Friday, November 9, 2018

ဘုရားရှင်ရသော ဉာဏ်သုံးဉာဏ်

၁။ ပုဗ္ဗေနိဝါသဉာဏ် (ညဥ့်ဦးယံတွင်ရတော်မူသည်။)

၂။ ဒိဗ္ဗစက္ခုဉာဏ် (သန်းခေါင်ယံတွင်ရတော်မူသည်။)

၃။ အာသ၀က္ခယဉာဏ် (မိုးသောက်ယံတွင်ရတော်မူသည်။)

    ပုဗ္ဗေနိဝါသဉာဏ်ဆိုတာက ဘ၀ပေါင်းများစွာကို မြင်နိုင်တဲ့ဉာဏ်ကိုခေါ်တာ၊ အဲဒီဉာဏ်တော်နဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုကြည့်လိုက်မယ်ဆိုရင် တစ်ဝီထိလို့ခေါ်တဲ့ မျက်စိတမှိတ် လျှပ်တပြက်
အချိန်ကာလလေးမှာ အဲဒီပုဂ္ဂိုလ်ရဲ့ဘ၀ပေါင်း ကမ္ဘာသိန်းချီပြီးမြင်နိုင်တယ်လို့ဆိုပါတယ်။


(မျက်စိတမှိတ် လျှပ်တပြက် အချိန်သည် တစ်စက္ကန့်၏ လေးဆယ့်ရှစ်ပုံတစ်ပုံအချိန်နှင့်ညီမျှသည်) 
အဲဒီလို ဉာဏ်တော်နဲ့ ကြည့်လိုက်လို့ ဘုရားရှင်ရဲ့သက်တမ်းသာကုန်သွားမယ် သတ္တ၀ါတစ်ဦးဦးရဲ့ အစကို မတွေ့နိုင်ဘူးတဲ့။ သံသရာအဲလောက်တောင်ရှည်လျားတယ်။ ဒါကြောင့် သတ္တ၀ါတစ်ဦးရဲ့ အစကို ပုဂ္ဂိုလ်သတ္တ၀ါအနေနဲ့ မဟောနိုင်ဘူးတဲ့၊ ဓမ္မအနေနဲ့သာ အ၀ိဇ္ဇာနဲ့ တဏှာက စတယ်လို့သာ ဟောခဲ့တာ ဖြစ်ပါတယ်တဲ့။

    ဒိဗ္ဗစက္ခုဉာဏ်ဆိုတာက နတ်မျက်စိကဲ့သို့ လျှင်မြန်စွာ ထိုးဖောက်မြင်နိုင်တဲ့ ဉာဏ်ကိုပြောတာပါ။ တောင်တွေကမ်းပါးတွေကိုလည်းဖေါက်ထွင်းမြင်နိုင်တယ်၊ ကမ္ဘာမြေကြီးထုကိုလည်း ဖေါက်ထွင်းမြင် နိုင်တယ်။ အခြားစကြ၀ဠာတွေကိုလည်း ဖောက်ထွင်းမြင်နိုင်ပါတယ်။

အာသ၀က္ခယဉာဏ်ဆိုတာကတော့ အကြောင်းအကျိုးတရားဖြစ်တဲ့ ပဋိစ္စသမုပ္ပါဒ်တရားတော် ကြီးကို ထိုးထွင်းသိမြင်နိုင်တဲ့ဉာဏ်ဖြစ်ပါတယ်။ သတ္တ၀ါတွေ အ၀ိဇ္ဇာ မသိတာကစပြီး ဇရာမရဏ အဆုံးတိုင်အောင် ဆက်ခါဆက်ခါလည်နေရတဲ့ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းသံသရာကြီးကို အစမှ အဆုံးတိုင် ရှင်းရှင်းလင်းလင်း ထိုးထွင်း သိမြင်နိုင်တဲ့ ဉာဏ်ဖြစ်ပါတယ်။ အဲဒီ အာသ၀က္ခယဉာဏ်ရပြီးမှသာ ဘုရားဖြစ်တယ်လို့ ဥဒါန်းကျူးရင့်တာဖြစ်ပါတယ်။

No comments:

Post a Comment