Thursday, October 19, 2017

တရားသိနေသူ။

     လူတိုင်း လူတိုင်းမှာ မျက်စိရှိနေကြပါတယ်၊ မျက်စိလေး -နှစ်လုံး ဖွင့်လိုက်လို့ရှိရင်
မြင်စရာ အာရုံလေးက မျက်စိထဲမှာ ပေါ်လာပါတယ်၊ ဥပမာ - ပန်းပွင့်ကလေးကို ကြည့်တယ်ဆို
လို့ရှိရင် ပန်းပွင့်ကလေးနဲ့ မျက်လုံးလေး ဆုံလိုက်တဲ့အခါ ပန်းပွင့်ကလေးကို မြင်တယ်ဆိုတဲ့
အသိစိတ်လေး ပေါ်လာပါတယ်။ အဲဒီ မြင်သိစိတ်ကလေး ပေါ်လာတာကို မြတ်စွာဘုရားက
“စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ ” တဲ့၊ စက္ခုံ စ - စက္ခုပသာဒရုပ်ကိုလည်းကောင်း
လောကမှာ မြင်တတ်တဲ့ မျက်စိကလေး၊ ရူပေ စ - အဆင်းအာရုံကို လည်းကောင်း၊ ပဋိစ္စ- အ
ကြောင်းပြု၍၊ စက္ခုဝိညာဏံ- မြင်သိစိတ်ကလေးသည်၊ ဥပ္ပဇ္ဇတိ- ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။
         မြင်သိ စိတ်ကလေး ဖြစ်တယ်ဆိုတာက “ဟေတုပ္ပဘ၀” အကြောင်းကြောင့် ဖြစ်ပေါ်လာ
တဲ့ အကျိုးတရားလေးတစ်ခုပါ၊ အဲဒီ မြင်သိစိတ်ကလေး ဖြစ်ဖို့ရာအတွက် ဒီမှာ အကြောင်းနှစ်ခုကို
မြတ်စွာဘုရား ပြထားပါတယ်၊ မျက်စိရယ် မြင်စရာအာရုံရယ်။ မျက်စိနဲ့ မြင်စရာအာရုံ ဒီနှစ်ခုကို
အကြောင်းပြုပြီး ဟောဒီမြင်သိစိတ်ကလေး ပေါ်လာတာလို့ အကြောင်းနဲ့အကျိုး ဒီနှစ်ခုကို ဟော
တာပါ။ ကဲ.. ဒါဖြင့် မျက်စိမှိတ်ထားမယ် ဆိုလို့ရှိရင် မြင်သိစိတ် မပေါ်ပါ။ မြင်စရာအာရုံ မရှိဘူး
ဆိုရင်လည်း မြင်သိစိတ် မပေါ်ပါ။ မျက်စိလည်းရှိရမယ်၊ မြင်သိစိတ်လည်း ရှိရမယ်၊ မြင်စရာအာ
ရုံနဲ့ မျက်စိဆုံမိတာ ဖြစ်ရပါမယ်၊ အနည်းဆုံး အဲဒီ အကြောင်းနှစ်ခု ပေါင်းဆုံတဲ့ အခါမှာ မြင်မှုဖြစ်
ပေါ်လာပါတယ်။
         သာမန်အားဖြင့် မြတ်စွာဘုရားက ဒီနှစ်ခုဟာ အဓိကအရေးကြီးလို့ မျက်စိနဲ့ မြင်စရာအာရုံ
ဒီနှစ်ခုကိုသာ အကြောင်းအနေနဲ့ သုတ္တန်တွေမှာ ဟောထားသော်လည်း အခြားအကြောင်းတွေလည်း
ရှိသေးပါတယ်။ ဥပမာ-ပန်းပွင့်ကလေးတစ်ပွင့် မြင်ဖို့ရာအတွက်-မျက်စိရှိတယ်၊ ပန်းပွင့်လေးရှိတယ်၊
သို့သော် မျက်စိနဲ့ ပန်းပွင့်ကြားမှာ အမှောင်ဖုံးနေမယ်ဆိုရင် မမြင်နိုင်ပါ။ အဲဒီတော့..အလင်းရောင်
လေးရဲ့ အကူအညီ လိုအပ်လာပါတယ်။ ဒါ့ကြောင့်မို့လို့ ညမှောင်မိုက်ထဲ ခရီးသွားတဲ့အခါ ကျတော့
ဓာတ်မီးကလေးနဲ့ သွားကြရတာဖြစ်ပါတယ်။ ဓာတ်မီးကလေး ထိုးကြည့်မှမြင်ရတာ၊ အဲဒီတော့
အလင်းရောင်လေး ကလည်း အကြောင်းတစ်ခု ဖြစ်လာပါတယ်။ အေး.. ဒါ့ကြောင့်မို့ မျက်စိလည်း
