ကုသိုလ် အကုသိုလ် အနည်းအများပေါ်မူ၍ လည်းကောင်း၊ ကုသိုလ်အကုသိုလ် ဖြစ်ချိန်အနည်း အများ ပေါ်မူ၍လည်းကောင်း၊ ခံစား စံစားကြရသည့် ဘုံဘ၀များ ကွဲပြားသွားသည်။ စုစုပေါင်း (၃၁)ဘုံ ရှိပါသည်။ ကုသိုလ်အားလျှော်စွာ ခံစားစံစားရသော ဘုံ (၂၇)ဘုံရှိပြီး၊ အကုသိုလ်အကျိုးပေးရာဘုံ (၄)ဘုံရှိပါသည်။
အကုသိုလ်အကျိုးပေးရာ (၄)ဘုံမှာ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံနှင့် ငရဲဘုံဟူ၍ လေးဘုံရှိ၏။ ထိုတွင် ငရဲဘုံတွင် အကုသိုလ် အနည်းအများပေါ်မူတည်၍ခံစားရသော ငရဲ အမျိုးအစား (၈)မျိုး ကွဲသွားပြန်သည်။ ထိုငရဲ ရှစ်ထပ်တွင် တစ်ထပ်စီ၌ တစ်မျက်နှာတွင် ဘင်ပုပ်ငရဲ၊ ပြာပူငရဲ၊ လက်ပံတော့ငရဲ၊ ကြိမ်ပိုက်ချောင်းင၇ဲ ဟူ၍ အရံငရဲ လေးခုရှိပြီး လေးမျက်နှာပေါင်းတွင် အရံ ငရဲ (၁၆) ခုရှိပါသည်။ ထို့ကြောင့် ရှစ်ထပ်တွင် စုစုပေါင်းအရံငရဲငယ် (၁၂၈)ထပ်ရှိပါသည်။ ထိုငရဲဘုံတွင် ကောင်းမှုကုသိုလ်ပြုလုပ်ခွင့်မရပါ။ မဂ်တရားဖိုလ်တရားရရန် အခွင့်အလမ်းမရှိပါ။ ထို့ကြောင့် ရပ်ပစ်ရှစ်ပါးတွင် တစ်ပါးအပါသွင်းထားခြင်းဖြစ်သည်။( တိရစ္ဆာန်၊ ပြိတ္တာနှင့် အသူရကာယ် တို့သည်လည်း မဂ်ဖိုလ်ရရန် အခွင့်မရှိပါ၊ ငရဲနှင့် အတူတူပင်ဖြစ်သည်)
လူ့ဘုံသည် ကောင်းမှုရော မကောင်းမှုပါ ပြုလုပ်ခွင့်ရှိသည်၊ ရွေးချယ်ခွင့်ရှိသည်။ အောက်ဆုံး အ၀ီစိမှ အထက်ဘ၀ဂ်ဖြစ်သော နေ၀သညာနာသညာယတနဘုံ (နေ၀သင်ညာ နာသင်ညာဟုဖတ်ပါရန်) အထိ သုံးဆယ့်တစ်ဘုံတွင်း ကြိုက်ရာဘုံသို့ သွားနိုင်သော ဘုံဌာနဖြစ်ပေသည်။ ထို့ပြင် သုံးဆယ့်တစ်ဘုံမှ လွတ်ရာ နိဗ္ဗာန် သို့လည်း ရောက်အောင်ကြိုးစားသွားနိုင် သောနေရာထူးကြီးလည်းဖြစ်ပေသည်။
နတ်ပြည် (၆)ထပ်သည် ကောင်းမှုကုသိုလ်၏ အကျိုးကို ခံစားစံစားရာ နေရာဌာနဖြစ်သောကြောင့် ချမ်းသာစွာ နေထိုင်ရသော်လည်း ကောင်းမှုကုသိုလ်ပြုခွင့်မရချေ။ ဗြဟ္မာ(၂၀)ဘုံသည်လည်း ဈာန်ကုသိုလ်၏ အကျိုးပေးရာ ဌာနဖြစ်သဖြင့် ဗြဟ္မာကြီးများသည် ဈာန်ချမ်းသာဖြင့်သာ နေကြပေသည်။ ထိုဗြဟ္မာ(၂၀)တွင် သုဒ္ဓါဝသ (၅)ဘုံတွင် အရိယာဗြဟ္မာများ နေထိုင်ကြသည်။ ကျန်(၁၅)ဘုံတွင် ပုထုဇဉ်ဗြဟ္မာနှင့် အရိယာဗြဟ္မာ များနေထိုင်ကြပေသည်။
No comments:
Post a Comment