Thursday, January 28, 2016

အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဒါနဝဂ်၊ ပထမသုတ်၌ လာဒါန (၈)မျိုး



၁။ အလှူခံရောက်လာလျှင် ကြန့်ကြာမနေဘဲ အရေးတယူ လှူဒါန်းခြင်း။
၂။ အကဲ့ရဲ့ခံရမည်ကိုလည်းကောင်း၊ အပါယ်ကျမည်ကိုလည်းကောင်း ကြောက်၍ လှူဒါန်းခြင်း။
၃။ မိမိအား ရှေးက ပေးကမ်းခဲ့ဖူးသူဟူ၍ မိမိက လှူဒါန်းခြင်း။
၎။ ဤပုဂ္ဂိုလ်သည် ယခု ငါက ပေးလှူလိုက်လျှင် နောင်အခါ ငါ့အား ပြန်၍ ပေးလှူလိမ့်မည်ဟု ရည်ရွယ်၍ ပေးလှူခြင်း။

၅။ လှူဒါန်းခြင်းသည် ကောင်းသောအလုပ်ဖြစ်သည်ဟု နှလုံးသွင်း၍ လှူဒါန်းခြင်း။
၆။ ငါသည် ချက်ပြုတ်၍ စားနေသူဖြစ်ပါလျက် မချက်မပြုတ်ရသော (ချက်စရာမရှိသော) ပုဂ္ဂိုလ်အား မလှူဘဲ စားခြင်းငှာ မသင့်ဟု နှလုံးသွင်း၍ လှူဒါန်းခြင်း။
၇။ ဤအလှူကို ငါလှူလိုက်လျှင် ငါ၏ ကောင်းသောဂုဏ်သတင်း ကျော်စောသံများ လွှမ်းမိုးပြန့်နှံ့သွားပေလိမ့်မည်ဟု နှလုံးသွင်း၍ လှူဒါန်းခြင်း။
၈။ သမထဝိပဿနာ ဘာဝနာတရား အားထုတ်ရာမှာ စိတ်ကောင်းစွာ မတည်ကြည်ဘဲရှိခဲ့သော် ထိုစိတ်တည်ကြည်စေရန် အဆင်တန်ဆာဖြစ်စေဖို့ ရည်ရွယ်၍ လှူဒါန်းခြင်း။
ဤရှစ်ပါးတို့ ဖြစ်၏။
ဤရှစ်ပါးတို့တွင် နောက်ဆုံးဖြစ်သော ဒါနသည်သာ အမြတ်ဆုံး ဖြစ်၏။
အကြောင်းမှာ - နောက်ဆုံးဒါနသည် သမထဝိပဿနာ အားထုတ်ရာ၌ စိတ်တည်ကြည် ရွှင်လန်းလာအောင် အားပေးအားမြှောက်ပြုကာ ဈာန်မဂ်ဖိုလ်ရကြောင်း ဒါနအထူးဖြစ်သောကြောင့်ပင်တည်း။
(၁)ဒါနနှင့် (၅)ဒါနသည် မြတ်သောဒါနပင် ဖြစ်၏။
(၇)ဒါနသည် အညံ့စားဒါန ဖြစ်၏။
(၂၊ ၃၊ ၄၊ ၆)ဒါနတို့မှာ အလတ်စားဒါနသာ ဖြစ်၏။
-----------------------------------------------------
တတိယဒါနသုတ်လာ ဒါနရှစ်မျိုး
***********************
တတိယဒါနသုတ်၌လာသော အခြားဒါနရှစ်မျိုးကိုလည်း သိသင့်ပေသည်။
၎င်းရှစ်ပါးတို့ဟူသည်ကား -
၁။ ချစ်ခင်၍ ပေးခြင်း။
၂။ မလွှဲသာသည့်အတွက် မုန်းလျက်နှင့်ပင် ဆောင့်ဆောင့်အောင့်အောင့် ပေးခြင်း။
၃။ အကြောင်းအကျိုး ဘာမျှမသိ နားမလည်ဘဲ ပေးခြင်း။
၎။ အများကဲ့ရဲ့မည်ကို ကြောက်၍လည်းကောင်း၊ အပါယ်ကျမည်ကို ကြောက်၍လည်းကောင်း၊ အလှူခံက တစုံတရာ ရန်ပြုမည်ကို ကြောက်၍လည်းကောင်း ပေးခြင်း။
၅။ ငါ့မိဘဘိုးဘွား အဆက်ဆက်ကပင် ပေးကမ်းလှူဒါန်းမှု ရှိခဲ့သည်။ ဤအဆက်အနွယ်ကို ယုတ်လျော့စေခြင်းငှာ မထိုက်ဟု နှလုံးသွင်း၍ ပေးခြင်း။
၆။ ဤအလှူကို လှူ၍ သေလွန်သည့်နောက် နတ်ပြည်ရောက်ရန် ရည်သန်၍ ပေးလှူခြင်း။
၇။ ဤအလှူကို လှူလိုက်လျှင် ငါ၏စိတ်သည် ကြည်လင်သွားလိမ့်မည်၊ နှစ်သက်ရွှင်လန်းသွားလိမ့်မည်ဟု စိတ်နှစ်သက်ရွှင်လန်းမှုကို မြော်ရှု၍ လှူဒါန်းခြင်း။
၈။ သမထဝိပဿနာ ဘာဝနာတရား အားထုတ်ရာမှာ စိတ်ကောင်းစွာ မတည်ကြည်ဘဲရှိခဲ့သော် ထိုစိတ်တည်ကြည်စေရန် အဆင်တန်ဆာဖြစ်စေဖို့ ရည်ရွယ်၍ လှူဒါန်းခြင်း။
ဤရှစ်ပါးတို့ ဖြစ်၏။
ဤရှစ်ပါးတို့တွင် နံပါတ် (၈)ဒါနသည်သာ အမြတ်ဆုံး ဖြစ်၏။
(၆၊ ၇)ဒါနတို့မှာ သင့်လျော်ကောင်းမြတ်သော ကုသိုလ်အရာ၌ ဖြစ်သည့် ပုညဝိသယဒါန ဖြစ်၏။
ကျန်သောဒါနတို့မှာ လောကအရာ ပေးကမ်းကြသော လောကဝိသယဒါနမျိုးဖြစ်၍ အညံ့စားသာ ဖြစ်ပေသည်။
ထို့ကြောင့် ဒါနရှင်အပေါင်းတို့သည် သံသရာဝဋ်မှ ထွက်မြောက်နိုင်ကြောင်း ဝိဝဋ္ဋနိဿိတဒါန၊ သံသရာကို မငဲ့သော ပါရမီမြောက် ဒါနများကို ပြုလုပ်နိုင်ကြပါစေကြောင်း စေတနာကောင်းဖြင့် ပတ္ထနာလောင်းအပ်ပါသည်။
အရှင်သြသဓ
ဓမ္မနန္ဒဝိဟာရ

No comments:

Post a Comment