ဘုန်းကြီးတို့ပရိသတ် မြင်ထားရမယ်။ သဘောပေါက်ထားရမယ်။ ငါ့ဘ၀ထဲမှာ ဘာတွေတော့ ရှိနေပြီ ဘာတွေတော့ ပြည့်စုံနေပြီ၊ ငါဘယ်လောက် ချမ်းသာနေပြီ ငါဘယ်လောက်ပြည့်စုံနေပြီ ဆိုပြီးတော့၊ ဘုန်းကြီးတို့ပရိသတ် သွားပြီးတော့ မကြည့်ပါနဲ့။ တကယ်အရေး အကြောင်းကြုံလာရင် ဒါတွေဟာ ကိုယ့် ကို မအိုအောင်လည်း လုပ်ပေး လို့လည်း မရပါဘူး။ ရှိသမျှစည်းစိမ်တွေ အကုန်ပုံပေးမယ် ဘယ်လောက်ပေးပေး အိုခြင်းနဲ့ ဝေးအောင် မဖန်တီးနိုင်ပါဘူး။ ဖြစ်နေတဲ့ အနာရောဂါပြောက်ရင် တော်ပါပြီ ရှိသမျှစည်းစိမ် သန်းပေါင်းများစွာ ကုန်ချင်ကုန်ပါစေ ဆိုတော့လည်း ဘုန်းကြီးတို့ပရိသတ် မပျောက်တဲ့ အနာရောဂါ တွေ အများကြီးပါ။ တစ်ချို့ကဆိုရင် ရှိသမျှစည်းစိမ် ကုန်ချင် ကုန်ပါစေ။ ဒီနိုင်ငံမှာ ကုသလို့မရရင် တခြားနိုင်ငံမှာ သွားကုမယ်။ ဒီဆရာဝန်နဲ့ ကုလို့မရရင်၊ တစ်ခြားဆရာဝန်နဲ့ ကုလိုက်မယ်။ ဘယ်လောက်ကုန်ကုန် ဘာတွေပဲ ကုန်သွားကုန်သွား၊ ရှိသမျှအားလုံး ကုန်သွားပါစေ၊ ကျန်းမာရင် တောပါပြီ ရောဂါကင်းရင် တော်ပြီ ဆိုပြီဆိုပြီးတော့ နာခြင်း တရားကို အန်တုတယ်။ နောက်ဆုံးတော့ လက်မြှောက်လိုက်ရတာပဲ။ အန်တုလို့မရပါဘူး။ သေခြင်းတရားကိုလည်း ဘုန်းကြီးတို့ ပရိသတ် သွားပြိုင်လို့ မရပါဘူး။ စိန်ခေါ်လို့ မရပါဘူး။ သက်ရှိသတ္တဝါ မှန်သမျှ၊ သေကိုသေကြ ရပါတယ်။
(ဓမ္မဒူတ ဒေါက်တာပညိဿရာဘိဝံသ)
No comments:
Post a Comment