ရှိရမယ်၊ မြင်စရာ အာရုံကလည်း ရှိရမယ်၊ ဟော... အလင်းရောင်လေးကလည်း ရှိရပါမယ်။
         နောက်တစ်ခု သတိထားမိဖို့ လိုသေးတယ်။ “သတိမမူ ဂူမမြင်” တဲ့၊ သတိမူရင် မြူတောင်
မြင်တယ်လို့ ဆိုကြပါတယ်၊ သတိမထားရင်မမြင်တာတွေ အများကြီးပါ၊ အဲဒါကြောင့် မို့   မျက်စိ
ရယ်, အဆင်းအာရုံရယ်, အလင်းရယ်, နှလုံးသွင်းမှုဆိုတဲ့ မနသိကာရရယ်၊ လေးခု
ဖြစ်သွားပါတယ်၊ အဲဒီလေးခုသည် အကြောင်းတဲ့၊ မြင်သိစိတ်ကလေးသည် အကျိုး၊ အကြောင်းကို
မှီတည်ပြီး ဒီအကျိုးတရားလေးကဖြစ်လာတာပါ။ အဲဒီ မြင်သိစိတ်ကလေးဟာ နဂိုတုန်းက မျက်စိ
နဲ့ရူပါရုံ မဆုံခင်က ဘယ်နေရာမှာမှ မရှိပါ။
          ဥပမာတစ်ခုပြောရအောင်၊  ခုခေတ်ဆိုရင်တော့  လူတွေအသိများတဲ့ ဂစ်တာလေးတစ်ခု
ဆိုပါတော့ ဂစ်တာလေးကို တီးမယ်ဆိုလို့ရှိရင် ဂစ်တာထဲမှာ အသံလေးတွေက ဘယ်နားမှာ ရှိနေ
သလဲ၊ ကြိုးထဲမှာလား, အိုးထဲမှာလား, တီးတဲ့လူရဲ့ လက်ထဲမှာလား, ဘယ်မှာမှ ရှိနေတာ မဟုတ်ပါ။
ကြိုးထဲမှာလည်း အသံတွေရှိနေတာ မဟုတ်ပါ၊ အိုးထဲမှာလည်း အသံတွေရှိနေတာ မဟုတ်ပါ၊ တီးတဲ့
လူရဲ့ လက်ထဲမှာလည်း အသံရှိနေတာ မဟုတ်ပါ၊ သို့သော် ကြိုးရယ်, အိုးရယ်, တီးတဲ့လူရယ်သုံးခု
ပေါင်းလိုက်တဲ့အခါမှ အသံထွက်လာတာပါ။
         အဲဒါလိုပဲ မျက်စိ, အဆင်းအာရုံ, အလင်း, နှလုံးသွင်းမှုလို့ ဆိုတာတွေ ပေါင်းလိုက်တဲ့အခါ
မြင်သိစိတ်ကလေး ပေါ်လာတာ၊ နဂိုတုန်းက တစ်နေရာမှာ ရှိနေတာ မဟုတ်ပါ။
         “ ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ၊ တေသံ ဟေတုံ တထာဂတော အာဟ” ။ ဒီနေရာမှာ အကြောင်း
တရားကို ဟောလိုက်တာ၊ ယေ ဓမ္မာ- အကြင် အကျိုးတရားတွေဟာ၊ ဒုက္ခသစ္စာဆိုတဲ့ အကျိုးတရား
တွေဟာ၊ ဟေတုပ္ပဘ၀ါ- အကြောင်းကနေ စတင်ပြီး ဖြစ်လာကြတာပါ၊  အကြောင်းကို  စွဲပြီးတော့
ဖြစ်ကြတာပါ၊ အကြောင်းမရှိဘဲနဲ့ လုံးဝမဖြစ်ပါ။ တို့တစ်တွေသန္တာန်မှာ ဖြစ်နေတဲ့ အရာမှန်သမျှ
အကြောင်းပေါ်မှာ စွဲမှီပြီး ဖြစ်နေတာချည်းပါပဲ၊ အဲဒီ အကြောင်းကို စွဲမှီပြီးတော့ ဖြစ်နေတာ၊ မဖြစ်
ခင်က တစ်နေရာရာမှာ ရှိနေတာ (လုံးဝ)မဟုတ်ပါ။ ဖြစ်ပြီးတော့ရော တစ်ခါထဲ ပျောက်သွားကြ
တာပါပဲ၊ အဲဒါကို အနိစ္စလို့ ခေါ်ပါတယ်။
         “ အဟုတွာ-ဘယ်နေရာမှာမှ ထင်ရှားရှိနေတာ မဟုတ်ဘဲနဲ့၊ သမ္ဘောတိ- အကြောင်းတွေ
ပေါင်းဆုံလို့ ဖြစ်လာရပါတယ်၊ ခုနက မြင်သိစိတ်လေးဟာ ခန္ဓာကိုယ်ထဲမှာ ဘယ်နေရာမှ ရှိနေတာ
