ဖေ့စ်ဘုတ်မိတ်ဆွေ တစ်ယောက်က ၎င်း၏ မိခင်သည် တရားဓမ္မ အားထုတ်မှုတွင် အတွေ့
အကြုံ မရှိ ပါ။ ယခုအခါ တရားအားထုတ်ရန် ဆန္ဒပြင်းပြ နေပါသည်။ မိခင်အတွက် ဝိပဿ
နာ အလုပ် ပေးတရား ရေးသားပေးပါဟု ရေငတ်သလို တောင်းဆိုလာ၏။ မိမိက ဝိပဿနာ
နှင့် ပတ်သက်၍ ဆရာတစ်ဆူ ပါရဂူ မဟုတ်သော်လည်း အမေးရှိက အဖြေရှိရမည် ဟူသည့်
အတိုင်း ဝိပဿနာ အလုပ်ပေးတရားနှင့် ပတ်သက်၍ မိမိ တတ်သမျှ မှတ်သမျှ ဉာဏ်မှီသမျှ ရေးသားရ ပေတော့မည်တကား။
အလုပ်ပေးတရားဟူသည် တရားဓမ္မကို လက်တွေ့ရှုပွား အားထုတ်လိုသူများအတွက် တရား
လုပ်ငန်းစဉ်ကို လမ်းညွှန်ဟောကြားပေးသော တရားမျိုးဟု နားလည် ရပါသည်။ ဝိပဿနာ
နယ်တွင် ကျော်စောထင်ရှားသော ဆရာတော်ကြီးများသည် မြတ်စွာဘုရားရှင် ဟောကြား
တော်မူသော ပိဋကတ်တော်များမှ သင့်တော်ရာ တရားတော်များကို ရွေးချယ်၍ ကျေနပ်
လောက်အောင် ကိုယ်တိုင် ပွားများအားထုတ်တော် မူခဲ့ကြသည်။ ကိုယ်တိုင်
အားထုတ်ခဲ့ သော တရားတော်များကို ယောဂီများအတွက် ပြန်လည်
ဟောဖော်ညွှန်ပြခြင်းဖြင့် အလုပ် ပေးတရားဟု ထင်ရှားလာရသည်။
သို့သော်
“အမြင့်တက် အမှည့်ရနိုးနိုး” ဆိုသကဲ့သို့ ယောဂီများ အနေဖြင့်
နာမည်အကြီးဆုံး တရားနည်းလမ်းကိုမှ လိုလားတောင့်တသော အာသာဆန္ဒကိုမူ သတိပြု
ရှောင်ကျဉ်သင့် သည်သာ။ တစ်ခါက မုဒုံနှင့် မော်လမြိုင်နယ်ရှိ နာမည်ကျော်
တရားရိပ်သာများတွင် လှည့် လည်၍ တရားအားထုတ်နေသော ရဟန်းငယ်တစ်ပါးအား
သံဖြူဇရပ်မြို့မှ ဆရာတော်တစ် ပါးက “သံဖြူဇရပ်မြို့မှာလည်း သုခကာရီ အမှတ်
(၁) (၂) (၃) စသည့် ရိပ်သာတွေ ရှိပါတယ်။ သထုံမင်းကွန်းဇေတဝန်
ဆရာတော်ကြီးထံမှ နည်းခံသော ရွှေကူဆရာတော်နည်းဖြင့် ပြသပါ တယ်။ ဆွမ်းစသည့်
ပစ္စည်းလေးပါး ပြည့်စုံပြီး ၁၂ ရာသီ ဖွင့်လှစ်ထားပါတယ်။ သပ္ပါယလည်း
မျှတပါတယ်။ လာရောက်၍ အားထုတ်ကြည့်ပါ” ဟု ဖိတ်ခေါ်၏။
