" ကန်တော့ဆွမ်းပါဘုရား "
" ကန်တော့ဆွမ်းပါခင်ဗျာ/ရှင် "
အလှူခံများနှင့် တွေ့ကြုံသည့်အခါ အခြေအနေအကြောင်းအကြောင်းကြောင့်
တခုခု ပေးလှူခြင်းငှါ မတတ်နိုင်သည်ရှိသော် ဤသို့ ပြောဆို လျှောက်ထား
တောင်းပန်ကြလေသည်၊ ဤသည်ကိုပင် ပဋိသန္ဓာရစကားတစ်ခု ရရှိသလို ဖြစ်ကြောင်း
ရှေးရှေးသော အဖြစ်အပျက်ရာဇဝင်များ ရှိခဲ့ဘူးလေသည်။
ကန်တော့ဆွမ်း အစ -
အရှင်ရောဟဏမထေရ်သည်
အရှင်နာဂသေနလောင်းလျာ သောဏုတ္တရပုဏ္ဏား၏ ဇနီးဝမ်း၌ ပဋိသန္ဓေယူသည့်နေမှစ၍
ထိုပုဏ္ဏားအိမ်သို့ ဆွမ်းခံကြွတော်မူသော်လည်း တစ်ယေက်မ မျှလောက်သော
ဆွမ်းကိုသော်လည်းကောင်း၊ ရှိခိုးခြင်းကိုသော်လည်းကောင်း၊ လက်အုပ်ချီချင်းကိုသော်လည်းကောင်း၊ အရိုအသေပြုခြင်းကိုသော်လည်းကောင်း၊ တစ်နေ့မျှပင် မရခဲ့ပါချေ၊ ဆဲရေးခြင်း ကြိမ်းမောင်းခြင်းကိုသာလျှင် ရခဲ့လေ၏၊ အရှင် ကန်တော့ပါသေး၏ ဟူသော စကားကိုမျှလည်း ပြောဆိုမည်သူ မရှိခဲ့စဖူး။
ဒီလိုနဲ့ ခုနှစ်နှစ် ဆယ်လတို့ လွန်သဖြင့် တစ်နေ့၌ " အရှင်ဘုရား
ကန်တော့ပါသေး၏ " ဟူသော စကားလုံးလေ ရခဲ့လေ၏၊ ထိုနေ့၌ပင်လျှင်
သောဏုတ္တရပုဏ္ဏားသည် အပြင်အလုပ်လုပ်ရာမှ ပြန်လာသည်ရှိသော် ရောဟဏမထေရ်ကို
မြင်၍ အိမ်ရှင်မ တစ်ခုခုများ ပေးလိုက်လေသလား ဟူသော သံသယဖြင့် "ရဟန်း
ငါတို့၏ အိမ်သို့ ရောက်ခဲ့ပါ၏လော၊ တစ်စုံတစ်ခု ရခဲ့ပါ၏လော" မေးသောအခါ
မထေရ်က"ရောက်ခဲ့ပါ၏ တစ်စုံတစ်ခုလည် ရခဲ့ပါ၏" လို ဖြေကြားလိုက်လေသည်၊
ပုဏ္ဏားသည် စိတ်ဆိုးမာန်ဆိုးဖြင့် အိမ်အမြန်ပြန်ကာ ပုဏ္ဏေးမကို ဟိုရဟန်းကို
တစ်ခုခုပေးသလား ဟု မေးလေ၏၊ ဘာကိုမှမပေးပါ ဟု ဖြေသောအခါ ပုဏ္ဏားသည်
နောက်တစ်နေ့၌ ဒီရဟန်းကို မုသာဝါဒဖြင့် စွပ်စွဲနှိပ်ကွပ်မည့် အကြံဖြင့်
အိမ်ရှေ့တံခါးမှာ စောင့်နေလေ၏။
မထေရ် ကြွလာသောအခါ သင်တို့သည်
မနေ့က ငါတို့၏အိမ်၌ ဘာတစ်ခုမျှ မရပါပဲလျှက် ရကုန်၏ လို့ ပြောတယ်၊ သင်သည်
မဟုတ်မမှန် လုပ်ကြံ၍ မုသားစကား ပြောကြားပေ၏ လို့ စွပ်စွဲပြောကြားလေ၏၊
ထိုအခါ အရှင်ရောဟဏမထေရ်သည် ပုဏ္ဏား ငါတို့သည် သင့်အိမ်၌ ခုနှစ်နှစ်
ဆယ်လတို့ပတ်လုံး ကန်တော့ပါသေး၏ ဟူသော စကားမျှကိုပင် မရဘူးခဲ့ပေ၊ မနေ့ကတော့
အရှင် ကန်တော့ပါသေးရဲ့ ဟူသော စကားကို ရခဲ့လေ၏၊ ထိုသို့ ပဋိသန္ဓာရစကားလေး
တစ်ခွန်းမျှကို ရခဲ့လေသောကြောင့် ငါတို့သည် တစ်စုံတစ်ခု ရခဲ့ကုန်၏ လို့
ငါတို့ပြောဆိုပေတယ်။
ပုဏ္ဏားသည် ဤရဟန်းတို့ကား ဤသို့သော
ပဋိသန္ဓာရစကားလေးကို ရရုံမျှဖြင့် လူတို့အလယ်မှာ ရကုန်၏ ဟု ချီးမွမ်းစကား
မြွက်ကြားကြလေကုန်၏၊ တစ်စုံတစ်ခုသော စားဖွယ်သောက်ဖွယ်တို့ ရသည်ရှိသော်
အဘယ်ကြောင့် မချီးမွမ်းပဲ ရှိကုန်အံ့နည်း ဟု တွေးတော့ကြံစည် ကြည်ညိုမိပြီး
မိမိတို့စားသောက်ရန် ချက်ပြုတ်ထားသော ထမင်းဟင်းလျာများကို ဆက်ကပ်လှူဒါန်း၍
အမြဲဆွမ်းခံကြွရန် လျှောက်ထားခဲ့လေသည်။ ဆွမ်းခံကြွတော်မူရင်
နာဂသေနလောင်းလျာလေးကို အနည်းငယ်အနည်းငယ် တရားစကားများ
ဟောပြပေးတော်မူခဲ့လေသည်။
ဤသို့လျှင် အရှင်ရောဟဏမထေရ်အရှင်မြတ်၏ အစွမ်းအစဖြင့် အရှင်နာဂသေနလောင်းလျာမှသည် ကမ္ဘာကျော် အရှင်နာဂသိန်အဖြစ်သို့ ရောက်ရှိခဲ့ရလေသည်။
ဒီခေတ်ဒီအခါအထိ အခြေအနေအကြောင်းကြောင်းကြောင့် ရဟန်းသံဃာတော်များ အလှူခံများကို တစ်ခုခု မလှူဒါန်နိုင်ခဲ့သည်ရှိသော် " အရှင်ဘုရား ကန်တော့ပါသေး၏ " ဟူသောစကား လူသုံးများခဲ့ရပေသည် ဟု မှတ်ယူမိပါကြောင်း ........ ။
________________________________________
မှီငြမ်းကိုးကား = (ခုဒ္ဒကနိကာယ်)မိလိန္ဒပဥှာကျမ်း။
ဗုဒ္ဓဘာသာဆိုင်ရာ ဗဟုသုတ
No comments:
Post a Comment