Friday, July 24, 2015
ကမ္ဘာ ပျက်ပုံတည်ပုံ
သံသရာခရီး မဆုံးသေးတဲ့သူတွေအတွက် ကမ္ဘာ
ပျက်တဲ့ဘေးဆိုတာက တွေ့ရမှာ ဓမ္မတာပဲနော်။ သံသရာခရီးကို ဒီကမ္ဘာမပျက်ခင်မှာ မိမိတို့က ဆုံးအောင်ပြုလုပ်နိုင်တဲ့ စွမ်းအားစိတ်ဓါတ်တွေကို ပြုပြင်ပြောင်းလဲ ပေးနိုင်တဲ့ စွမ်းအားရှိခဲ့မယ်ဆိုရင်တော့ ဒီဒုက္ခကြီးက လွတ်သွားနိုင်တယ်။ အဲဒီတော့ သံသရာခရီးမဆုံးရင် ဘယ်သွားကြသလဲ။
ဓမ္မတာကလေးတစ်ခုကို နည်းနည်းပြောမယ်။
ကမ္ဘာဦးကစပြောမှ နည်းနည်းသဘောပေါက်မယ်။ ကမ္ဘာဦးကာလမှာပေါ့။ အခုလိုကမ္ဘာပျက်ပြီး လဟာပြင်အတိုင်း တည်နေပြီးနောက် နောက်ထပ်ကမ္ဘာကြီး တည်ဆောက်ဖို့ရန်အတွက် ကမ္ဘာပြုတဲ့ ကမ္ဘာပြုမိုးကြီး စရွာပြီဆိုကြစို့နော်။ ပထမတော့ မိုးသေးမိုးဖွဲပေါ့။ အဲဒီကနေ တဖြည်းဖြည်း မိုးတွေကြီးကျယ်လာပြီးတော့ ဒီရေထုကို အောက်ကလေထုက ခံထားလိုက်တဲ့အခါမှာ တဖြည်းဖြည်း ရေထုရဲ့အပေါ်ကြောတွေက တင်းမာပြီးတော့ တဖြည်းဖြည်း ကျောက်တွေ ဖြစ်လာတယ်။ မြေတွေဖြစ်လာတယ်။ ကမ္ဘာကြီး တည်နေတယ်။
အဲဒီလို ကမ္ဘာကြီးတည်လာပြီးတဲ့ အချိန်အခါ ကာလကနေ စပြီးတော့ နောက်တော့ သစ်ပင်တွေ ရေမြေတောတောင်တွေ စသည်ဖြင့် ဖြစ်ထွန်းလာတဲ့ အချိန်အခါမှာ ဟိုးဗဟ္မာ့ပြည်လောက်မှာ သက်တမ်းကုန်ဆုံးသွားတဲ့ ဗြဟ္မာတချို့ဗြဟ္မာ့ပြည်မှ စုတေပြီးတော့
လူ့ပြည့်လူ့လောကမှာ ကိုယ်ထင်ရှားဖြစ်ကြတယ်။
ဗြဟ္မာကြီးတွေ လူ့ပြည်ဆင်းလာကြတာတော့ မဟုတ်ဘူး။ ဗြဟ္မာ့ပြည်မှ သက်တမ်းကုန်လို့ လူ့ပြည်ကို လူအဖြစ်နဲ့ ရောက်ရှိလာကြတယ်။ ဒါပေမယ့် သူတို့က ဗြဟ္မာကနေ လူ့ပြည်ကိုဖြုန်းကနဲ ရောက်စပုဂ္ဂိုလ်တွေဖြစ်တော့ မင်းကတော်ကျပုံစံမျိုးပေါ့။ အရှိန်အ၀ါ
ကလေးတွေက ရှိနေကြသေးတယ်။ ကိုယ်ရောင်ကိုယ်ဝါတွေ ထွန်းလင်းတောက်ပလျက် ရှိနေကြပါသေးတယ်။
အဲဒီကမ္ဘာဦး ကာလမှာရှိနေတဲ့ ပုဂ္ဂိုလ်တွေရဲ့သက်တမ်းကို ရေတွက်ကြည့်မယ်ဆိုရင် မရေမတွက်နိုင်လောက်အောင် သက်တမ်းရှည်တယ်။ အသင်္ချေယျတမ်းလို့ ခေါ်တယ်။ အဲဒီလို မရေမတွက်နိုင်လောက်အောင် သက်တမ်းရှည်ရာကနေပြီးတော့ တဖြည်းဖြည်း ရာဂ၊ ဒေါသ၊ မောဟတွေ ထူပြောလာတဲ့အတွက် တဖြည်းဖြည်း သက်တမ်းတွေ တိုသွားလိုက်တာ နောက်ဆုံး ဘယ်ရောက်သွားသလဲ။ (၁၀)နှစ်တမ်းရောက်... (၁၀)နှစ်တမ်းကျတော့ သတ်ကြဖြတ်ကြတဲ့ သတ္တန္တရကပ်တွေက