မဟုတ်ပါ၊ သို့သော် မျက်စိရယ်, မြင်စရာအာရုံရယ်, အလင်းရောင်ရယ်, နှလုံးသွင်းမှုရယ်၊ အဲဒီ
လေးခု ဆုံလိုက်တာနဲ့ တစ်ပြိုင်နက် မြင်သိစိတ်ပေါ်လာပါတယ်၊ ကြားသိစိတ်၊ နံသိစိတ်၊
လျက်သိစိတ်၊ ထိသိစိတ်၊ ကြံသိစိတ်တွေအားလုံးလည်း ဒီတိုင်းပဲလို့ မှတ်ရပါမယ်။
         ``ဟေတုံ ပဋိစ္စ သမ္ဘူတာ-အကြောင်းရှိတဲ့အခါမှာ ပေါ်လာပါတယ်၊ ဟေတုဘင်္ဂါ နိရုဇ္ဈရေ-
အကြောင်း ချုပ်သွားတာနဲ့ ချုပ်သွားပါတယ်၊ အနိစ္စလို့ ခေါ်ပါတယ်။ အဟုတွာ- ဘယ်နေရာမှာ
ရှိနေတာ မဟုတ်ဘဲနဲ့၊ သမ္ဘောတိ- အကြောင်းတွေ တိုက်ဆိုင်ပြီးတဲ့ အခါမှာ ပေါ်လာပါတယ်၊
ဟုတွာ - အကြောင်းတွေ တိုက်ဆိုင်လို့ ဖြစ်ပေါ်လာပြီးတဲ့ နောက်မှာလည်း၊ ပဋိဝေတိ-ပျောက်ကွယ်
၍သွားတယ်၊ မမြဲပါ၊ မြင်သိစိတ်လေးဟာ သူ့ဟာလေးနဲ့သူဖြစ်ပြီး ပျောက်သွားတာပါ။
       *** မြတ်စွာဘုရားက လူတိုင်းလူတိုင်း သိနိုင်တဲ့ သဘာဝတရားတွေကိုဟောတာဖြစ်ပါတယ်။
ဒီအချက်တွေ ရှုဆင်ခြင်နေတာကိုပဲ တရားအားထုတ်တယ်လို့ခေါ်ပါတယ်။ မျက်စိကြီးမှိတ်ပြီးတော့
ငုတ်တုတ်ကြီး ထိုင်နေမှ တရားအားထုတ်တာမဟုတ်ပါဘူး၊ တရားဓမ္မကို ဆင်ခြင်သုံးသပ်နေလို့ရှိရင်
ဘယ်လိုအနေအထားမျိုးပဲ နေနေ- တရားအားထုတ်တာပါပဲ။ *** မျက်စိမှိတ်ပြီး ငုတ်တုတ်ကြီးထိုင်
ကာ ဟိုတွေးဒီတွေး တွေးနေတယ်ဆိုရင် တရားအားထုတ်တာ မဟုတ်ပါ-  မတရားအားထုတ်နေတာ
ဖြစ်ပါတယ်။
         အေး ဒါ့ကြောင့်မို့ တရားဓမ္မဆိုတာ သဘာဝအတိုင်း မိမိသန္တာန်မှာ ဖြစ်ပေါ်နေတဲ့ အရာတွေကို
ခေါ်တယ်။ အဲဒီ သဘာဝတရားတွေကို ဆင်ခြင်စဉ်းစားပြီးတော့ ရှုမှတ်နေတာပါ။ အဲဒီလို   ရှုမှတ်ပြီး
သဘာဝတရားတွေကို သိနေတာသည်ပင်လျှင် တရားအားထုတ်နေတာဖြစ်ပါတယ်။ တရားသိနေတယ်
လို့ခေါ်ပါတယ်။ ။
          ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေ သူတော်စင်ပရိတ်သတ်တို့တစ်တွေ လူ့ဘ၀ရပြီး
ကံကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ခိုက်မှာ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်ကာ
မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေကုန်သတည်း။
 { ၁၃၆၈ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၈ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၌   အရှင်နန္ဒမာ
   လာဘိဝံသ (Ph.D) ဟောကြားသော ရှစ်ယောက်နှင့် တစ်ယောက် တရားတော်မှ ကောက်နုတ်
         ရေးသားပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment