သိကြားသာသနာ
ဒီကလေး
လူကြီးကိုဘယ်လို ပြောလိုက်တာလည်း၊ ချောက်မှန်းကမ်းမှန်းလည်း နားမလည်ပါလား။
မင်းတို့ငရဲကြီးမယ်ကွ အခုကသိကြားသာသနာ ဘုရားသာသနာလိုမဟုတ်ဘူး၊
ဘုရားကခွင့်လွှတ်ပေမဲ့ သိကြားက ခွင့်မလွှတ်ဘူး။ ဒါလည်း နားလည်မှာမဟုတ်ပါဘူး
မယုံကြတဲ့ခေတ်လူငယ်တွေ ဖြစ်မှသိမယ်” ဟု အိမ်နားက လူကြီးတစ်ယောက်က
သူ့တူလုပ်သူအား ဆုံးမနေပုံကို ကျွန်တော်နားထောင်ရင်း ဘာရယ်မဟုတ်
ပြုံးမိသည်။ အင်းလေ အခုလို လူ့သက်တမ်း ၇၅ နှစ်ဖြစ်တဲ့ ဆုတ်ကပ်ကြီးမှာ
အသိတွေ လျော့ကျလာတာ မဆန်းပါကလားနော်။ ဆုံးမလိုတဲ့စိတ်ကလေး ကျန်နေသေးတာကိုက
ချီးကျူးစရာလို့ပဲ ပြောရမလား။ တကယ်တော့ သာသနာဆိုတာက အဆုံးအမလို့
အဓိပ္ပါယ်ရတယ်၊ ဘုရားကတော့ ဘုရားပေါ့။ ဘုရားသာသနာဆို ဘုရားအဆုံးအမ။
သိကြားသာသနာဆိုတော့ သိကြားအဆုံးအမ လို့ အဓိပ္ပါယ်ထွက်သွားမယ်။ သိကြားမင်းက
ဘယ်နားကလာပြီး ဆုံးမမှာတဲ့တုံး။
အဲဒီလိုသမ္မာဒေဝနတ်တွေက
လူတွေသီလပျက်တဲ့အနံ့ကို မခံနိုင်ကြလို့ ယူဇနာတစ်ရာ အဝေးကနေတောင် လူတွေရဲ့
အနားကိုမကပ်ဘူး။ သိကြားမင်းလည်း သာသနာ မထောင်နိုင်ပါဘူး။ သူ့အဆုံးအမက
တာဝတိံသာနတ်ပြည်မှာပဲ တည်မှာပေါ့။ ဒါလည်း သံသရာလွတ်ကြောင်း အဆုံးအမမျိုးတော့
သိကြားမင်းလည်း တက်နိုင်မယ်မထင်ဘူး။ အခုသိကြားမင်းကိုမပြောဘူးနော်။ သူက
သောတပန် သိကြားမင်းဆိုတော့ တတ်လောက်မှာပဲ။ ဒါပေမဲ့ လူ့ပြည်ကိုဆင်းပြီး
အဆုံးမပေးဖို့တော့ ဖြစ်နိုင်စရာအကြောင်း တစ်ပြားသားမှ မရှိဘူးဆိုတာပဲ။
ဒီကြားထဲ ဘုရားက သာသနာ အနှစ်ငါးထောင်ထားခဲ့တယ် ဆိုတာကပါသေးတယ်။ ကိုယ်ပဲ
တုံးသလားတော့မသိဘူး၊ မဟာပရိဗ္ဗာနသုတ္တံထဲတော့ “ချစ်သားအာနန္ဒာ၊
ငါဘုရားရဲ့သာသနာ အနှစ် ၅၀၀၀ တည်လိမ့်မယ်” ဆိုတဲ့စာသားမျိုး၊ အဟောမျိုး
မပါတာသေချာတာပဲ၊ “ငါဘုရားရဲ့ အဆုံးမတရားတွေကို လိုက်နာကျင့်သုံးနေသူ
ရှိသမျှကာလပတ်လုံး သာသနာမကွယ်သေးဘူး၊ အဲဒီလိုပုဂ္ဂိုလ်တွေရှိသမျှ
