မိမိက
ထိုပုံကို ကြည့်ကာ `ဘာအဓိပ္ပါယ်ကို ရည်ရွယ်ပြီး ဆွဲထားတာလဲ´ ဟု မေးဖြစ်၏။
ဒီတိုက်ထဲက ရှေးကျောင်းကြီးရဲ့ တံခါးမှာ တွေ့လို့ သဘောကျတာနဲ့
ဆွဲခိုင်းထားတာ အဓိပ္ပါယ်ကတော့
`ဗာလံ န ပေဿ န သုဏေ၊ န စ ဗာလေန သံဝသေ။
ဗာလေ နာလ္လာပသလ္လာပံ ၊ န ကရေ န စ ရောစယေ။´
ဆိုတဲ့ ဘုရားလောင်းရဲ့ ဆုတောင်းကို ရည်ရွယ်တယ်လို့ ထင်တာပဲ။ ဆရာတော်ကြီးကို လျှောက်ထားကြည့်တော့လည်း ဟုတ်လောက်ပါတယ်- လို့ မိန့်တယ်။
ဖြစ်နိုင်ပါသည်၊ ကိုပညာပြောသဖြင့် `ပညာယှိရှင်၊ လူမိုက်သွင်ကို၊
မမြင်ရထိုက်၊ သူမိုက်စကား၊ မကြားစလို၊ သူမိုက်ကိုယ်နှင့်၊ ထိုထိုတကွ၊
မပေါင်းရလျှင်း၊ ပြောရုံခြင်းမျှ၊ ကင်းရစေသား၊ ဆုလေးပါးကို၊ သိကြားထံမှာ၊
ပန်ထွာအထူး၊ တောင်းကြဘူး၏။´(ပိုဒ်ရေ၊၂၃၉) ဟူသော မဃဒေ၀လင်္ကာစာပိုဒ်ကို
သတိရမိ၏။
“စက္ခုမဿ ယထာ အန္ဓော၊ သောတ၀ါ ဗဓိရော ယထာ။
ပညာဝဿ ယထာ မူဂေါ၊ ဗလ၀ါ ဒုဗ္ဗလောရိဝ။
အတ္တအတ္ထေ သမုပ္ပန္နေ၊ သယေထ မတသာယိတံ။”
“ကမ္မဋ္ဌာန်းစီးဖြန်းသော
ယောဂီပုဂ္ဂိုလ်သည် မျက်စိရှိလျက်လည်း ကန်းသူကဲ့သို့ ဖြစ်ရာ၏။
နားရှိလျက်လည်း နားပင်းသူကဲ့သို့ ဖြစ်ရာ၏။ ပညာရှိလျက်လည်း သူအကဲ့သို့
ဖြစ်ရာ၏။ အားရှိလျက်လည်း အားနည်းသူကဲ့သို့ ဖြစ်ရာ၏။
ကိုယ်ကျိုးဖြစ်ပေါ်လတ်သော် သူသေအိပ်ခြင်းကဲ့သို့ အိပ်ရာ၏။” ဆိုတာနဲ့လည်း
ကိုက်ညီမှု ရှိတာပဲ-ဟု အာဂန္တုဦးဇင်းတစ်ပါးကလည်း မှတ်ချက်ပြု၏။
ထိုကိုယ်တော်က ဆက်လက်၍ “တပည့်တော်တွေ့ဖူးတဲ့ပုံက မျောက်ကလေး သုံးကောင်ရဲ့
ပုံပါ”ဟု ပြောရာ ကိုပညာက “ဟုတ်တယ်၊ တပည့်တော်က တမင်
လူပုံပြောင်းဆွဲခိုင်းထားတာ”ဟု ပြော၏။
မျောက်ပုံဆိုရင်တော့ ဇာတ်တော်တစ်ခုရှိတယ်။ ဂရဟိတဇာတ်ဆိုတာ၊ အဲဒီမှာ
ဘုရားလောင်း မျောက်မင်းဘ၀က မုဆိုးတစ်ယောက်က ဘုရားလောင်းမျောက်မင်းကို
ဖမ်းပြီး ဗြဟ္မဒတ်မင်းကြီးကို ဆက်သတယ်။ လူထဲမှာ အနေကြာတော့ လူ့အထာနပ်ပြီး
လုပ်ကိုင်တတ်တဲ့ ဘုရားလောင်းမျောက်မင်းကို ဘုရင်က သဘောကျပြီး သူ့နေရပ်ကို