လွှမ်းမိုးလာကြတယ်။ အဲဒီအချိန်အခါမှာ ကြောက်ရွံ့ထိတ်လန့်တတ်တဲ့ ပုဂ္ဂိုလ်တချို့က တောထဲတောင်ထဲ ပုန်းပြီးတော့ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ လို့ခေါ်ဆိုအပ်တဲ့ ဗြဟ္မစိုရ်တရားလေးပါး ပွားလိုက်တဲ့အခါမှာ တဖြည်းဖြည်း သက်တမ်းတွေက ပြန်ရှည်လာပြန်တယ်။ (၁၀)နှစ်ကမွေးတဲ့ပုဂ္ဂိုလ်က အနှစ် (၂၀)
အနှစ် (၂၀) ကမွေးတဲ့ပုဂ္ဂိုလ်က အနှစ် (၄၀) ၊ အနှစ်(၄၀) ကမွေးတဲ့ပုဂ္ဂိုလ်က အနှစ် (၈၀)စသည်ဖြင့် တဖြည်းဖြည်း သက်တမ်းတွေ ရှည်သွားလိုက်တာ ဗြဟ္မစိုရ်တရား အားကောင်းရင် အားကောင်းသလောက် သက်တမ်းတွေရှည်သွားလိုက်တာ နောက်ဆုံးတော့ မရေမတွက်နိုင်တဲ့ အသင်္ချေယျတမ်း ရောက်သွားတယ်။
အဲဒီလို အသင်္ချေယျတမ်းကနေပြီးတော့ (၁၀)နှစ်တမ်း (၁၀)နှစ်တမ်း ကနေအသင်္ချေယျ အဲဒီလိုဆုတ်ကပ်၊ တက်ကပ် တစ်စုံကို အန္တရကပ်တစ်ကပ်လို့ ခေါ်ပါတယ်။ အဲဒီလို အန္တရကပ်ပေါင်း (၆၄)ကပ်၊ (၆၄)ကြိမ်ပြည့်ပြီ ဆိုရင်တော့ ဓမ္မတာအလျောက် ကမ္ဘာကြီး ပျက်တယ်။
မီးကြောင့် (၇)ကြိမ်တိုင်တိုင် ပျက်ပြီးတဲ့အခါ (၈)ကြိမ်မြောက်တိုင်း (၈)ကြိမ်မြောက်တိုင်းမှာ ရေကြောင့် ကမ္ဘာကြီးပျက်ရပြန်တယ်။ ဒီနည်းအတိုင်း မီးကြောင့်(၇)ကြိမ် ရေကြောင့် (၁)ကြိမ်၊ မီးကြောင့်(၇)ကြိမ်၊ ရေကြောင့် (၁)ကြိမ်၊ ဆိုတဲ့ဓမ္မတာအတိုင်း ကမ္ဘာကြီးပျက်လာလိုက်တာ (၆၄)ကြိမ်ပြည့်တဲ့အခါ လေကြောင့် တစ်ခါ ကမ္ဘာကြီးပျက်ရပြန်တယ်။
အဲဒီလို ကမ္ဘာကြီးပျက်တာဟာလည်း အန္တရကပ်ပေါင်း (၆၄)ကြိမ်လောက်ပဲ အချိန်ကာလ ကြာညောင်းပါတယ်။
သံဝဋ္ဋကပ်=ပျက်ဆဲကပ် လို့ခေါ်တယ်။ နောက်အပျက်အတိုင်း တည်နေတဲ့ကပ်= သံဝဋ္ဋဌာယီကပ်။ နောက်
ကမ္ဘာတည်နေဆဲကပ် = ၀ိဝဋ္ဋကပ်၊ နောက်တည်ပြီးအတိုင်း ဆက်လက်ရှိနေတဲ့ ၀ိဝဋ္ဋဌာယီကပ်၊ အားလုံးသောကပ်တွေဟာ အန္တရကပ်ပေါင်း (၆၄)ကြိမ်စီလောက်ပဲ။ ခုပြောတဲ့ သံဝဋ္ဋ၊ သံဝဋ္ဋဌာယီ၊ ၀ိဝဋ္ဋ၊ ၀ိဝဋ္ဋဌာယီလို့ ခေါ်တဲ့ ကပ်လေးကပ်ကို တစ်ကမ္ဘာလို့ခေါ်တယ်။
ဖားအောက်တောရဆရာတော်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment