လူတွေကထင်နေကြတယ်၊ #“ငါ” ဒါနတွေပြုထားတာပဲ၊ သိန်း ထောင်ပေါင်းများစွာကုန်ကျခံပြီး
ကျောင်းဆောက်လှူခဲ့တာပဲ၊ သီလတွေ ဆောက်တည်တာပဲ၊ ရဟန်း တစ်ထောင်၊ တစ်သောင်းဒုလ္လဘ
ဝတ်ပေးခဲ့တာပဲ၊ ဘုရားတွေလဲ ဘယ်နှစ်ဆူတည်ပြီးနေပြီ။ အဟာရတွေလည်း ထမင်းရည်ချောင်းစီး
မောင်းတီးလှူခဲ့တာပဲ။ ကောင်းရာသုဂတိသို့ သေချာနေတာပဲလို့ ထင်နေကြမှာပါ။
ဂေါတမဘုရားရှင်လက်ထက်မှာ #“မာလိကာမိဖုရားကြီး” လောက်လှူတာ တစ်ယောက်မှ
မရှိဘူး။ (သင် သူ့လောက်လှူဖြစ်သလား?) ရှင်ဘုရင်ကို တစ်ခါလိမ်မိလို့ သေခါနီး ကုက္ကုစ္စဖြစ်ပြီး
သေတော့ ငရဲမှာ (၇)ရက် ကျခံလိုက်ရသေးတယ်။ သင်ကော ဘယ်နှစ်ခါ လိမ်ဘူးသလဲ?။ တစ်သက်
လုံး လိမ်ခဲ့တာကို ကိန်းဂဏန်းချပြီး ကျခံရမယ့်ငရဲသက်ကို တွက်ကြည့်လိုက်၊ တခြားကိစ္စတွေလည်း
ရှိကောင်း ရှိနေဦးမယ်။ ကိုယ့်ကိုယ်ကို အသိဆုံးပါ။
နှစ်ပေါင်း နှစ်သောင်းတန်း ကဿပမြတ်စွာဘုရား ပွင့်ထွန်းခဲ့တဲ့အချိန် သာသနာတော်ကြီးတစ်ခုမှာ ၀ိနည်း၊ သီလမြဲတဲ့ ရဟန်းကြီးတစ်ပါး သေခါနီး ကုက္ကုစ္စဖြစ်လို့ ရေနဂါးသတ္တ၀ါ ဖြစ်ရတယ်။
ဘုရားလက်ထက်တော်က ဘုရားနားမှာနေပြီး သီလမြဲတဲ့ #တိဿရဟန်းကြီး သင်္ကန်းစွဲသေတော့
သန်း ဖြစ်ခဲ့တယ်။
ဒါကြောင့် ပုထုဇဉ်တွေဟာ သိပ်ကောင်းပေတဲ့ ရွှေကျောင်းကြီးဆောက်လှူလှူ၊ ရွှေဘုရားကြီး
တည်တည်၊ တစ်သက်လုံး မညှိုးတဲ့သီလဆောက်တည်ထားပေမယ့် ရာနှုန်းပြည့် စိတ်မချရဘူး။
“ ယောစ ၀ဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ”
“ ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။”
(ဓမ္မပဒ ပါဠိတော်)
ဥဒယဗ္ဗယံ = ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို၊ အပဿံ အပဿန္တော = မသိမမြင်သော၊
ယောစ = အကြင်ပုဂ္ဂိုလ်သည်ကား၊ ၀ဿသတံ = အနှစ်တစ်ရာ ကာလပတ်လုံး၊ ဇီဝေ = အ
သက်ရှည်ကြာ တည်နေငြားအံ့၊ နသေယျော = မမြတ်၊ ဥဒယဗ္ဗယံ = ရုပ်နာမ်တို့၏ အဖြစ်
အပျက်ကို၊ ပဿတော ပဿန္တဿ = သိမြင်သော ပုဂ္ဂိုလ်၏၊ ဧကာတံ = တစ်နေ့တစ်ရက်မျှ၊
ဇီဝိတံ = အသက်ရှည်၍ နေရခြင်းသည်၊ သေယျော = မြတ်တော့သည်သာတည်း။ ။
ကျွန်တော်များ ၀ိပဿနာကို အားမထုတ်ရင် ရုပ်နာမ်ကိုမသိ၊ ၀ိပဿနာဉာဏ်အလင်း
ဓာတ်မပေါ်ဘဲ၊ မဂ်ဖိုလ်ကို မရနိုင်သဖြင့် သာသနာတွင်း၌အသက်တစ်ရာ ရှည်ကြာအောင်
နေရသော်လည်း လူဖြစ်ကျိုးမနပ်မမြတ်၊ ၀ိပဿနာတရားကို အားထုတ်၍၊ တစ်နေ့တစ်ရက်မျှ
အသက်ရှည်၍ နေရခြင်းက မြတ်သေးသည်ဟု မြတ်စွာဘုရားက ဟောတော်မူပါသည်။
ဒါကြောင့် ၀ိပဿနာသာလျှင် စိတ်အချရဆုံးမို့ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းတို့သည်လည်း
အပါယ်လေးဘုံမှ လွတ်မြောက်ရာ လမ်းစဉ်မှန်ကို သိရှိကြပြီး ဘ၀သံသရာ ခရီးကို သက်တောင့်
သက်သာဖြင့် နိဗ္ဗာန်ဆီသို့ လျှောက်လှမ်းနိုင်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်ကြပါစေ ကုန်သတည်း။
{ မြင့်ရွှေ(ပေါင်းတည်) ၏ “ငါ” ပါရင် နိဗ္ဗာန်ကလက်မခံ နှင့် ၀ဏ္ဏကျော်ထင် ဦးဘိုးစိန်၏
တရားထူးရရန် နှလုံးသွင်းဆင်ခြင်နည်း တို့မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
https://www.facebook.com/thein.wai.167
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment