Wednesday, April 23, 2014

သောက ကင်းဝေး နေနိုင်ရေး။

         အရှေ့၊ အနောက်၊ တောင်၊ မြောက် ကျွန်းကြီးလေးကျွန်းအနက် ငါးပါးသီလမြဲသော
ကျွန်းမှာ ဥတ္တရဂုရုခေါ်သော မြောက်ကျွန်း ဖြစ်ပါတယ်။ မြောက်ကျွန်းသူ မြောက်ကျွန်းသား
တို့ဟာ ငါးပါးသီလမြဲသော ကုသိုလ် အာနုဘော်ကြောင့် ==

  ၁။ အိုးအိမ်ဒုက္ခမှလည်း ကင်းဝေးကြပါတယ်။
  ၂။ စားဝတ်နေရေး ပရိယေသနဒုက္ခမှလည်း ကင်းဝေးကြပါတယ်။
  ၃။ အိုနာ ရောဂါမရှိ ဇရာဒုက္ခမှလည်း ကင်းဝေးကြပါတယ်။
  ၄။ ကြမ်းပိုး မှက် ခြင် ယင် စသော ဘေးရန်မှလည်း ကင်းဝေးကြပါတယ်။
  ၅။ ရာသီဥတု မျှတမှုလည်း ရှိပါတယ်။
  ၆။ ချက်ပြုတ်မှု ဒုက္ခမှလည်း ကင်းဝေးကြပါတယ်။
  ၇။ မနာလို ၀န်တိုစိတ်လည်း ကင်းဝေးကြပါတယ်။
  ၈။ အရွယ်အားဖြင့် ယောက်ျား ၂၅ နှစ်၊ မိန်းမ ၁၆ နှစ်အရွယ် တူညီတဲ့ လုံးရပ်သဏ္ဍာန်
      ရှိကြပါတယ်။
  ၉။ ဖြူ မည်း ဆူ ကြုံ နိမ့် မြင့် အပြစ် ၆ - ပါးမှလည်း ကင်းလွတ်ပါတယ်။
၁၀။ ကိုယ်ဝန်ဒုက္ခမှလည်း ကင်းဝေးကြပါတယ်။
၁၁။ ရင်သွေးအတွက် ပူပင်ဖွယ်လည်း မရှိကြပါ။
၁၂။ သေသူအတွက် သောကလည်း မရောက်ကြပါ။
၁၃။ မြောက်ကျွန်းမှာ အပုပ်ကောင်မရှိ၊ အပုပ်နံ မရှိတဲ့အတွက် သုသာန်သင်္ချိုင်းထားရန်လည်း
      မလိုပါ။
၁၄။ မြောက်ကျွန်းသားတွေ ကွယ်လွန်တဲ့အခါ အပါယ်ဘုံသား ငရဲ တိရစ္ဆာန် ပြိတ္တာ ဖြစ်ရိုး
      မရှိပါဘူး။ အားလုံးနတ်ပြည်ရောက်ကြပါတယ်။
၁၅။ ငါးပါးသီလမြဲသူတို့၏ ဓမ္မတာသဒ္ဓိကြောင့် မြောက်ကျွန်းသူ မြောက်ကျွန်းသားတို့ဟာ
      အနှစ်တစ်ထောင် သက်တမ်းစေ့ နေထိုင်ကြရပါတယ်။
         ဒါကြောင့် ယခုလို ထူးခြားတဲ့ဖြစ်ရပ်များကြောင့် သောကကင်းဝေး နေလိုသူ ဓမ္မ
မိတ်ဆွေအပေါင်း သူတော်ကောင်းတို့ကလည်း ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းကြပြီး
ဘ၀မြင့်သထက်မြင့်အောင် ကျင့်ကြံအားထုတ်ကြကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ
ကုန်သတည်း။ ။
 {ဦးပညာသာမိ(မာဂဓီ-သာစည်)၏ အခါတော်နေ့များမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment