေလျက် ကျင့်ခြင်းသည်၎င်း၊
ဆောင့်ကြောင့်ထိုင်၍ ကျင့်ခြင်းသည်၎င်း၊ ၀ိစိကိစ္ဆာမှ မလွတ်မြောက်သေးသော သတ္တ၀ါကို မစင်ကြယ်စေနိုင်ကုန်။
( ဆောင်ပုဒ် )
အ၀တ်မဖုံး၊ ကိုယ်တုံးလုံးဖြင့်၊ ဖွဲ့ထုံးဆံကျစ်၊ ရွှံ့နှစ်လိမ်းကာ၊ အစာဖြတ်လျက်၊ အိပ်စက်မြေပေါ်၊ ချေးညှော်မပျောက်၊ ထက်အောက်မဖြောင့်၊ ဆောင့်ကြောင့်ထိုင်မှု၊ စသည်ပြုကာ၊ ကျင့်နေပါလည်း၊ ရှစ်ဖြာကြောင်းများ၊ ယုံမှားမကွာ၊ သတ္တ၀ါသည်၊ ဘယ်မှာညစ်ကြေး စင်မည်နည်း။
( ဒဏ္ဍ၀ဂ်၊ ဗဟုဘဏ္ဍိကဘိက္ခုဝတ္ထု )
ဗုဒ္ဓဘာသာ မြန်မာပြည် - မှ ပြန်လည် မျှဝေလိုက်ပါတယ်...။
ဆရာတော် ဦးနရပတိ
No comments:
Post a Comment