ထိုအခါ
နာမည်ကျော် ရိပ်သာများတွင် လှည့်လည်အားထုတ်နေသော ရဟန်းငယ်က “ဟုတ် လား။
သံဖြူဇရပ်က ရိပ်သာတွေက တော်တော် နာမည်ကြီးသလား” ဟု ပြန်လည် မေးလိုက်
သောဟူ၏။ တရားနည်းလမ်း ရှာဖွေရာတွင် သပ္ပါယလေးပါး ညီညွှတ်မျှတမှုကို ရှာဖွေရမည်
လား၊ နာမည်ကျော်သော တရားနည်းကို ရှာဖွေရမည်လား။ ရိုးရှင်းစွာ
စဉ်းစားကြည့်ရုံဖြင့် အဖြေ ပေါ်လွင်ပါသည်။
ရှိစေတော့။
ပိဋကတ်တော်များကို လက်လှမ်းမမှီနိုင်သော ယောဂီများအတွက် ဝေဘူဆရာ
တော်ဘုရားကြီး၏ လမ်းညွှန်ချက်မှာ လွန်စွာပြည့်စုံ၍ မှတ်သားထိုက်ပါသည်။
“ပိဋကတ်သုံးပုံဆိုတာ အလွန်ကျယ်ဝန်းတယ်။
ပိဋကတ်သုံးပုံကို အဆီထုတ်ပါလျှင် ဗောဓိပက္ခိယတရား ၃၇ ပါး ရတယ်။
ဗောဓိပက္ခိယတရား (၃၇) ပါးကို အဆီထုတ်ပါလျှင် မဂ္ဂင် (၈) ပါး ရတယ်။
မဂ္ဂင် (၈) ပါးကို အဆီ ထုတ်ပါလျှင် သိက္ခာသုံးပါး ရတယ်။ သိက္ခာသုံးပါးဆိုတာ အဓိသီလ အဓိစိတ္တ အဓိပညာပါပဲ။
သိက္ခာသုံးပါးကို အဆီထုတ်လျှင် “ဧကောဓမ္မော - တရားတစ်ခု” ရတယ်။
ရုပ်ပေါ်နာမ်ပေါ်မှာနေပြီး ယခုလို ဆောင်ထားတော့ (ရှုမှတ်နေတော့) ကာယကံ သောင်း
ကျန်းမှု ဝစီကံ သောင်းကျန်းမှု မရှိဘူး။ အဲဒါ အဓိသီလလို့ ခေါ်တယ်။
အဓိသီလ အားကောင်းတော့ စိတ်တွေဟာ ကိလေသာ သောင်းကျန်းမှု မရှိဘဲ ငြိမ်ဝပ်ပိပြား ပြီးတော့ တည်နေတယ်။ အဲဒါ အဓိစိတ္တလို့ ခေါ်တယ်။
အဓိစိတ္တ (သမာဓိ) အားကောင်းလို့ အချိန်ကြာလျှင် ဘယ်လူ ဘယ်နတ် ဘယ်ဗြဟ္မာမှ
ဖန်တီးလို့ မဖြစ်ဘူး။ လျှပ်တစ်ပြက်အတွင်း ကုဋေတစ်သိန်း ဖြစ်ပြီးတော့
ပျက်နေတဲ့ ရုပ်ကို နာမ်က သိနေလျှင် ဖြစ်ပျက်ကို သိတော့တာပဲ။ ဖြစ်ပျက်ကို
သိတာ အဓိပညာလို့ ခေါ်တယ်”
ဝေဘူဆရာတော်ဘုရားကြီးက ပိဋကတ်တော်များကို
ခြုံငုံ၍ ဝိပဿနာ လုပ်ငန်းစဉ် တစ်ခု လုံးအတွက် လမ်းညွှန်ဟောကြားထားသော
အလုပ်ပေးတရားဟု မှတ်ယူနိုင်၏။ အားထုတ် ခါစ ယောဂီတစ်ဦး အနေဖြင့် အစပထမတွင်