ပြန်ပို့ခိုင်းတယ်။ မျောက်မင်းပြန်ရောက်လာတာသိတော့ တခြားမျောက်တွေက
ကျောက်ဖြာကြီးတစ်ခုမှာ စုပြီး ဘုရားလောင်းကို နှုတ်ဆက်ပွဲ
ကြိုဆိုပွဲလုပ်ကြတာပေါ့။ အဲဒီမှာ မျောက်တွေက ၀ိုင်းမေးကြတာ
“ဘယ်ရောက်သွားတာလဲ၊ ဘယ်လိုလွတ်လာတာလဲပေါ့” “ဘုရင့်နန်းတော်ရောက်သွားတာ၊
ဘုရင်ကြီးက သူ့ကို သဘောကျလို့ ပြန်လွှတ်ပေးတာ ဆိုတော့၊
လူတွေအကြောင်းပြောပြပါဆိုပြီး ၀ိုင်းတောင်းဆိုကြတယ်။ “ဟာ လူတွေအကြောင်းတော့
မပြောချင်ဘူး၊ မမေးကြပါနဲ့”ဆိုတော့ ပိုပြီးသိချင်ကြတာပေါ့။ အဲဒီမှာ
အတင်းအကြပ်မေးတော့ ပြောပြတာက …
“လူတွေက နေ့တိုင်းပဲ
ဒါငါ့ရွှေ ငါ့ငွေနဲ့ ပြောပြောနေကြတယ်၊ အနိစ္စသဘော ဒုက္ခသဘောတွေ မသိကြဘူးပေါ့။
အိမ်တွေမှာဆိုလည်း အိမ်ရှင်က နှစ်ယောက်ရှိတယ်တဲ့၊ တစ်ယောက်က
မုတ်ဆိတ်လည်းမရှိဘူး၊ ဆံထုံးနဲ့ နားပေါက်နဲ့တဲ့၊ သူ့ကို ငွေကြေးအများကြီး
အကုန်အကျခံပြီး ခေါ်ထားရတာတဲ့၊ သူက အိမ်မှာဆိုလည်း တပျစ်တောက်တောက်နဲ့
အလုပ်သမားတွေကို တစ်ချိန်လုံး ဆူဆဲကြိမ်းမောင်းနေတာပဲတဲ့။”
အဲဒီလိုပြောတော့ တခြားမျောက်တွေတွေက“မာ ကထေထ, မာ ကထေထ - မပြောပါနဲ့တော့
မပြောပါနဲ့တော့၊ မကြာဝံ့မနာသာ ရှိလိုက်တာ”ဆိုပြီး နားနှစ်ဖက်ကို
ပိတ်ထားကြတယ်တဲ့။ အဲဒီကျောက်ဖြာကြီးကို မကြားသင့်တာတွေ ကြားရတဲ့နေရာဆိုပြီး
မကြည့်ချင်တော့လို့ တခြားအရပ်ကို ထွက်သွားကြတယ်တဲ့” ဟု မိမိက ပြောပြရာ
ကိုပညာက သဘောကျနေ၏။
အာဂန္တုကိုယ်တော်က
ဒီမျောက်သုံးကောင်နဲ့ ပတ်သက်ပြီး တခြားတရုတ်ပုံပြင် ဂျပန်ပုံပြင်တွေလည်း
ရှိသေးတယ်။ ဆယ့်ခုနှစ်ရာစုကတည်းက ဂျပန်နိုင်ငံ နီကိုမြို့မှာရှိတဲ့
တိုရှိုဂူနတ်ကွန်းမှာ အဲဒီမျောက်သုံးကောင်ရုပ်ကို သစ်သားပန်းပုလက်ရာနဲ့
ရုပ်လုံးဖော်ထား တယ်တဲ့။
“See no evil, hear no evil,
speak no evil” ဆိုတဲ့စကားဟာ ဂန္ဓီကြီးတို့တောင် သိပ်သဘောကျတဲ့စကားပေါ့။
ဒါပေမယ့် တပည့်တော်တို့ ဗုဒ္ဓဘာသာမှာ တစ်ခုပြဿနာ ဖြစ်နေတာက အဲဒီတိရစ္ဆာန်တွေ
စကားပြောတဲ့ကိစ္စပဲ။
“သိပ္ပံပညာ၏ ချီတက်မှုသည် ဗုဒ္ဓ၀ါဒ၏
