Saturday, June 28, 2014

စိန္တာမယပညာ။

         စိန္တာမယဆိုတာ ကြားနာမှုကို အခြေမခံဘဲ အတွေးအခေါ်သက်သက်ဖြင့် ဖြစ်ပေါ်လာ
သောပညာကို စိန္တာမယပညာ လို့ ခေါ်ပါတယ်၊ ကြားနာမှုကို အခြေခံပြီးမှတွေးရင် စိန္တာမယ
မခေါ်ပါ။ သူများဆီက သင်ယူထားတဲ့ အချက်ပေါ်မှာ အခြေမခံဘဲနဲ့ ကြံစည်မှုသက်သက်ပေါ်

မှာ အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ပညာမျိုးကိုသာ စိန္တာမယပညာ လို့ ခေါ်ပါတယ်။
         အဲဒီ စိန္တာမယပညာ က သာမန်ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ မဖြစ်နိုင်ပါ။ နောက်ဆုံး ဉာဏ်
ပညာ အထက်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ သန္တာန်မှာတောင် စိန္တာမယပ
ညာ မဖြစ်ပါ။ ဘာဖြစ်လို့လဲဆိုရင် ရှင်သာရိပုတ္တရာတောင် တရားနဲ့ ပတ်သက် လာရင် ကြားနာမှု
သင်ယူမှု ဆိုတာကို အခြေခံရသေးပါတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းပြီး ကြံစည်နိုင်စွမ်း မရှိပါ။
ရှင်သာရိပုတ္တရာလို ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်မှာတောင် စိန္တာမယပညာ မရနိုင်ပါ။
         ဒါဖြင့် စိန္တာမယပညာဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးမှ ရသလဲလို့ မေးလို့ရှိရင် ဘုရားအလောင်း
တို့၊ ပစ္စေက ဗုဒ္ဓါအလောင်းတို့မှ ရပါတယ်။ ဘုရားအလောင်း၊ ပစ္စေက ဗုဒ္ဓါအလောင်းတွေကျတော့
ဒီ-စိန္တာမယပညာရဖို့အတွက် ဆရာမရှိပါ၊ သူတို့ ကိုယ်တိုင် တွေးတောဆင်ခြင်ပြီး အသိဉာဏ်တွေ
ဖြစ်ပေါ်လာတာပါ။ ဘ၀ါဘ၀က လေ့လာခဲ့တဲ့ စွမ်းအားတွေ ပြည့်လာသည့်အတွက် မှန်မှန်ကန်ကန်
တွေးနိုင်ပါတယ်၊ မှန်မှန်ကန်ကန် တွေးလိုက်တဲ့အတိုင်း မှန်မှန်ကန်ကန်သိမှုဆိုတာ ဖြစ်လာပါတယ်။
ပစ္စေကဗုဒ္ဓါဆိုတာ ဘယ်သူကမှ တရားဟောရတာ မဟုတ်ပါ။ သူကိုယ်တိုင် သဘာဝတရားတွေကို
ဆင်ခြင်စဉ်းစားပြီး သူ့သန္တာန်မှာရှိတဲ့ ကိလေသာတွေကို ဖယ်ရှားလို့ ဘုရားအဖြစ်ကို ရောက်သွား
တာ ဖြစ်ပါတယ်။
 { ၁၃၇၁-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၉)ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြို့ကုန်းအရှေ့
တရားပွဲ ဖြစ်မြောက်ရေး အကျိုးဆောင်အဖွဲ့၏ ဒုတိယအကြိမ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့်
ဓမ္မပူဇာအခမ်းအနားဝယ် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားသော ဖြစ်နိုင်တာ နှင့်
မဖြစ်နိုင်တာ တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။   }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment