ဒကာတော်။ ။ တချို့က ပြောကြတယ်ဘုရား။ ရဟန်းဆိုတာ ပိဋကတ် စာပေတွေကို သင်ယူခြင်း၊ ပို့ချခြင်း တာဝန်ဖြစ်တဲ့ ဂန္ထဓုရ၊ တရားအားထုတ်ခြင်း တာဝန် ဖြစ်တဲ့ ၀ိပဿနာ ဓုရ။ အဲဒီ ဓုရနှစ်ဖြာကိုပဲ ကျင့်ကြံ အားထုတ်ရမယ် လို့ ပြောကြတယ် ဘုရား။ ပရဟိတ လုပ်ငန်းတွေဟာ ရဟန်း သံဃာတွေနဲ့ မဆိုင်ဘူး တဲ့ ဘုရား။ အဲဒီ စကားကို တပည့်တော် ဘယ်လို နားလည်ရမှန်း မသိ ဖြစ်နေတယ် ဘုရား။
ဆရာတော်။ ။ အင်း… ဒကာတော်။ ပရဟိတ လုပ်ငန်းတွေဟာ ရဟန်း သံဃာတွေနဲ့ မဆိုင်ဘူး ဆိုတဲ့ စကားဟာ အမှားကြီး မှားတာပေါ့ကွယ်။ ပြောတဲ့လူတွေက ပရဟိတရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်း မသိသေးလို့ ဖြစ်ပါလိမ့်မယ်။
ဒကာတော်။ ။ မှန်ပါ။ ပရဟိတရဲ့ အဓိပ္ပာယ်လေးကို ဆက်ပြီးတော့ မိန့်ပါဦး ဘုရား။
ဆရာတော်။ ။ ဘုန်းကြီး ပြောပြမယ်။ ပရ ဆိုတာ သူတစ်ပါး။ ဟိတ ဆိုတာ အကျိုး။ အဲဒီတော့ ပရဟိတ ဆိုတော့ သူတစ်ပါး အကျိုးပေါ့။ ပရဟိတ အလုပ် ဆိုတော့ သူတစ်ပါး အကျိုးကို လုပ်ဆောင်ပေးတဲ့ အလုပ် လို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ အဲဒီ စကားလုံးရဲ့ ဆန့်ကျင်ဘက်ကတော့ အတ္တဟိတ လေ။ အတ္တ ဆိုတာ မိမိ။ ဟိတ ဆိုတာ အကျိုး။ အတ္တဟိတ ကျတော့ မိမိ အကျိုး ဖြစ်သွားတယ်။
ဒကာတော်။ ။ ဒါဆိုရင် သူတစ်ပါး အကျိုး အားလုံးကို လုပ်ဆောင်ပေးတဲ့ အလုပ်တိုင်း ပရဟိတ လို့ ခေါ်လို့ ရမလား ဘုရား။
ဆရာတော်။ ။ ရတာပေါ့ ဒကာတော်။ တစ်ခုတော့ ရှိတယ်။ သူများအတွက် လုပ်ပေးတယ် ဆိုတာ ကုသိုလ် ဖြစ်စေဖို့ အလုပ်တွေကို ပြောတာနော်။ အကုသိုလ် ဖြစ်စေတဲ့ အလုပ်တွေကို လုပ်ဆောင်ပေးတာ မွန်မြတ်တဲ့ ပရဟိတမှ မဟုတ်ဘဲ။
မြတ်စွာဘုရားဟာ သတ္တ၀ါတွေ အားလုံးရဲ့ အကျိုးအတွက် ဘုရားဖြစ်အောင် ကျင့်ကြံအားထုတ်ခဲ့တယ်။ ဘုရား ဖြစ်လာတော့လည်း သတ္တ၀ါတွေကို သံသရာ ဒုက္ခကနေ လွတ်မြောက်ဖို့ ကယ်တင်ခဲ့တယ်။ အဲဒါတွေ အားလုံးဟာ အများအကျိုးအတွက် ပရဟိတ တွေပါပဲ။
ဒကာတော်။ ။ ဟုတ်တယ် ဘုရား။ မြတ်စွာဘုရားဟာ ကမ္ဘာပေါင်းများစွာ ပါရမီတွေ ဖြည့်ခဲ့ရတာ။
ဆရာတော်။ ။ မြတ်စွာဘုရားက စိတ်မကောင်းတဲ့ လူတွေကိုလည်း စိတ်ကောင်းအောင် ပြုပြင်ပေးနိုင်ခဲ့တယ်။ စိတ်ရိုင်း စိတ်မိုက် ရှိနေသူတွေကိုလည်း စိတ်သန့်စင်အောင် ဆေးကြောပေးခဲ့တယ်။ ရူးနေတဲ့ သူကိုတောင် အရူးပျောက်အောင် ကူညီပေးခဲ့တယ်။ မီးမဖွားနိုင်တဲ့ အမျိုးသမီးကိုလည်း မီးဖွားနိုင်အောင် စီမံပေးခဲ့တယ်။ နတ်ပြည် ရောက်နိုင်တဲ့ သူတွေကို နတ်ပြည်ရောက်အောင် ပို့ပေးခဲ့တယ်။ နိဗ္ဗာန် ရောက်နိုင်တဲ့ သူတွေကိုလည်း နိဗ္ဗာန်ရောက်အောင် ပို့ဆောင်ပေးခဲ့တယ်။ အဲဒါတွေ အားလုံးဟာ မြတ်စွာဘုရားရဲ့ ပရဟိတတွေပါပဲ
ဒကာတော်။ ။ ဘုန်းကြီးကျောင်းတွေမှာ စာချ ဆရာတော်တွေက ပိဋကတ်တော်တွေကို စာသင်၊ စာချ လုပ်ပေးနေတာတွေဟာ ပရဟိတလုပ်နေတယ် လို့ ပြောလို့ ရပါ့မလား ဘုရား။
ဆရာတော်။ ။ ဘုန်းကြီးကျောင်းထဲမှာ ရှိကြတဲ့ ကိုရင်တွေ၊ ဦးပဉ္ဇင်းတွေကို စာသင်၊ စာချ လုပ်ပေးနေတာကလည်း ပရဟိတ အလုပ်တွေပါပဲ။ သာသနာ အကျိုး၊ အများအကျိုးကို ထမ်းဆောင်နေကြတာလေ။ နောင်တစ်ချိန်မှာ အဲဒီ စာသင်သားတွေက မိမိတို့ သင်ယူ တတ်မြောက်ထားတဲ့ တရားဓမ္မတွေကို ဒကာ၊ ဒကာမတွေကို ပြန်ပြီးတော့ ဟောပြောရမှာလေ။ အများ အကျိုးအတွက်ပဲပေါ့။
ဒကာတော်။ ။ ဆရာတော် မိန့်တာ သိပ်မှန်တာပဲ ဘုရား။ တပည့်တော်တို့ အစက ထင်တာ ဘ/က ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေ အဲဒါတွေကိုသာ လုပ်တဲ့ ရဟန်းတွေသာ ပရဟိတ လုပ်ငန်းတွေ လုပ်နေတယ် ထင်တာ။ အခု ဆရာတော် မိန့်တဲ့ အများကောင်းကျိုးတွေကို လုပ်ပေးနေတာ မှန်သမျှဟာ ပရဟိတ ပါပဲ ဆိုတာ သဘောပေါက်ပါပြီ ဘုရား။
ဆရာတော်။ ။ ပရဟိတက ရဟန်းတွေသာမက လူပုဂ္ဂိုလ်တွေလည်း လုပ်နေကြတာပဲ။ မြန်မာနိုင်ငံမှာ ဆိုရင်လည်း လူမှု အဖွဲ့အစည်းတွေ အများကြီးပဲ။ ဒါတွေဟာ ပရဟိတ တွေပဲလေ။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေဟာ ပရဟိတက ရဟန်းတွေနဲ့ မဆိုင်ဘူး။ လူတွေနဲ့ပဲ ဆိုင်တယ်လို့ အမှတ်မှားနေကြတာလေ။
ဒကာတော်။ ။ ဟုတ်တယ် ဘုရား။ တပည့်တော် သိရသလောက်တော့ ဘာသာခြားတွေဟာ ပရဟိတနဲ့ သူတို့ရဲ့ ဘာသာထဲ လူတွေဝင်လာအောင် လုပ်ကြတယ် ဘုရား။
ဆရာတော်။ ။ မြန်မာနိုင်ငံမှာ ပရဟိတကို လုပ်ကြတဲ့ ရဟန်းတွေက တော်တော် နည်းပါးနေသေးတယ်။ အဲဒါ သာသနာရဲ့ ဟာကွက်တစ်ခုပဲ။ ဘုန်းကြီးရဲ့ အမြင်ကို ဒကာကြီးကို ပြောပြမယ်။
ဒကာတော်။ ။ မှန်ပါ။ မိန့်ပါဦးဘုရား။
ဆရာတော်။ ။ ရဟန်းတွေဟာ ပိဋကတ်စာပေတွေ သင်ယူပြီးတာနဲ့ ဒီအတိုင်း အချိန်ဖြုန်းမနေသင့်ဘူး။ စာပြန်ချပေးတဲ့ အလုပ်ကို လုပ်မလား။ ကိုယ့်ရပ်ရွာ ပြန်ပြီးတော့ ရပ်ရွာရဲ့ သာသနာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်မလား။ ဒါမှမဟုတ် ဒကာ၊ ဒကာမတွေရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံ မှာ ဗုဒ္ဓဘာသာ မဖွံ့ဖြိုးသေးတဲ့ နေရာတွေကို သွားပြီး သာသနာ ပြုကြမလား။