အောင်ပွဲရမှုပင်ဖြစ်သည်။ သိပ္ပံပညာ၏ အသစ်တွေ့ရှိချက်များသည် ဗုဒ္ဓ၀ါဒအား
အကောင်းဆုံး သက်သေပြချက်များသာ ဖြစ်သည်။” ဆိုတဲ့ (ဆာ့ဟရီ ဆင်ဂိုး)ရဲ့
စကားကို အပြည့်အ၀ထောက်ခံပြီး ဂုဏ်မယူရဲဘူး ဖြစ်နေတယ်”ဟု ပြောပါသည်။
မိမိက “ဒါကတော့ အရှင်ဘုရားရယ်၊ တချို့အရာတွေက လတ်တလော သက်သေမပြ
နိုင်တိုင်း မဖြစ်နိုင်ဘူးလို့ ပြောလို့မှမရတာ။ လွန်ခဲ့တဲ့
နှစ်ပေါင်းနှစ်ထောင်ကျော်က ဒီနေ့ခေတ်မှာ ပေါ်ပေါက်နေတဲ့
ရုပ်ဝတ္ထုပစ္စည်းတွေအကြောင်းကို ကြိုပြောခဲ့မယ်ဆိုရင် ယုံနိုင်စရာတောင်
မရှိဘူး။ ဇာတ်တော်တွေဆိုတာက ခေတ်ကာလအမျိုးမျိုး ကမ္ဘာအမျိုးမျိုးမှာ
ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ပြန်ဟောထားတာပဲ။ တပည့်တော် လေ့လာထားမိသလောက်
ပြောရရင် တစ်ချို့ဇာတ်တွေမှာ တိရစ္ဆာန်တိုင်း လူစကားပြောတတ်တာမဟုတ်ဘူး။
သုဝဏ္ဏမိဂဇာတ်မှာ ဘုရားလောင်း ရွှေသမင်ဘ၀ရောက်တုန်းက မုဆိုးထောင်ထားတဲ့
ကျော့ကွင်းတစ်ခုမှာ မိတယ်။ ဘုရားလောင်းရဲ့ အော်သံကြားတော့ သမင်တွေ
ထွက်ပြေးကြတယ်။ ဘုရားလောင်း သမင်မင်းရဲ့ မယားဖြစ်တဲ့ သမင်မလေးက
သူ့လင်သားနားက မခွါပဲနဲ့ မုဆိုးလာသည့်အထိ စောင့်ပြီး
မုဆိုးကိုတောင်းပန်တယ်။ အဲဒီမှာ မုဆိုးက အံ့သြပြီး “တိရစ္ဆာန်ဖြစ်ပေမယ့်
ကိုယ့်လင်သားကို အသက်စွန့်ပြီး ကယ်တင်တယ်၊ လူ့ဘာသာစကားကိုလည်း
ပြောတတ်တယ်”ဆိုပြီး လွှတ်ပေးတယ်။ အလားတူဇာတ်တော် တပည့်တော်ရှာတွေ့ထားတာ
ခုနစ်ဇာတ်လောက်ရှိတယ်။
(၁။ ရုရုမိဂဇာတ်၊ ၂။
သိင်္ဂါလဇာတ်၊ ၃။ အဿကဇာတ်၊ ၄။ သုဝဏ္ဏမိဂဇာတ်၊ ၅။ သာလိကေဒါရဇာတ်၊ ၇။
စူဠဟံသဇာတ်၊ ၈။ သုဝဏ္ဏသာမဇာတ်၊)
နောက်တစ်ခုက
တိရစ္ဆာန်တွေက သူတို့ဘာသာဘာဝ သူတို့စကားနဲ့ပြောတာပဲ အဲဒါကို
“သဗ္ဗရုတညူ”လို့ခေါ်တဲ့ မန္တာန်အစွမ်းနဲ့သိတာ။ အဲဒီလိုဇာတ်က တပည့်တော်တွေ့တာ
ငါးဇာတ်လောက်ရှိတယ်။ တပည့်တော် နမူနာတစ်ခုပြောပြမယ်။
သတပတ္တဇာတ်ဆိုတာမှာ ဘုရားလောင်းက ကာသိကဆိုတဲ့ ရွာငယ်လေးတစ်ရွာမှာ
လူဆိုးဗိုလ်ဖြစ်နေတယ်။ ဗာရာဏသီပြည်က သူဌေးတစ်ယောက်က ကျေးလက်က လူတစ်ယောက်ကို