ဗောဓိပက္ခိယတရား (၃၇) ပါး မဂ္ဂင် (၈) ပါးစ သော တရားတော်များကို
နားလည်နိုင်မည် မဟုတ်သေးပေ။ နားလည်ရန် မဆိုထားဘိ။ ဗောဓိပက္ခိယ၊ ဣနြေ္ဒ၊
ဗိုလ်၊ ဗောဇ္ဈင်၊ မဂ္ဂင်စသော အမည်နာမများနှင့် တရားအင်္ဂါ အချက်အ လက်များကိုပင်
အတော်လေး ကြိုးစာ၍းလေ့လာမှတ်သား ရပေမည်။
သို့သော် သဒ္ဓါ
ဝီရိယမှန်မှန်ဖြင့် ဘာဝနာလုပ်ငန်းစဉ်များကို ကြိုးပမ်း ဆောင်ရွက်သွားမည်
ဆိုပါလျှင် သဘောတရားနှင့် လက်တွေ့ပေါင်းစပ်မိပြီး တဖြည်းဖြည်း
ကျယ်ကျယ်ပြန့်ပြန့် သိမြင်နားလည် လာပေမည်။ ဆရာတော်ဘုရားကြီးက ဘာဝနာ
လုပ်ငန်းစဉ်ကို ခြုံငုံ၍ မိန့်ဆို တော်မူပြီးနောက် အသေးစိပ်
လုပ်ငန်းစဉ်များကိုလည်း ဤသို့ ဆက်လက်၍ ညွှန်ပြ တော်မူပါ သည်။
“အများနားလည်အောင် ပြောရမယ်ဆိုလျှင် ခန္ဓာကိုယ်မှာ ထင်ရှားတဲ့ အစိပ်အပိုင်း
တစ်ခုဖြစ် တဲ့ နှာဖျားနှာဝမှာ ထွက်လေဝင်လေ နှစ်ရပ်ဟာ အမြဲတိုက်ဝင်
တိုက်ထွက်နေတယ်။
နှာဖျား နှာဝမှာ ကာယပသာဒ အကြည်က အထိခံ၊
ထွက်လေဝင်လေဖြစ်တဲ့ လေနှစ်ရပ် ဝါ ယောဖောဋ္ဌဗ္ဗက ထိတယ်။ ထိုအထိခံနဲ့ “ထိတာကရုပ်
သိတာကနာမ်” ဆိုတော့ ဒကာ ဒကာမကြီးတို့ သူများကို မေးမနေနဲ့။ ကိုယ့်နှာဝကို
ဉာဏ်နဲ့ စောင့်ကြည့်၊ ဝင်တော့ ထိပြီး ဝင်မယ်။ ထွက်တော့လည်း ထိပြီး ထွက်မယ်။
ထိတာကို သိ သိနေလျှင် လောဘ ဒေါသ မောဟ ဖြစ်ခွင့် မရလို့ လောဘမီး ဒေါသမီး
မောဟမီး ငြိမ်းတယ်။ ငြိမ်းတော့ အေးတယ်။
မထိခင်ကလည်း သိလို့
မဖြစ်ဘူး။ သိပြီးပြန်တော့လည်း သိလို့ မဖြစ်ဘူး။ ထိတုန်းကိုသာ သိရမှာ
ဖြစ်တယ်။ အဲဒါကို ပစ္စုပ္ပန်တည့်တည့်လို့ ဆိုတယ်။
ထိတာကို သိ
သိနေလျှင် “ရုပ်နာမ်သာ ရှိပါကလား” လို့ သိလိမ့်မယ်။ ရုပ်နာမ်မှတစ်ပါး ငါ သူ
တစ်ပါး ယောက်ျား မိန်းမ မရှိဘူးဆိုတာ၊ ဘုရားရှင် တရားတော် အမှန်ပါကလားလို့
ကိုယ့် ဟာကိုယ် သိလိမ့်မယ်။ သူများကို မေးနေဖို့ မလိုပါဘူး။
နှာဖျားနှာဝမှာ လေထိတာကို သိ သိ နေလျှင် ထိုအချိန်မှာ အတ္တဆိုတဲ့ကိုယ်
မရှိဘူး။
ထိုသိနေတဲ့ အချိန်မှာ ဉာဏ်အမြင် စင်ကြယ်တယ်။ သမ္မာဒိဋ္ဌိ
ဖြစ်တယ်။ ထိတာကို သိနေတဲ့ အချိန်မှာ ရုပ်နာမ်မှတစ်ပါး ဘာမှ မရှိပါလားလို့
သိတာကို နာမ်ရုပ်ကိုပိုင်းခြားပြီး သိတာမို့ “နာမရူပ ပရိစ္ဆေဒဉာဏ်” လို့
ခေါ်တယ်။
တထိတည်းထိ တသိတည်း သိနေလျှင် အတ္တစင်၍ ဉာဏ်အမြင်
စင်ကြယ်တဲ့ အကျိုးရတယ်။ ဒါဟာ တဒင်္ဂပဟာန် ခနအချိန်လေးမှာ ရတဲ့အကျိုး။
နည်းတယ်လို့များ မမှတ်လိုက်ကြနဲ့။
ကမ္မဋ္ဌာန်း ထိုင်ရတာ ဘာမှလည်း
မတွေ့ပေါင်၊ ဘာမှလည်း မရပေါင်လို့ မမှတ်လိုက်ကြနဲ့။ မြင့်မြတ်တဲ့ဘဝ
ဘုရားသာသနာနဲ့ တွေ့ကြုံခိုက်မှာ ဒီလို အကျိုးထူးများ ရနိုင်တယ်”
ဆရာတော်ဘုရားကြီး၏ မိန့်ဆိုချက်များမှာ လွန်စွာပင် ရှင်းလင်းပြတ်သား၍
ပြည့်စုံသည်ဟု ဆိုရပါမည်။ “ဧကောဓမ္မော တစ်ခုသောတရားဆိုတာ
ရုပ်ပ်ပေါ်နာမ်ပေါ်မှာ ယခုလို ဆောင် ထားတော့ (ရှုမှတ်နေတော့)၊ ကိလေသာ
သောင်းကျန်းမှု မရှိလို့ ငြိမ်းတယ်။ ငြိမ်းတော့ အေးတယ်။ ဒကာ ဒကာမကြီးများ
သူများကို မေးနေဖို့ မလိုဘူး။ ကိုယ့်နှာဝမှာ ဉာဏ်နဲ့ စောင့်ကြည့်။
တထိတည်းထိနေတာကို သိ သိနေလျှင် ဉာဏ်အမြင် စင်ကြယ်တယ်။ ရုပ်နာမ်မှတစ်ပါး
ပုဂ္ဂိုလ်သတ္တဝါ မရှိပါလားလို့ ဘုရားရှင် ဟောတဲ့တရား တယ်မှန်ပါလားလို့
ကိုယ်တိုင် သိလိမ့်မယ်။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်း ကုဋေတစ်သိန်း
ဖြစ်ပျက် နေတဲ့ ရုပ်ကိုနာမ်က သိသိနေလျှင် ရုပ်နာမ်ဖြစ်ပျက်ကို မြင်မယ်”
စသော မိန့်ဆိုချက်များမှာ ပိဋကတ်သုံးပုံ အလုံးစုံ ပါဝင်၍ ပိဋကတ်တော်များကို
လက်လှမ်းမမှီသူများအတွက် လွယ်ကူ ရှင်းလင်းစွာ လုပ်ဆောင်နိုင်သော
လုပ်ငန်းစဉ်များပင် ဖြစ်ပါသည်။
မိမိလေ့လာမှတ်သားမိသလောက်
မြန်မာပြည်၌ ဝိပဿနာနယ်ပယ်တွင် ထင်ရှားကျော်စော သော ဆရာတော်ဘုရားကြီးများ၏
အလုပ်ပေး တရားတော်များမှာ ဟောကြားပုံ ဟောကြား နည်း ဒေသနာ ဝေါဟာရ
ကွဲပြားခြားနားသော်လည်း အချို့သော လုပ်ငန်းစဉ်များမှာ သ ဘောသဘာဝ ကွဲပြားခြားနားခြင်း မရှိ။ သဘောတရားချင်း တူညီနေသည်ဟု ထင်မြင်ယူ ဆ မိပါသည်။
ဥပမာ ဝေဘူဆရာတော်ဘုရားကြီးက “ရုပ်ကို နာမ်က သိနေလျှင် ဖြစ်ပျက်ကို
သိတော့တာ ပဲ” ဟု မိန့်ဆိုတော်မူသလို မဟာစည် ဆရာတော်ဘုရားကြီးက
“အာရုံနှင့်မှတ်စိတ် တစ်ထပ် တည်းကျအောင်ရှု” ဟု မိန့်ဆိုတော်မူပါသည်။
မဟာစည်ဆရာတော်ဘုရားကြီး မိန့်ဆိုတော်မူ သော “အာရုံနှင့် မှတ်စိတ်”ဆိုသည်မှာ
အာရုံဟူသည်ကား ရှုမှတ်ရမည့် ရုပ်တရား၊ မှတ်စိတ် ဆိုသည်မှာ ရုပ်တရားကို
မျက်ခြေမပြတ် ရှုမှတ်နေသော (သိမှတ်နေသော) နာမ်တရားပင် မဟုတ်ပါလား။
ထို့အတူ မိုးကုတ်ဆရာတော်ဘုရားကြီးကလည်း
“အရှုခံ ရှုဉာဏ်” ဟု မိန့်ဆိုတော် မူပါသည်။ အရှုခံဟူသည် ရှုမှတ်နေရမည့်
ရုပ်တရား (သို့မဟုတ်) ဓမ္မာရုံခေါ် နာမ်တရား ဖြစ်စဉ်များကို ရှုဉာဏ်
နာမ်တရားကပင် သိမှတ် ရှုမှတ်နေခြင်းကို ဆိုလိုသည် မဟုတ်ပါလား။
ထို့အတူ ကသစ်ဝိုင် ဆရာတော်ဘုရားနှင့် ဉာဏစာဂီ (နောင်သော် တေဇစက္ကီ) ဆရာတော်
ဘုရားကြီးတို့က “ပေါ်သိ ပေါ်သိ နိဗ္ဗာန်ထိ” ဟု မိန့်ဆိုတော် မူပါသည်။
ရုပ်ခန္ဓာ၌ဖြစ်စေ၊ နာမ်ခန္ဓာ၌ဖြစ်စေ ဖြစ်ပေါ်တိုင်း ဖြစ်ပေါ်တိုင်း ရှုဉာဏ်
(သို့မဟုတ်) မှတ်စိတ်ဖြစ်သော နာမ် တရားက သိမှတ်နေရန်ပင် မဟုတ်ပါလော။
ထို့အတူ စွန်းလွန်းဆရာတော်ဘုရားကြီးက
လည်း “ထိ သိ သတိ” “ထိမှုသိမှု ထိုနှစ်ခု သတိ ကြပ်ကြပ်ပြု” ဟု
မိန့်ဆိုတော်မူပါသည်။ “ထိသော် သိလိမ့်မယ်။ သိတဲ့အပေါ်မှာ သတိထား။
နှာခေါင်းမှာရှိတဲ့ ကာယပသာဒ ရုပ်အကြည်နဲ့ ထွက်လေဝင်လေရှိတဲ့ ဖောဋ္ဌဗ္ဗရုပ်၊
