Thursday, February 13, 2014

ဆူးလေစေတီတော်မှ ဒေါင်းခံဘုရား။

       ဗုဒ္ဓဘာသာဝင်တို့သည်  မိမိတို့၏နေအိမ်တွင်  မြတ်စွာဘုရား၏ ကိုယ်တော်စား ရုပ်ပွားဆင်း
တုတော်များကို ထားရှိကိုးကွယ်ကြပါသည်။ မြတ်စွာဘုရား၏ မဟာပူရိသလက္ခဏာတော် (၃၂) ပါး
တို့မှ  ရုပ်လုံးဖေါ်ရာတွင် အသုံးပြုသော လက္ခဏာတော် (၂၀) ကို အခြေခံပြီး  လက္ခဏာတော်ငယ်

(၈၀) တို့မှ ဖေါ်၍ ရသမျှ လိုက်နာပြီး ရုပ်လုံးပေါ်အောင် ထုလုပ်ရပါသည်။  ဖူးမြော်ရသူများ ကြည်
ညိုသဒ္ဓါစိတ်များ ဖြစ်ပေါ်လာစေနိုင်မည့် သပ္ပါယ်မှုရှိဖို့လည်း လိုပါသည်။
         ယခုခေတ်တွင် ဂိုဏ်းဆရာနှင့်ဘိုးတော်များ၏ အသစ်အဆန်းထွင်မှုကြောင့် ဘက်စုံကြီးပွား
ချမ်းသာလိုသူများကား ဆင်ခံ၊ မြင်းရံဘုရားများအထိ ထုလုပ်ကိုးကွယ်လာကြ၏ ။ ကြည်ညိုသော
သဒ္ဓါစိတ်ဖြင့် ထုလုပ်ခြင်းဖြစ်သော်လည်း သင့်တော်၏၊   မသင့်တော်ကို နှိုင်းချိန် စဉ်းစားသင့်၏ ။
        မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ကိုယ်တော်စား ရုပ်ပွားရုပ်တုတို့ကို စိတ်ကူးထင်ရာ ထုလုပ်
ခြင်းမှာ မဖြစ်သင့်ပါ။ မှားယွင်းသော လောကီအစီအရင်များကို ဖန်တီးခြင်းဖြင့် ကိုယ်ကျိုးရှာအမြတ်
ထုတ်သော အင်အားစုများရှိပါသည်။  ယင်းအင်အားစုများက မည်သည့်အစီအရင်ဖြင့်  ထုလုပ်သော်
စီးပွားတက်သည်၊   ရာထူးတိုးသည် ဟူ၍လည်းကောင်း၊  မည်သည့်နေ့သားသည်  မည်သည့်အသား
ဖြင့် ထုလုပ်သော ရုပ်ပွားတော်ကို ကိုးကွယ်ပါ ဟူ၍လည်းကောင်း၊ အိမ်တွင် ကျောက်ဆင်းတု  မကိုး
ကွယ်ကောင်း ဟူ၍လည်းကောင်း၊ လောကီအယူအစွဲနှင့် အစီအရင်တို့ကို ဖြန့်ဖြူးလျက်ရှိကြပါသည်။
ယင်းအစီအရင်နှင့် အယူအစွဲများသည် ထေရ၀ါဒပိဋကတ်တော်များနှင့် ဆန့်ကျင်ခြားနားနေပါသည်။
         တစ်နေ့တွင် ဆူးလေဘုရားသို့ ထူးခြားသော ရုပ်ပွားတော်တစ်ဆူကို ကုလားလူမျိုးတစ်ဦးက
လာလှူ၏ ။ ရုပ်ပွားပုံကာ ဥဒေါင်းပေါ်တွင် ဗုဒ္ဓရှင်တော်မြတ် စံတော်မူနေပုံ ဖြစ်၏ ။ ဆူးလေဘုရား
ဂေါပကအဖွဲ့ဝင် လူကြီးများသည် ထိုပုံတော်မျိုးကို တခါမှမတွေ့ဖူးသဖြင့် ဘုရားပေါ်တွင် အပူဇော်ခံ
ထားသင့်/မထားသင့် မဆုံးဖြတ်နိုင် ဖြစ်ကြ၏ ။ ထို့ကြောင့်ဆူးလေစေတီတော် သြဝါဒါစရိယ ဆရာ
တော်ကြီးများကို ပင့်ဖိတ်၍ ထိုအကြောင်းကို မေးမြန်းလျှောက်ထားကြ၏ ။
          ဖျာပုံတိုက်သစ် ဆရာတော်ကြီးသည်လည်း ထိုအချိန်က ဆူးလေစေတီတော် သြဝါဒါစရိယ
ဆရာတော်တစ်ပါးပင်ဖြစ်၏ ။ ကျန်ဆရာတော်များက “အပူဇော်ခံထားလိုက်ပါ၊ တခြားဆင်ခံဘုရား၊
မြင်းခံဘုရားတို့တောင် ရှိနေပြီပဲ၊ အခု ဥဒေါင်းခံဘုရားဆိုတာလည်း အထူးအဆန်း မဟုတ်တော့ပါဘူး”
ဟု မိန့်တော်မူကြ၏ ။
         ဖျာပုံတိုက်သစ်ဆရာတော်က ကျန်းဂန်နှံ့စပ်တော်မူလှသည့်အပြင် စာရေးဆရာတိုင်း လက်မ
လွှတ်တမ်း အသုံးပြုနေရသည့် “သုတေသန သရုပ်ပြအဘိဓာန်” ကျမ်းပြု  ဖျာပုံတိုက်သစ်ဆရာတော်
အရှင်သြဘာသာဘိဝိဝံသ ထံသို့ ရဟန်းပရိသတ်၊ လူပရိသတ်အားလုံး၏ မျက်လုံးများက တစ်ပြိုင်နက်
လို ရောက်သွားကြ၏ ။
         ဆရာတော်ကြီးထံမှ လေးနက်ကြည်လင်သော စကားများသည် တစ်ခွန်းချင်း ထွက်ပေါ်လာ၏။
“ရဟန်းပုဂ္ဂိုလ်အားလုံးအတွက် တွေးဆစရာတစ်ခုကိုတော့ တင်ပြချင်ပါတယ်၊ ပိဋကတ်သုံးပုံ၊ နိကာယ်
ငါးရပ်ကို လျှောက်ကြည့်လိုက်တဲ့အခါ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် တိရစ္ဆာန်တစ်ကောင်ကောင်
စီးပြီး ခရီးသွားတယ်ဆိုတာ ဘယ်နေရာမှာမှ မတွေ့မိပါဘူး။”
မြတ်စွာဘုရားဟာ ခရီးဘယ်လောက်ပင်ဝေးဝေး ချေချွတ်ရမယ့် ဝေနေယျအတွက် အချိန်မီ
တယ်ဆိုရင် ခြေလျှင်ကြွတာပဲ များပါတယ်၊ ဝေနေယျအတွက် ခြေလျှင်ကြွလို့ အချိန်မမီလောက်ဘူး
ဆိုရင်တော့ အဘိညာဉ်တန်ခိုးနဲ့ကြွပါတယ်။ တိရစ္ဆာန်ပေါ်ကို တက်စီးဖို့မပြောနဲ့ ၊ တိရစ္ဆာန် ကထားတဲ့
ယာဉ်ကိုတောင် မစီးဖို့ အာပတ်ပညတ် ထားပါတယ်။ မကျန်းမာခြင်းဆိုတဲ့ အကြောင်းရှိမှသာ စီးခွင့်ရှိ
ပါတယ်။  စော်ကားရာ ရောက်ပါတယ်။
           ဘာသာခြားများကလည်း  ဒီလိုပုံမျိုးတွေကို ကြည့်ပြီး   “ဗုဒ္ဓဟာ သတ္တဝါအားလုံးအပေါ်မှာ
သနားဂရုဏာရှိတယ်လည်း ပြောသေးတယ်၊ တိရစ္ဆာန်ပေါ် တက်စီးတာပဲလား” ဆိုတဲ့ မေးခွန်းမျိုးနဲ့
ထောက်ပြလာနိုင်ပါတယ်။
        ဒီဥဒေါင်းခံရုပ်ကို လက်သင့်ခံပြီး ထားလိုက်မယ်ဆိုရင် နောင်အခါမှာ ကျားခံတဲ့ ရုပ်ပွားမျိုးတွေ၊
သမင်ခံတဲ့ ရုပ်ပွားမျိုးတွေ အတောမသတ်အောင် ပေါ်လာနိုင်ပါတယ်။ ဒီအချက်တွေကြောင့် ဥဒေါင်းခံ
တဲ့ ရုပ်ပွားကို ဒီအတိုင်း အပူဇော်ခံမထားဖို့ ပြောကြားလိုပါတယ်"
         ဆရာတော်၏ သဘာဝကျလှသော သြဝါဒကြောင့်  ဂေါပကလူကြီးများသည်  ဥဒေါင်းကိုဖယ်
ထားပြီး ရုပ်ပွားတော်ချည်းသက်သက်သာလျှင် ယခုထက်တိုင် အပူဇော်ခံထားပါသည်။

 { မေတ္တာရှင် ( ရွှေပြည်သာ) ဆရာတော်ဘုရား ၏  ထေရ၀ါဒ မှတ်ကျောက် နှင့်မင်းနန်(မော်ကျွန်း)
    ၏ ဆရာတော်ကြီးများ၏ သြ၀ါဒများပေါင်းချုပ်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။


No comments:

Post a Comment