ရဟန္တာမဆိတ်သုံးဘူး” ဆိုတဲ့ အဓိပ္ပါယ်မျိုးပဲ ထွက်တယ်။ ခုပြောနေတဲ့ အနှစ်
၅၀၀၀ က ဘယ်ကရောက်လာလည်းတော့ ကျွန်တော်လည်း မသိဘူး။
တိုက်ဆိုင်တာလားတော့ မသိဘူးခင်ဗျ၊ အဲဒီအချိန်မှာပဲ တခုသောအလှူခံမဏ္ဍပ်မှ
အန်တီတင်တင်မြ သီဆိုထားတဲ့ ငါးပါးပဉ္စသီ ဆိုတဲ့သီချင်းသံလေး ကြားလိုက်ရတယ်။
နားထောင်ဖူးတဲ့သူတွေတော့ အဓိပ္ပါယ်ကို နားလည်မယ်ထင်ရဲ့၊ နားမထောင်ဖူးသူ
အတွက်တော့ သီချင်းရဲ့လိုရင်း အဓိပ္ပါယ်က လူတွေငါးပါးသီလကို စောင့်ထိန်းကြပါ၊
ခုက သိကြားသာသနာထဲဝင်လာပြီမို့ အစစ အရာရာ တရားနဲ့ညီအောင်နေမှ အဆင်ပြေမယ်။
မကောင်းမှုတွေ မလုပ်ရဘူး၊ မဟုတ်ရင် ခွင့်မလွှတ်ဘူး ငရဲကို ကျမယ်ပေါ့။
မှားနေတဲ့အရာတွေက သီချင်းထဲထိတောင် ပါတာပဲဟု ဘာမှမဟုတ်တဲ့
လူတစ်ယောက်ဖြစ်တဲ့ကျွန်တော် အတွေးနယ်ချဲ့နေမိတယ်။
တောင်တွေး၊ မြောက်တွေး လျှောက်တွေးနေတုံး ဈေးခြင်းတောင်းကိုင်ပြီး
ပြန်လာတဲ့အမေကို မြင်လို့ခြင်းတောင်းကို ကူသယ်ပေးတဲ့အခါ အမေ့ဆီက ဗျစ်တောက်
ဗျစ်တောက်အသံကို ကြားလိုက်ရတာက “ပုဇွန်ဝယ်တာ နှစ်ဆယ့်ငါးကျပ်သားလို့ ပြောတာ
ငါထင်တယ် ဆယ့်ငါးကျပ်သားပဲရှိမယ်၊ ဆီဝယ်လာတာလည်း မပြည့်ဘူး၊ တနေ့တုံးက
ဈေးဝယ်တုံးက ကျန်တဲ့အကြွေးကြတော့ ဗျို့ဟစ်တောင်းတယ်၊ လူတွေ လူတွေ
တန်ရာတန်ကြေးတော့ လိုချင်ကြတယ် ကိုယ့်ဘက်ကတော့ ပြည့်အောင် မပေးချင်ကြဘူး”
ဆိုတဲ့အသံတွေပဲ။ သြော် သနားဖို့ကောင်းတဲ့သူတွေပဲလို့
စိတ်ထဲအောက်မေ့လိုက်တယ်။ ဘယ့်နှယ် ကိုယ့်အတွက်လည်း တစ်ဘဝလုံးစာအတွက်လည်း
ဝမသွား၊ ယုတ်အစွဆုံး တစ်နပ်စာတောင် ဖြစ်မြောက်အောင် ဝတာမဟုတ်ဘဲ
အကုသိုလ်အဖြစ်နဲ့ အသက်မွေးနေရတာကို သနားမိတာပါ။ ဘုရားဟောတဲ့ ငရဲနဲ့
နောင်ဘဝဆိုတာလည်း ယုံပုံမရကြဘူး၊ ယုံလည်း နောက်ဘဝ နောက်ခန္ဓာနဲ့
နောက်ဘဝမှရှင်း။ ဒီဘဝလုပ်သာလုပ် ဆိုတဲ့ခံယူချက်မျိုးနဲ့ ထင်ရဲ့နော်။ လူ့ဘဝက
ရခဲတယ်သာဆိုတယ် ရလာတော့လည်း မိုးကုတ်ဆရာတော်ကြီး ဟောသလို “စားကာ၊ အိပ်ကာ၊
ပျော်ရွှင်စွာနဲ့ လိုရာမပြည့်၊ ခရီးမလှ အချည်းနှီးသော ဘဝကာလတွေပါကလား”
ဆိုတဲ့လင်္ကာလေးနဲ့ စပ်မိတယ်၊ အဲဒီဆောင်ပုဒ်အရဆိုရင်တော့ အင်းကိုယ်လည်း
ဘာမှမထူးသေးပါလား။
“ဟဲ့သား၊ အောင်မယ်လေး.. ဘာတွေ
တွေးနေတာလည်း လာစမ်း မနက်ဖြန် ထမင်းချိုင့် သမားတွေအတွက် ငါးဝယ်ဖို့
မေ့ခဲ့လို့ နင်သွားဝယ်၊ သေချာကြည့်ဝယ်လာခဲ့ဦး” … “ဟုတ်”။
အူကြောင်ကြောင်နဲ့ ဇော်ထက်တစ်ယောက် ဈေးထဲရောက်သွားပြီ။ ငါးဆိုတော့
အသားတန်းထဲဝင်သွားရင်းနဲ့ ခုတ်ထစ်ပြီး ရောင်းချနေတဲ့ ကြက်သားတွေ၊
အမဲသားတွေ၊ ဝက်သားတွေလည်း အများကြီး၊ ဝယ်ကြပါဦး လာကြပါ. အားပေးကြပါဆိုတဲ့
အသံတွေလည်း ပလုံစီလို့။ အဲဒီမြင်ကွင်းကိုကြည့်ရင်း ကျွန်တော့ခေါင်းထဲ
တွေးတခုဝင်လာပြန်လို့ ကြက်သီးထမိတယ်။ ငါရောက်နေတာ ဈေးမှမဟုတ်ဘဲ၊
သားတစ်ငရဲကြီးပါလား တော်တော်တူတာပဲ လို့ စိတ်ကူးရင်း ကြက်သီး
တဖြန်းဖြန်းထမိတယ်။ သားတစ်ငရဲဆိုတာ အဲလို သားငါးတွေကို
ကိုယ်တိုင်သတ်ဖြတ်ခုတ်ထစ်ပြီး ရောင်းချသူတွေအတွက် တူသောအကျိုးပေါ့။
ရောက်လာတဲ့ ငရဲသားတွေကို ကြက်တွေ ဝက်တွေသတ်သလို ခုတ်ထစ်၊ သတ်ဖြတ်ရောင်းတယ်။
အသတ်ခံရလို့ အတုံးတွေဖြစ်သွားပေမဲ့ မသေကြသေးဘူး၊ ကံကြောင့်ကိုး
ကံမကုန်သရွေ့ခံပေဦးတော့။ ဒီလိုနဲ့ ဟင်းအိုးထဲရောက်လို့ နောက်ဆုံး
စားတဲ့သူတွေရဲ့ ဗိုက်ထဲရောက်မှ သေတယ်။ ပြီးတော့ အဲဒီငရဲမှာပဲ ပြန်ဖြစ်
ပြန်စ။ အဲလိုတွေတွေးမိလို့ ကျွန်တော် ကြောက်လာမိတယ်။
ဒါနဲ့ငါးဆိုင်ကိုတွေ့တော့ ယောင်ချာချာနဲ့ ဝယ်လိုက်တယ်။ ကျွန်တော့စရိုက်က
ဈေးဝယ်တဲ့အခါ ကြိုက်ရင်ဝယ်တယ် မကြိုက်ရင်မဝယ်ဘူး။ ဝယ်လိုက်ရင်လည်း
ဈေးဆစ်တာတွေ အလေးဆစ်တာတွေ မလုပ်ဘူး။ မပြည့်မှန်းသိလည်း ပြုံးပြုံးလေး
ပြန်လာခဲ့တယ် ဘာမှမပြောဘဲနဲ့ပေါ့၊ ဘယ်တော့မဆိုပါ။ ဒါ့ကြောင့် အိမ်မှာဆို
ကျွန်တော့ကို ဈေးမဝယ်ခိုင်းကြဘူးလေ။ ဒီနေ့တော့ သိကြားသာသနာကို
စိတ်ကူးပေါက်ရင်းနဲ့ မပြည့်တဲ့အလေးနဲ့ ချိန်နေတဲ့ သနားစရာအန်တီကို “အန်တီ
အလေးပြည့်အောင်ချိန်နော်၊ ခုကသိကြားသာသနာ အလေးမပြည့်လို့ရှိရင်
သိကြားမင်းနဲ့ရှင်းရလိမ့်မယ်” လို့ အတည်ပေါက်နဲ့ နောက်လိုက်တယ်။ အဲဒီအန်တီက
ပြန်ပြောတယ် “အင်း မလုပ်ရဲပါဘူးကွယ် ကြောက်လို့” ဆိုဘဲ၊ (ကြောက်သာ
ကြောက်ရမယ် သူ့အလေးမပြည့်တာက အသိသာကြီး) ဒါနဲ့ ချိန်ပြီးတော့
ဆစ်ထည့်ပေးလိုက်တယ်၊ အဲဒီအဆစ်နဲ့ဆိုရင်တော့ အလေးပြည့်လောက်တယ်လေ။
ကျွန်တော်ပြုံးလိုက်မိတယ်၊ အဲဒီအဆစ်လေးက ကျွန်တော့အတွက် ဗိုက်မဝပါဘူး။
ဒီအတွေးမျိုးရှိခဲ့လို့လည်း ဘယ်တော့ဈေးဝယ်ပါစေ တော်ရုံလောက်နဲ့ကို မဆစ်ပဲ
ဝယ်တာကိုး။ ကျွန်တော့အတွက်မဝပေမဲ့ အဲဒီအန်တီအတွက်တော့ တစ်ယောက်စာအတွက်
အကုသိုလ်လေး သက်သာသွားပါလားပေါ့။ သိကြားသာသနာနဲ့ ခြောက်လိုက်တာ
ကြောက်လို့ပဲလား၊ အလေးမပြည့်ဘူး အပြောခံရတဲ့အတွက် ရှက်လို့လားတော့မသိဘူး
အပြည့်ပေးလိုက်တယ်လေ။
ကျွန်တော်ဈေးက ပြုံးပြုံးလေးနဲ့
ပြန်လာရင်း တွေးလိုက်ပုံက “အင်း တခါတလေတော့လည်း အမှားက လာဟုတ်နေပါလား” ။
ကိုယ်ကတော့ လက်မခံပေမဲ့ လူတကာကြောက်အောင် အဲဒီမဟုတ်တဲ့ သိကြားသာသနာနဲ့ပဲ
လိုက်ချောက်နေရမဲ့ကိန်း ဆိုက်နေတာကိုးဗျ။ ဘယ်လိုပဲဖြစ်ဖြစ် မကောင်းတဲ့အလုပ်
မလုပ်ဖြစ်ဖို့က အရေးကြီးတယ်။ ကောင်းတဲ့အလုပ် လုပ်ဖြစ်ဖို့အတွက်
သူကအစပဲလေ..”။ “ဒုတ်…” “သေပါပြီဗျ”..။ “ဒီကောင်လေး ဘာတွေ လျှောက်တွေးနေလို့
ဒီလောက် ကျောက်တုံးကြီးကိုတောင် မမြင်တာပါလိမ့် နည်းတောင်နည်းသေးတယ်”
အတွေးမစဲဘဲ လမ်းလျှောက်တာ ခလုတ်စာမိလို့ မဟာပထဝီမြေကြီးနဲ့
မိတ်ဆက်သွားရှာတဲ့ ကျွန်တော့ကို လမ်းသွားများက အထက်ပါအတိုင်း
ထောပနာပြုသွားကြခြင်းပါ။ ဒီတော့မှ ကိုယ့်အတွေး တော်တော်လွန်သွားပါကလား
လို့သတိလေး ဝင်လာသဖြင့် အတင်းကြုံးထပြီးသော သကာလ ငါးထုပ်ကိုကောက်ကာ
မျက်နှာအောက်ချလျက် ခပ်ရှက်ရှက်နဲ့ပဲ အပြေးတစ်ပိုင်းနှင့် အိမ်သို့
ယွန်းရလေတော့သတည်း ….။ (ဇော်ထက်မောင်)
No comments:
Post a Comment