သူတို့နှစ်ဥိး ထိတော့ သိမှု နာမ်တရားလေး ပေါ်လာလိမ့်မယ်။ အဲဒီ ထိမှုသိမှုဆိုတဲ့
နာမ်ရုပ်နှစ်ပါးကိုပဲ သတိပြု၊ သတိထားရှု" ဟု ဆိုသဖြင့် အရှုခံ အာရုံဖြစ်သော
ရုပ်တရားကို ရှုဉာဏ် မှတ်စိတ် ဖြစ်သော နာမ်တရားက သိမှတ်နေရန်
မိန့်ဆိုခြင်းပင် ဖြစ်သည် မဟုတ်ပါလား။
ကျေးဇူးရှင် ဝန်းသိုမြို့
ခန္တီးဆရာတော်ဘုရားကြီး ဘဒ္ဒန္တသုဇန မဟာထေရ်ကလည်း “ဘယ် ဟာက အမှား။
ဘယ်ဟာကအမှန်ဟု မဆိုရ။ အားလုံး အမှန်ချည်းပဲဟု မှတ်ယူရမည်။
အဘယ့်ကြောင့်ဆိုသော် အာရုံတစ်ပါး စိတ်ထွက် မသွားစေဘဲ အားထုတ်ဖန်များ၍ သတိ
သမာဓိဉာဏ် ရင့်သန်အားပြည့် လာတဲ့အခါ ထိနေတာကလည်း ရုပ်တရား၊ ထွက်တာဝင်
တာလည်း ရုပ်တရား၊ ရှုတာရှိုက်တာလည်း ရုပ်တရား၊ ဖောင်းတာပိန်တာကလည်း ရုပ်တ
ရား၊ အားလုံးကုန် ရုပ်တရားချည်းပဲဟု မတွေမဝေ ရှင်းရှင်းလင်းလင်းကြီး
သိမြင်လာတယ်။
ရုပ်ကိုသိတော့ ရုပ်တရားကို အာရုံပြုနေတဲ့
သိမှတ်မှုကိုလည်း နာမ်တရားလို့ သိရောပေါ့။ ရုပ်နှင့်နာမ်သာလို့ သိသည်နှင့်
တစ်ပြိုင်နက် ၎င်းရုပ်နာမ်တို့၏ မမြဲဆင်းရဲ၊ ငါကောင်မဟုတ်၊ သူကောင်မဟုတ်၊
နာမ်ရုပ် အနတ္တ၊ လောဘတဏှာ သမုဒယသစ္စာကြောင့်ဖြစ်တဲ့ ရုပ်နာမ်နှစ် ဝ၊ ဒုက္ခသစ္စာ
အပေါင်းအစုမျှသာဟု ရှင်းလင်းစွာ သိ၍ ဝိပဿနာဉာဏ် အမြင်ရပြီး တစ်ဉာဏ်ပြီး
တစ်ဉာဏ်၊ လောကီဉာဏ် ဆုံးသွားတဲ့အခါ လမ်းဆုံးလျှင် ရွာတွေ့ ဆိုသကဲ့သို့
မိမိတို့ အလိုရှိ တောင့်တနေတဲ့ လောကုတ္တရာ နိဗ္ဗာန်ကို မျက်မှောက်
ပြုနိုင်ကြတာချည်း ဖြစ်လို့၊ နည်းမှန်လမ်းမှန်ဟု ယုံယုံကြည်ကြည်ဖြင့်
အားထုတ်ကြပါလေ သူတော်ကောင်းတို့” ဟု မိန့်ဆိုတော် မူလေသည်။
အထက်ပါ
ဆရာတော်ဘုရားကြီးများ၏ မိန့်ဆိုချက်ကို အနှစ်ချုပ် သတ္ထုချ၍ ကောက်ယူမည်
ဆိုသော် ဝေဘူဆရာတော်ဘုရား မိန့်ဆိုသည့်အတိုင်း “ဧကောဓမ္မော တစ်ခုသောတရား”
အရှုခံ ရုပ်တရားကို ရှုဉာဏ် နာမ်တရားဖြင့် အစဉ်မပြတ် ရှုမှတ်နေရေးသာ ပဓာန
ဖြစ်သည် ကို တွေ့ရပေမည်။ အရေးကြီးသည်ကား ယောဂီတစ်ဦး အနေဖြင့် မိမိတို့
နှစ်သက်ရာ ရှုမှတ် ပုံ ရှုမှတ်နည်း တစ်ခုခုကို လက်ကိုင်ထား၍ စွဲစွဲမြဲမြဲ
ရှုမှတ်ပွားများနေရန်သာ လိုအပ်မည် ဖြစ် ၏။
ရှုမှတ်နည်း တစ်ခုခုကို
လက်ကိုင်ထား၍ စွဲစွဲမြဲမြဲ ရှုမှတ်နေမည်ဆိုသော် ယောဂီ၏ သန္တာန် တွင်
တစ်နေ့ထက်တစ်နေ့ ယုံကြည်မှု သဒ္ဓါတရား၊ တစ်နေ့ထက်တစ်နေ့ တရားတော်ကို ကြိုး
ကြိုးစားစား အားထုတ်လိုမှု ဝီရိယတရား၊ အမှတ်ရမှု သတိ၊ စိတ်တည်ကြည်မှု သမာဓိ၊
ရုပ်နာမ် တရားတို့၏ အနိစ္စစသော လက္ခဏာရေးသုံးပါးတို့ကို သိမြင်မှု ပညာတရားများ
တိုးပွား လာပေမည်။ ထိုအခါ ယောဂီ အနေဖြင့် ဗောဓိပက္ခိယတရား (၃၇) ပါး စသည်ကို
ဃဃနန သိမြင် နားလည်သည်ဖြစ်စေ၊ မသိမြင် နားမလည်သည်ဖြစ်စေ၊ ယောဂီ၏
သန္တာန်တွင် ဗောဓိပက္ခိယတရားများ တစ်နေ့ တစ်ခြား တိုးပွားဖြစ်ပေါ်နေမည်သာ
ဖြစ်၏။ သဒ္ဓါ ဝီရိယစသော တရား ငါးမျိုး အားကောင်းလာခြင်း၊ အစိုးတရ
ဖြစ်ပေါ်လာခြင်းသည် နိဗ္ဗာန်မဂ်ဖိုလ်ကို မျက်မှောက် ပြုစေနိုင်သော ဗောဓိဉာဏ်၏
အသင်းဝင် ဗောဓိပက္ခိယ တရားများပင် မဟုတ်ပါလား။
ထို့ကြောင့်
အလုပ်ပေးတရားဟူသည် မိမိ နှစ်သက်ရာ နည်းလမ်းတစ်ခုခုကို ယုံယုံကြည် ကြည်
စွဲစွဲမြဲမြဲ အားထုတ်ဆောင်ရွက်ရန်သာ ဖြစ်ပါ၏။ အရေးကြီးသဖြင့် ထပ်မံ၍ ပြော
လိုက်ပါရစေ။ ဘယ်နည်းက အကောင်းဆုံး ဖြစ်မလဲ။ ဘယ်တရားရိပ်သာက နာမည်အကြီး
ဆုံးလဲဟု တွေဝေငေးမော၍ မနေဘဲ မိမိ နှစ်သက်ရာ၊ မိမိတို့နှင့် နီးစပ်ရာ
တရားနည်းလမ်း တစ်ခုခုကို လက်ကိုင်ပြု၍ ယုံယုံကြည်ကြည် စွဲစွဲမြဲမြဲ အားထုတ်
ဆောင်ရွက်ကြပါဟု အကြံ ပြု တိုက်တွန်းနှိုးဆော် လိုက်ရပါ၏။
သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာ ရှိပါစေ။
ဦးမာနိတ (ကျုံကဒတ်)
No comments:
Post a Comment