အဲဒီလို သာသနာ ပြုနည်း တစ်ခုခု ကိုတော့ ပြုလုပ်သင့်တယ်လေ။ အဲဒီလိုမျိုး မလုပ်ချင်ရင်တော့ တရားစခန်းတွေကို သွားပြီး တရားအားထုတ်နေလိုက်။ အဲဒါလည်း ရတယ်။ ဒီအထဲက တစ်ခုကိုမှ မလုပ်ချင်ဘူး ဆိုရင်တော့ အဲဒီ ရဟန်းဟာ စိတ်တွေ လေလွင့်နေပြီး သာသနာအတွက် အပိုတစ်ဦးပဲ ဖြစ်နေတော့မှာပေါ့။
ဒကာတော်။ ။ တချို့နေရာတွေမှာ ရဟန်းတွေကို တပည့်တော်တွေ့ရတာ အချိန်တွေကို အလကား ဖြုန်းနေသလိုပဲ ဘုရား။
ဆရာတော်။ ။ ဆိုစမ်းပါဦး။ ဘယ်လို အရာမျိုးတွေကို ဒကာတော်က တွေ့လို့တုန်း။
ဒကာတော်။ ။ တချို့ မြို့တွေမှာ ရဟန်းတွေက ချဲတွက်တယ်။ ဘောလုံးပွဲတွေ ကြည့်ပြီး လောင်းကြတယ်။ ဗေဒင်ဟောတယ်။ အဲဒီလိုမျိုး လူလုပ်တဲ့ အလုပ်တွေ လိုက်လုပ်နေကြတယ် ဘုရား။ ကိုယ့်နိုင်ငံ သာသနာတိုးတက်အောင် မစဉ်းစားဘဲ သာသနာ ဘာဖြစ်ဖြစ် ငါနေချင်သလို နေမယ် ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်မနေဘူးလား ဘုရား။ အဲဒါ သာသနာကို ညစ်နွမ်းအောင် လုပ်နေတာလို့ တပည့်တော် မြင်မိတယ် ဘုရား။
ဆရာတော်။ ။ ဒကာတော်ပြောတာတွေကို ဘုန်းကြီး အပြည့်အ၀ ထောက်ခံပါတယ်။ ဘုန်းကြီး မိဘမဲ့ ကလေးတွေ ရှာဖို့ ခရီးထွက်တုန်းက ရွာတစ်ရွာကို ရောက်တယ်။ အဲဒီရွာက ဘုန်းကြီးကျောင်းမှာပဲ ညကို ကျိန်းလိုက်ရတယ်။ အဲဒီ ရွာကျောင်းက ဘုန်းကြီးတွေဟာ ဘုရားဝတ်တက်တဲ့ အချိန်ပဲ ဘုရားဝတ်တက် ကြတယ်။ ကျန်တဲ့ အချိန်တွေကတော့ ချဲနဲ့ ဘောလုံးကိုပဲ စိတ်ဝင်စားနေကြတယ်။ သူတို့ရွာမှာ ဘာသာခြားတွေ လာစည်းရုံးလို့ ကိုယ့်ရွာသား ဗုဒ္ဓဘာသာတွေ ဘာသာခြား ဖြစ်ကုန်တာကို စိတ်မ၀င်စားကြဘူး။
ဒါနဲ့ အဲဒီအကြောင်းတွေကို ဘုန်းကြီးက သူတို့ကို ပြောပြတော့လည်း သူတို့က စိတ်မ၀င်စားကြပြန်ဘူး။ ပြောပြတဲ့ ဘုန်းကြီးပဲ အလကား အလုပ်လာပြီး အလုပ်ရှုပ်တယ်လို့ ထင်နေတယ်။
ဒကာတော်။ ။ အဲဒီရွာက ဘုန်းကြီးတွေက သာသနာဘက်မှာ စိတ်မ၀င်စားတာလား ဘုရား။
ဆရာတော်။ ။ အဲဒါလည်း ပါတယ်လေ။ အဓိက ကတော့ သာသနာကို ကြည်ညိုတဲ့ သဒ္ဓါတရား ခေါင်းပါးနေကြလို့ပဲ ကွဲ့။ နောက်တစ်ခုက အမျိုး၊ ဘာသာ၊ သာသနာကို ချစ်တဲ့ စိတ် မရှိကြလို့ပေါ့။
ဒကာတော်။ ။ ဆရာတော် အခုမိန့်တာ အချက်နှစ်ချက် တွေ့ရတယ်ဘုရား။ ပထမက သဒ္ဓါတရား၊ နောက် ဒုတိယက အမျိုး၊ ဘာသာ၊ သာသနာ ချစ်တဲ့ စိတ်ဓာတ်။ ဟုတ်တယ် မဟုတ်လား ဘုရား။
ဆရာတော်။ ။ ဟုတ်တာပေါ့ ဒကာတော်။ ရဟန်းတစ်ပါးဟာ အနည်းဆုံး အဲဒီ အချက်နှစ်ချက် ပြည့်စုံနေရင် သာသနာပြုမယ့် စိတ်ဓာတ်တွေ တဖွားဖွား ဖြစ်လာတော့တာပဲ။ အမှန်တော့ ရဟန်းဆိုတာ ကိုယ်ပိုင် စီးပွားရေး ရှိကြတာမဟုတ်ဘူး။ ဒကာ၊ ဒကာမတွေ လှူဒါန်းတဲ့ ပစ္စည်းလေးပါးနဲ့ သင့်တင့်အောင် သီတင်းသုံးနေထိုင် ရတာလေ။
ဒကာ၊ ဒကာမတွေ လှူဒါန်းတာကလည်း ရဟန်းတွေ သာသနာ အကျိုးကို ပိုပြီးတော့ ထမ်းဆောင်နိုင်အောင်လို့ လှူကြတာလေ။ သာသနာ အလုပ်ကို မလုပ်ဘဲ လူအလုပ်တွေ လုပ်နေရင် အဲဒီ ရဟန်းဟာ ဒကာ၊ ဒကာမတွေဆီက ပစ္စည်းလေးပါးကို လိမ်ပြီးတော့ ယူနေတာနဲ့ အတူတူပါပဲ။ ငရဲ ကျဟေ့ ဆိုရင် အဲဒီ ရဟန်းကတော့ ရှေ့ဆုံးကပေါ့။
ဒကာတော်။ ။ ဆရာတော် မိန့်မှပဲ တပည့်တော်တောင် ရဟန်းဘ၀နဲ့ နေရမှာ ခန့်လန့်လန့် ဖြစ်လာတယ် ဘုရား။
ဆရာတော်။ ။ လန့်စရာတော့ မဟုတ်ပါဘူး ဒကာတော်။ ကိုယ့်ဝိနည်း စည်းကမ်းလေးနဲ့ နေထိုင်ရင် အပြစ်မဖြစ်ဘဲ ကုသိုလ်တောင် ရပါသေးတယ်။
ဒကာတော်။ ။ ဒါနဲ့ အစောနက ဆရာတော် မိန့်တဲ့ ပရဟိတ အလုပ်တွေကို လုပ်နေကြတဲ့ ရဟန်းတွေဟာ တော်ရုံတန်ရုံ စိတ်ဓာတ်တွေနဲ့ လုပ်လို့ မရဘူးနော် ဘုရား။
ဆရာတော်။ ။ ဟုတ်တယ် ဒကာတော်။ စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံ မုချ အောင်ပွဲစံ ဆိုတဲ့ မင်းကွန်းဆရာတော်ကြီးရဲ့ ဆုံးမ သြ၀ါဒကို လက်ကိုင်ထားရတာပေါ့။ ဒကာ၊ ဒကာမတွေကလည်း ပရဟိတ အလုပ်တွေကို လုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေကို အားတက်သရော လှူဒါန်းသင့်ပါတယ်။ ရဟန်းတွေကလည်း အချိန်တွေကို အလကား မဖြုံန်းဘဲ ပရဟိတလုပ်ငန်းတွေ များများ လုပ်ကြဖို့ လိုအပ်တယ်။ ဒါမှသာ ဘုန်းကြီးတို့ ဗုဒ္ဓသာသနာဟာ အဓွန့်ရှည် တည်တံ့ နိုင်တော့မှပါ။
ဒကာတော်။ ။ စကားပြောကောင်းနေလိုက်တာ အခု ဆွမ်းချိန်ရောက်ပြီ ဘုရား။
ဆရာတော်။ ။ အင်း…ဟုတ်သားပဲ။ ဒကာတော် လှူတဲ့ ဆွမ်းတွေနဲ့ ဒကာ၊ ဒကာမတွေအားလုံးကို မေတ္တာပို့ပြီး ဘုဉ်းပေးလိုက်ဦးမယ်။ နောက်မှပဲ ထပ်ပြီး ဆွေးနွေးကြတာပေါ့နော်။
ဒကာတော်။ ။ ကျေးဇူးတင်ပါတယ် ဘုရား။
No comments:
Post a Comment