မေး။ ။ ယခင်ဘ၀များက ၀ဋ်ကြွေးများ ပါရှိနေလျှင် ယင်းဝဋ်ကြွေးများ
ကျေအောင် မြတ်စွာဘုရားထံ၌ မည်ကဲ့သို့ ပေးဆပ်ရမည်ကိုအကျယ်တ၀င့်
ရှင်းလင်းဖြေကြားပေးတော်မူပ
ါဘုရား။
( မခိုင်-မရမ်းကုန်းမြို့နယ်၊ ရန်ကုန် )
ဖြေ။ ။ ၀ဋ်ကြွေးဟူသည်မှာ မိမိပြုခဲ့သောမကောင်းမှုများမှ
ငရဲစသော ပဋိသန္ဓေကျိုးပေးပြီးနောက် အကျိုးဆက်အနေဖြင့် ကျန်ရှိနေသော
ကံကြွင်းဖြစ်သည်။ ထိုကံကြွင်းကြောင့် ဤဘ၀ပ၀တ္တိအခါတွင် ခံစားရသော
ဘေးဒုက္ခများပင် ဖြစ်သည်၊
ဥပမာ- သူတဦးတယောက်ကို
ဓားဖြင့်ခုတ်သတ်ခဲ့၍ ငရဲ၌ ကျရောက်ခံစားရသည်၊ ငရဲမှလွတ်ကာ
တိရစ္ဆာန်စသည်ဖြစ်ရာ ဓားခုတ်ခံရ၍ သေခြင်း၊ လူ့ဘ၀ရောက်သည့်တိုင်အောင်
ဓားလက်နက်ဖြင့် ထိပါး၍ သေရခြင်းစသည်ဖြင့် ၀ဋ်ကြွေးများကို ခံစားရတတ်ပါသည်။
သူ့အသက်ကိုသတ်ရာ၌ အသတ်ခံရသူ မသေ၍ ကမ္မပထ ကံ မမြောက်သဖြင့် ငရဲ၌
မခံရသည့်တိုင်အောင် သေလောက်သည့်လက်နက် တမျိုးမျိုး ထိခိုက်ရှနာခြင်း-စသော
ဝဋ်ကြွေးများလည်း ရှိတတ်ပါသည်။ ယင်းဝဋ်ကြွေးအန္တရာယ်မှ ကင်းလွတ်ရန်
သို့မဟုတ် သက်သာရန် မြတ်စွာဘုရားထံ၌ ပေးဆပ်ရန်မလို၊ ကုသိုလ်ကောင်းမှုများကို
အဆက်မပြတ် ပြုလုပ်ရန်သာလိုပါသည်။
အကုသိုလ်အန္တရာယ်များ ကြားဖြတ်မ၀င်နိုင်ရန် သရဏဂုံ နှင့် သီလကို မပျက်အောင် ကျိုးပေါက်ပြောက်ကျားမရှိအောင် အထူးစောင့်စည်းခြင်း၊ စောင့်ရှောက်ထိန်းသိမ်းခြင်း၊
အမြဲတမ်း ဘုရားရှိခိုး၍ ပရိတ်မေတ္တာ ဘာဝနာတို့ကို ပွားများ၍နေခြင်း၊
သမထ-၀ိပဿနာတို့ကို သင့်လျော်သလို အားထုတ်ခြင်း၊ ဒါနကုသိုလ်ကို
သင့်လျော်သလို ပြုလုပ်ခြင်း… စသည်ဖြင့် ကုသိုလ်တရားဖြင့် ထုံမွမ်းနိုင်ရန်၊
ကုသိုလ်ကံ စေတနာ အားသေးမသွားရန် အရေးကြီးပါသည်။
***အဘယ့်ကြောင့်ဆိုသော် ၀ဋ်ကြွေးအန္တရာယ်တို့မှာ ကုသိုလ်ကံ အားနည်းအားပျော့နေချိန်တွင် ၀င်ရောက်တတ်သောကြောင့်ပင် ဖြစ်ပါသည်။***
ဘဒ္ဒန္တတိလောကသာရ (ရဝေထွန်း) ဆရာတော်ဖြေကြားသည်။
No comments:
Post a Comment