အကယ်၍ မကောင်းမှုတို့သည် များစွာ ရှိကြကုန်ငြားသော်လည်း အားထုတ်သင့် အားထုတ်ထိုက်သော လုံ့လ ဝီရိယတို့ကို အားထုတ်၍ ပယောဂသမ္ပတ္တိနှင့် ပြည့် စုံ ကြုံကြိုက်ကာနေသည်ဖြစ်အံ့။ မကောင်းမှု ကံတို့က အကျိုးပေးခွင့်မမူ၍ ကောင်းမူကံတို့ကသာ အကျိုးပေးခွင့်ရကြကုန်၏။
အကယ်၍ ကောင်းမူကံကြောင့် နတ်တို့စံရာ တာဝတိံသာနတ်ပြည်သို့ပင် ရောက်သွားစေကာမူ အားထုတ်သင့် ပြုလုပ်သင့် ဆောင်ရွက်သင့်သော အမူအလုပ်တို့ကို ပြုလုပ် အားထုတ် ဆောင်ရွက်ခြင်း မရှိမှု၍ အေးအေးလူလူ နတ်တို့၏ စည်းစိမ် ချမ်းသာကိုသာ ခံစားကာ နေကြရသည် မဟုတ်ဘဲ အားထုတ်သင့် ဆောင်ရွက်သင့် ပြုလုပ်သင့်သော အမှုအလုပ်တို့ကို အားထုတ် ဆောင်ရွက်ကြမှသာ မိမိတို့ ရရှိပြီးသော စည်းစိမ်ချမ်းသာမှ မပျက်စီးဘဲ အမြဲတည်တံ့စွာ နေနိုင်ကြကုန်၏။ သာမညနတ်တို့ကို မဆိုထားဘိဦး လူတို့ပြည်၊ ရွာ၌ လွန်စွာ ကျော်စော ထင်ရှားသော သိကြားမင်းသော်လည်း ပျင်းရိလျက်သာ မလုပ်မကိုင် နေထိုင်ခြင်းငှါ အခွင့်မရရှာပေ။
ထိုစကားကို ထင်ရှားစေဦးအံ့။ တစ်ရံရောအခါ သိကြားမင်းသည် အသုရာတို့နှင့် စစ်ဖြစ်ကြခိုက်တွင် စစ်တိုက်ထွက်ဖို့ရန် ကြိမ်ဖန်များစွာ စေခိုင်းပါသော်လည်းမရ ပျင်းရိကာ နေကြသော မိမိ သားတော် သုဝီရ၊ သုနေတ္တတို့ကိုခေါ်၍
" အိုချစ်သား သုဝီရ၊ သုနေတ္တတို့၊ အကြင်အရပ်ဒေသ၌ လုံ့လ ဝီရိယနှင့် ကင်း၍ ချမ်းသာခြင်းသုခကို ရ၏။ ထိုအရပ်ဒေသသို့ ကြွတော်မူကြပါကုန်။ သင်တို့၏ ပီတာသိကြား ငါ့ကိုလည်း ထိုအရပ်ဌာနသို့ ပို့ဆောင်ကြပါကုန်"
ဟု အခါခါ ဆုံးမဖူး၏။
အကြင်ရပ်မှာ၊ မလုပ်ပါဘဲ၊ ချမ်းသာသုခ၊ ရကုန်ကြက၊ သုဝီရချစ်သား ထိုသို့သွားပါ၊ သိကြားငါကို၊ ပို့ပါထိုသို့။
အနုဋ္ဌာနံ အဝါယာမံ၊ သုခံ ယတြာဓိဂစ္ဆတိ။ သုဝီရ တတ္ထ ဂစ္ဆာဟိ၊ မဉ္စ တထ္ထေဝ ပါပယ။
( ဒေဝတာသံယုတ်ပါဠိတော်)
သုဝီရ- ချစ်သား သုဝီရ။ ယတ္တ- အကြင်အရပ်ဒေသ အကြင်အရပ်ဌာန၌။ အနုဋ္ဌဟံ-ထကြွလုံ့လ မပြုမလုပ်ရဘဲ။ အဝါယာမံ-လုံ့လ ကြိုးကုတ် အားထုတ်ရခြင်း မရှိဘဲ။ သုခံ- မိမိတို့ အလိုရှိအပ်သော ချမ်းသာကို အဓိဂစ္ဆတိ- လွယ်လင့်တကူ မပူမပင် ယူငင်ရနိုင်၏။ တတ္ထ- ထိုသို့ လုံ့လမထူ ဉာဏ်မကူဘဲ ကံမူသက်သက် ချမ်းသာထွက်သော ထိုအရပ်သို့။ ဂစ္ဆ- လျင်စွာမသွေ သွားပါချေ။ မဉ္စ- သင်တို့ပီတာ သိကြားငါ့ကိုလည်း၊ တတ္ထေဝ- ထိုအရပ်သို့သာလျှင်။ ပါပယ- မရောက်ရောက်အောင် ရှေးရှုဆောင်၍ သားမောင် ယခု ပို့ပါလော။
ဤသို့လျှင် ကောင်းမူကုသိုလ်ကံ၏ အစွမ်းသတ္တိကြောင့် နတ်တို့နေရာ တာဝတိံသာသို့ ရောက်ကာ သွားငြားသော်လည်း ဥဋ္ဌာန ဖလ ကမ္မဖလ ဥပဇီဝိတအရပ်ဒေသမှ မလွတ်သေးရကား လုံ့လ ဝီရိယနှင့် ကင်း၍ မိမိတို့အလိုရှိအပ်သောအကျိုး၏ ပြီးဆုံးခြင်းသို့ မရောက်နိုင်ကြကုန်။ ထိုသို့ လုံ့လ ဝီရိယနှင့် ကင်း၍ ချမ်းသာခြင်း သုခကို မရနိုင်ကြသည့်အတွက် ရံခါရံခါ တရားတော်ကို နာကြားဖို့ရာ အားလပ်သော အချိန်အခါကို ရှာ၍ တရားနာလာကြကုန်သော သိကြားမင်း စာတုမဟာရာဇင် နတ်မင်းကြီးတို့သည် စိတ်ချလက်ချ စိတ်အေးလက်အေး ဖြည်းဖြည်းသက်သာ တာရှည်လေးမြင့်စွာ တရားတော်ကို ကြားနာ၍ နေနိုင်ကြသည် မဟုတ်မူ၍ လျှောက်ထား ကြားနာသင့်သော တရားစကားများကို လျှောက်ထားကြားနာပြီးသောအခါ (ဂစ္ဆာမ မယံ ဘန္တေ ဗဟုကရဏီယာ) " အရှင်ဘုရား တပည့်တော်များမှာ ပြုဖွယ်ရာကိစ္စတွေ များလှ၍ သွားပါရစေဦးဘုရား" ဟု လျှောက်ထားကာ သွားကြကုန်၏။
ဤသို့လျှင် နတ်ပြည်၌ ဖြစ်ကြသော နတ်သားတို့ပင် ဝီရိယနှင့် ကင်း၍ ချမ်းသာခြင်း သုခကို မရနိုင်ကြရကား လူ့ပြည်၌ ဖြစ်ကြသော လူသားတို့မှာ မူကား ဝီရိယ မဖက်ဘဲ ကံသက်သက်ဖြင့်သာ ဘယ်မှာ ချမ်းသာသုခကို ရနိုင်ကြပအံ့နည်း။ မရနိုင်သည်သာလျှင်တည်း။ ထိုစကားမှာ လွန်စွာ ဟုတ်မှန်၏။ အကယ်၍ ရှေ့ကုသိုလ်ကံ ထောက်မ၍ သူဌေးကြီး သူကြွယ်ကြီးအဖြစ်ကို ရငြားသော်လည်း ကောင်းသော လုံ့လ ဝီရိယဟု ဆိုအပ်သော ပယောဂသမ္ပတ္တိမှ ကင်းခဲ့သည်ဖြစ်အံ့ မိမိတို့ ရပြီးသော သူဌေးကြီး သူကြွယ်ကြီးတို့၏အဖြစ်မှာ ကြာမြင့်စွာ တည်တံ့ခြင်းငှါ မစွမ်းနိုင်မူ၍ မကြာမီ သူဆင်းရဲဘဝသို့ ကျရောက်ကြရမည်ကား မမှားဧကန် စင်စစ်မှန်၏။
D-eXistence မှ စံကျောင်းဆရာတော်ဘုရားကြီး ရေးသားစီရင်အပ်သော ကံ ဉာဏ် ဝီရိယ အကျယ်လက်စွဲကျမ်း စာအုပ် (စာမျက်နှာ ၆၉ - ၇၂)မှ ကောက်နုတ်တင်ပြသည်။
No comments:
Post a Comment