ငွေတစ်ထောင်ချေးထားပြီး ပြန်မတောင်းရသေးခင် ကွယ်လွန်သွားတယ်။ နောက်ကြာတော့
သူ့ဇနီးလည်း သေလုဆဲဆဲဖြစ်လာလို့ သူ့သားကို အကြွေးသွားတောင်းဖို့
လွှတ်လိုက်တယ်။ သူ့သားအကြွေးသွားတောင်းနေတဲ့အချိန်မှာ အမေဖြစ်သူက
ကွယ်လွန်ပြီး သားကို ချစ်တဲ့ဇောနဲ့ သားပြန်လာမယ့်လမ်းမှာ ဥပပတ်ပဋိသန္ဓေနဲ့
မြေခွေးမ သွားဖြစ်တယ်။
ကြွေးတောင်းရာက ပြန်လာတဲ့သားက
ဘုရားလောင်းလူဆိုးဗိုလ်ရှိတဲ့ တောအုပ်ကို ဖြတ်ပြန်ရမှာ၊ အဲဒါကို မြေခွေးမက
တောအုပ်ထဲကို မ၀င်ဖို့ အန္တရာယ်ရှိတယ်ဆိုတဲ့ သဘောနဲ့ ဟန့်တားတယ်။ သူက
မြေခွေးစကား နားမလည်တော့ ရှုပ်တယ်ဆိုပြီး ခဲနဲ့ထုတယ်တဲ့။ အဲဒီအချိန်မှာ
ခေါက်ရှာငှက်တစ်ကောင်က “အဲဒီလူမှာ ငွေတစ်ထောင်ပါတယ်။ သူ့ကို သတ်ပြီး
ယူကြလို့” အော်တယ်တဲ့။
အဲဒီငှက်ကိုကျတော့ သူက မင်္ဂလာငှက်လို့ ယူဆပြီး “အရှင် မြည်ပါဦး မြည်ပါဦး” ဆိုပြီး လက်အုပ်ချီတယ်တဲ့။
ဘုရားလောင်းလူဆိုးဗိုလ်က သဗ္ဗရုတညူ မန္တန်တတ်တော့ သိတယ်။ မြေခွေးမက လူငယ်ရဲ့
အမိဖြစ်နိုင်တယ်၊ ခေါက်ရှာငှက်ကတော့ ရန်သူဖြစ်နိုင်တယ်လို့
ခန့်မှန်းမိတယ်။ ဒါကြောင့် လူငယ်ဖမ်းပြီး အကျိုးအကြောင်း မေးတော့
သူထင်တဲ့အတိုင်းပေါ့။
သင်က ကိုယ့်အကျိုးကို လိုလားတဲ့
မိခင်ကိုကျတော့ အကျိုးမဲ့လိုလားသူလို့ ထင်ခဲ့တယ်။ အကျိုးမဲ့ကို လိုလားတဲ့
ခေါက်ရှာငှက်ကိုကျတော့ အကျိုးစီးပွား လိုလားသူလို့ မှတ်ယူခဲ့တယ်။ စသည်ဖြင့်
ဆုံးမပြီး ပြန်လွှတ်လိုက်တယ်တဲ့။
ခရပုတ္တဇာတ်ကို
ဖတ်ကြည့်ရင် အဲဒီမန္တန် ဘယ်ကလာတယ်ဆိုတာပါ သိရလိမ့်မယ်။ ပရန္ထပဇာတ်၊
မဟာဗောဓိဇာတ်၊ မစ္ဆဇာတ်တွေမှာလည်း ဖတ်ကြည့်နိုင်တယ်။ တိရစ္ဆာန်တွေက
သူ့တို့စကား သူတို့ပြောတာပဲ၊ အဲဒါကို မန္တာန်တန်းခိုးနဲ့ နားလည်တာပေါ့။
နောက်တစ်မျိုးကတော့ တိရစ္ဆာန်တွေရဲ့ အဖြစ်အပျက်ကို ဘုရားရှင်က သဗ္ဗညုတ
ဉာဏ်တော်ကြီးနဲ့ သိရှိပြီး ပြန်လည်ဖော်ထုတ် ဟောကြားထားတာတွေပေါ့။
နောက်တစ်ခုက တပည့်တော်တွေးကြည့်တာ လူနဲ့ တိရစ္ဆာန် အပြန်အလှန်
နားလည်ပြောဆိုနိုင်တဲ့ ခေတ်ကာလ တစ်ခုလည်း ရှိကောင်းရှိနိုင်တယ်လို့
ထင်တာပဲ။
“လောကစိန္တာ ဘိက္ခဝေ အစိန္တေယျာ န စိန္တေတဗ္ဗာ”
ဆိုတဲ့အတိုင်း လောကကြီး အကြောင်းက ထူးဆန်းလွန်းလို့ မကြံအပ်
မစည်အပ်ဘူးလို့တောင် ဆိုထားတယ် မဟုတ်လားဘုရား။
နောက်ပြီး သိပ္ပံပညာရဲ့ အသစ်တွေ့ရှိချက်တွေကြောင့် ဗုဒ္ဓဘာသာကျမ်းစာတွေနဲ့
တလွဲတချော် ကပြောင်းကပြန်ဖြစ်ပြီး အရှက်ရတယ်ဆိုတာမျိုး သိပ်မရှိပါဘူး။
တခြားဘာသာတွေနဲ့သာ ဆန့်ကျင်တာပါ။ အဲဒါကြောင့်လည်း ဗုဒ္ဓဘာသာကို သိပ္ပံနည်းကျ
ဘာသာလို့ ချီးကျူးကြတာပေါ့။
ဥပမာ အိန္ဒိယက
သိပ္ပံပညာရှင်နှစ်ဦးက မဟာဗောဓိပင်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က
အပင်ဟုတ်မှန်ကြောင်း ထောက်ခံကြတယ်။
အနောက်တိုင်းသိပ္ပံပညာရှင်တွေက တရုတ်ပြည်က ဗုဒ္ဓစွယ်တော်ကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးတဲ့အခါမှာ…
(၁) ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၆၀၀) ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့
(၂) လူသားတဦးရဲ့ သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့
(၃)
၎င်းသွားထဲမှာပါတဲ့ DNA (Deoxyribo Nucleic Acid) ဟာ သာမန်လူသား တဦးရဲ့ DNA
နဲ့ မတူဘဲ Supreme Lord (အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ်
ကောက်ချက်ချပါတယ်တဲ့။
ကောက်ချက်ချပါတယ်တဲ့။
ဒါ ၂၀၁၂ ခုနှစ် အတွင်းမှာ စမ်းသပ်မှုတွေနော်။ အင်တာနက်မှာ တွေ့တာ၊ ကဲ
ဆာ့ဟရီ ဆင်ဂိုးရဲ့ စကားကို ဂုဏ်ယူချင် ယူလို့ မရသေးဘူးလား။
ဒါပေမယ့် အဲဒီလို အပေါ်ယံကိစ္စတွေကတော့ လက်မခံချင်သူအဖို့ ငြင်းမယ်ဆို
ငြင်းလို့ရပါတယ်။ တပည့်တော်ကိုတော့ လာမငြင်းနဲ့နော်။ မျောက်တွေလို
မျက်စိပိတ် နားပိတ် ပါစပ်းပိတ်ထားမှာ။
အရှင်ကောဝိဒ (ယော)
http://www.myatpanyagon.com/ မှတဆင့်ခံစားတင်ပြသည်။မူကြိုဆရာ၏ဘလော့များကို www.damanady.tk တွင်လဲဖတ်ရှုနိင်သည်။
No comments:
Post a Comment