ကြားဖူးနားဝ ၊ သုတလောက်ငံ ၊ စုံပြည့်လျှံအောင် ၊ နာခံမှတ်သား ၊
သင်ကြားကြံမေး ၊ ဆွေးနွေးဆောင်ပြု ၊ ရတိုင်းစုလော့ ။ ။

' မဟာ စုန္ဒထေရ်ဧ။် မိန့်ကြားချက် '
သုဿူသာ သုတဝဒ္ဓနီ --
မိမိနားဖြင့် ကြားသိထားသော အသံများကို စေ့စေ့စပ်စပ် နားထောင်ခြင်းသည်
' သုတ ' ကို တိုးပွားစေနိုင်သည် ။

သုတံ ပညာယ ဝဒ္ဓနံ --
စုဆောင်းထားသော ' သုတ ' သည် အသိဥာဏ်ပညာကို တိုးပွားစေနိုင်သည် ။

ပညာယ အတ္တံ ဇာနာတိ --
အသိဥာဏ်ပညာဖြင့် အကြောင်း ၊ အကျိုးကို ခွဲခြားသိနိုင်ဧ။် ။

ဥာတော အတ္တော သုခါဝါဟော --
အကြောင်း နှင့် အကျိုး ကို ခွဲခြားသိမြင်မှ မိမိတို့လိုလားသည့် ချမ်းသာသုခ
အမျိုးမျိုးကို ရရှိအောင် ဆောင်ရွက်နိုင်ပေမည် ။

ဓမ္မသေနာပတိ အရှင်သာရိပုတ္တရာထေရ်ဧ။် ညီတော် ' မဟာစုန္ဒထေရ် ' မိန့်ကြားထားသော
ဂါထာဧ။် ဆိုလိုရင်းမှာ လောကီသာမက လောကုတ္တရာ ချမ်းသာအထိ ပြီးစီးနိုင်ပါသည် ။

' သဒ္ဒာ ပညာရှင်တို့ဧ။် မိန့်ဆိုချက် '
ကုသလာ ကုသလေ ဓမ္မေ မနတိ ဇာနာတီတိ မနုေဿာ --
ကုသိုလ် အကုသိုလ် ဆိုတာကို ပိုင်ပိုင်မိမိ ခွဲခြားသိမြင်တတ်လို့ " လူ " ဟုခေါ်သည် ။

ကာရဏာ ကာရဏံ မနတိ ဇာနာတီတိ မနုေဿာ --
အကြောင်းဟုတ်သည် မဟုတ်သည်ကို ပိုင်ပိုင်မိမိ ခွဲခြားသိမြင်တတ်လို့ " လူ " ဟုခေါ်သည် ။

အတ္တာ နတ္တံ မနတိ ဇာနာတီတိ မနုေဿာ --
အကျိုးရှိသည် မရှိသည်ကို ပိုင်ပိုင်မိမိ ခွဲခြားသိမြင်တတ်လို့ " လူ " ဟုခေါ်သည် ။

ဤမိန့်ဆိုချက်များကို နှလုံးမူကာ " ကုသိုလ် , အကုသိုလ် ၊ အကြောင်းဟုတ်သည် , မဟုတ်သည် ၊
အကျိုးစီပွား ရှိသည် , မရှိသည်တို့ကို တွေးခေါ်မြော်မြင်တတ်သော ဥာဏ်အမြင်ရှိမှသာ "လူ" ဟူ၍
ခေါ်ဝေါ်ကြရမည် ဖြစ်သည် ။

' ဘဒ္ဒန္တ ကုမာရထေရ်ဧ။် မိန့်ကြားချက် '
စာဖတ်တယ်ဆိုတာ မိမိဖတ်တဲ့ စာအုပ်ထဲမှာ ရေးထားတဲ့အတိုင်း လျှောက်ဖတ်သွားရုံနဲ့ မပြီးသေးဘူး ၊
ဒီစာပေကို ဖတ်သောအားဖြင့် ' ဒီစာအုပ်ထဲမှာ ကျင့်သုံးလိုက်နာစရာတွေ ဗဟုသုတ ယူစရာတွေ
ဘာတွေပါသလဲ ' ဆိုတဲ့ သဘာဝဓမ္မကို နားလည်အောင် သိအောင်ဖတ်ရတယ် ၊ စာပေကို အမှတ်တမဲ့
မဖတ်ရဘူး ၊ မှတ်သင့်မှတ်ထိုက်တာတွေပါရင် မှတ်ရတယ် ၊ အရာရာမှာသတိနဲ့ ပြုမူဆောင်ရွက်ရတယ် ၊
သတိမပါရင် ဘာပဲလုပ်လုပ် အမှားအယွင်း အချွတ်အချော်တွေချည်းပဲ ။

လူ့လောကအလယ်မှာနေရင် ရှိသင့်ရှိထိုက်တဲ့ ဗဟုသုတဆိုတာ ရှိကိုရှိထားရမယ် ၊ ဗဟုသုတ ကလည်းမရှိ ၊
စူးစမ်းမှု ဥာဏ်ပညာကလည်းမရှိဘူးဆိုရင် လူတွေထဲမှာ လူအလူနဖြစ်ပြီး လူတွေနောက်မှာ နေရလိမ့်မယ် ၊
ဗဟုသုတလည်းရှိမယ် လုပ်သင့်လုပ်ထိုက်တဲ့ အခြေအနေနဲ့ အချိန်အခါကိုလည်း ကြည့်ပြီးလုပ်မယ်ဆိုရင်
လောကီ , လောကုတ္တရာ လုပ်ငန်းတွေကို အောင်မြင်ပြီးမြောက်နိုင်တယ် ။

အခွင့်အရေးပေးတဲ့အချိန်မှာ ဥစ္စာရဖို့ရယ် ၊ ကုသိုလ်ရဖို့ရယ် ၊ ပညာရဖို့ရယ် ၊ ဒါတွေကို ဦးစားပေးပြီးတော့
ဆောင်ရွက်ရမယ် ၊ မိမိရဲ့ လိုအပ်ချက်တွေကို လိုအပ်ရင် လိုအပ်သလို ပြုပြင်ပေးရမယ် ၊ ကြိုးစားအားထုတ်
ရမယ် ၊ နိုးကြားတက်ကြွတဲ့ 'ဇာဂရိယ'ဂုဏ်နဲ့ ပြည့်ပြည့်ဝဝ အလုပ်လုပ်ရမယ် ၊ အဲဒါမှ မိမိတို့လူရာဝင်မှာ ၊
လူရာဝင်အောင် အလုပ် လုပ်တဲ့သူဟာ လူ့လောကအလယ်မှာ အထက်တန်းကျကျနဲ့ နေနိုင်ထိုင်နိုင်တယ် ၊
ဒီလိုအထက်တန်းကျကျ နေနိုင်ထိုင်နိုင်ဖို့ကလည်း ကုသိုလ်၊ ပညာ၊ ဥစ္စာ၊ ဒါတွေကို ရအောင်ရှာနိုင်မှ ဖြစ်မှာပါ ။

" သယံ ဇညာ ကတာကတံ " တဲ့ - လူဆိုတာ မိမိကိုယ်မိမိ အမြဲတမ်း ဝေဖန် သုံးသပ်နေဖို့လိုတယ် ၊
" မနေ့ကထက်စာရင် ဒီနေ့အတွက် ငါ့မှာ ဘာတွေတိုးတက်မှုရှိလာသလဲ ၊ မနေ့ကထက် ဒီနေ့မှာ ငါ့မတွက်
ဘာတွေ ဆုတ်ယုတ်သွားသလဲ ၊ လုပ်သင့်လုပ်ထိုက်တာတွေရော ပြုလုပ်ပြီးပြီလား ၊ လုပ်စရာတွေ ဘာရှိသေးလဲ "
စတဲ့ တစ်နေ့တာကုန်ဆုံးသွားတဲ့ အချိန်အတွက်ကို မိမိကိုယ်ကိုမိမိ ပြန်လည်စိစစ်ရမယ် ၊ ဝေဖန်သုံးသပ်ရမယ် ၊
အဲဒီလို မိမိကိုယ်မိမိ ဝေဖန်သုံးသပ်ပြီးတော့ တိုးတက်မှုမရှိသေးရင် တိုးတက်လာအောင် ၊ ဆုတ်ယုတ်သွားရင်လဲ
အဲဒီဆုတ်ယုတ်မှုတွေကို တိုးတက်မှုနဲ့ ပြောင်းလဲသွားအောင် အစားထိုးပေးရမယ် ။

လူတော်ဆိုတာ သူ့နေရာနဲ့သူ လုပ်တတ်ကိုင်တတ်၊ ပြောတတ်ဆိုတတ်၊ စီစဉ်ညွှန်ကြားတတ်တဲ့သူဖြစ်တယ် ၊
လူကောင်းဆိုတာကတော့ သုစရိုက်တရားတွေနဲ့ ကောင်းတဲ့လုပ်ငန်းစဉ်တွေကို အခြေခံပြီး ပြောဆိုပြုလုပ်
ကြံစည်သူဖြစ်တယ် ၊ တော်လဲတော်တယ်၊ ကောင်းလဲကောင်းတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကို လူတော်လူကောင်းလို့
ဆိုလိုတာ ၊ အဲဒီအတိုင်း မဖြစ်ဖြစ်အောင် အားထုတ်ကြရမယ် ၊ ဘယ်လိုဘဝမျိုးပဲနေနေ လူတော်လူကောင်း
တစ်ယောက်ဖြစ်လာဖို့ အင်မတန်အရေးကြီးတယ် ၊ ဒါမှ လူချစ်လူခင် လူရိုသေခံရပြီး လူ့အထက်တန်းမှာရှိနေမယ် ။

အားထုတ်မှု မရှိဘဲနဲ့တော့ အောင်မြင်မှုဆိုတာလဲ ဘယ်နည်းနဲ့မှ မရနိုင်ဘူး ၊ အောင်မြင်မှုရဲ့အထွတ်အထိပ်ကို
ရောက်ချင်တဲ့သူဟာ စွန့်လွှတ်မှု ၊ စွန့်စားမှု တွေရှိနေမှ မိမိရောက်ချင်တဲ့အထွတ်အထိပ်ကိုရောက်နိုင်တာ ၊
အချိန်တွေကို စွန့်လွှတ်ရမယ်၊ အပျော်အပါးတွေကို စွန့်လွှတ်ရမယ်၊ မိသားစု , လူမှုကိစ္စတွေကိုစွန့်လွှတ်ရမယ်၊
မိမိရဲ့ အကျိုးတွေကို စွန့်လွှတ်ရမယ်၊ နောက်ဆုံး မိမိရဲ့အသက်ကိုတောင် စွန့်သင့်ရင် စွန့်နိုင်ရမယ်၊ လောကီအတွက်ရော
လောကုတ္တရာအတွက်ရော အောင်မြင်ချင်ရင်တော့ စွန့်လွှတ်သင့်တာကို စွန့်လွှတ်ပြီး စိုက်စိုက်မတ်မတ် တစ်ဖြောင့်တည်း
ကြိုးစားအားထုတ်ရလိမ့်မယ်၊ ဒီလိုအားထုတ်တဲ့အခါ သက်ဆိုင်ရာ ' ဗဟုသုတ ' ရှိထားမှ လိုရာပန်းတိုင်ကို ဆိုက်ဆိုက်
မြိုက်မြိုက် ရောက်နိုင်မှာဖြစ်တယ် ၊ ဒါကြောင့် စာဖတ်ပါ၊ မှတ်သားပါ၊ လိုက်နာပါ၊ ဆွေးနွေးမေးမြန်းကြပါ၊ ဘဝကို
ပေါ့ပေါ့တန်တန်နဲ့ အချိန်တွေ ဖြုန်တီးမပြစ်ဖို့ စေတနာဖြင့်တိုက်တွန်းဆော်သြလိုက်ရပါသည် ။
မြန်မာလူငယ်တိုင်း မိမိအကျိုး၊ နိုင်ငံ့အကျိုး များကို စွမ်းအားပြည့် ဆောင်ရွက်နိုင်ကြပါစေ ။ ။

ဘဒ္ဒန္တ ကုမာရထေရ်ဧ။် အဆုံးအမ သြဝါဒ စာပန်းချီ မှ ထုတ်နှုတ်ဖေါ်ပြပါသည် ။
No comments:
Post a Comment