ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့၏ အစသည် သရဏဂုံက ဖြစ်ပါသည်။ “ဗုဒ္ဓေါမေ သရဏံ အညံ
နတ္ထိ၊ ဓမ္မော မေ သရဏံ အညံ နတ္ထိ၊ သံဃော မေ သရဏံ အညံ နတ္ထိ” ဘုရား၊ တရား၊ သံဃာဟူ
သော ရတနာမြတ်သုံးပါးမှတစ်ပါး အခြားကိုးကွယ်ရာမရှိပါဟုလည်း နှလုံးသွင်းခံယူထားကြပါသည်။
ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးမှ တစ်ပါး အခြားတရား၊ အခြားအရာကို မိမိတို့ဆင်းရဲကို
ငြိမ်းပေးနိုင်သည်ဟု ထင်မှတ်ကာ အားကိုးရာအနေဖြင့် ယုံကြည်ဆည်းကပ် ကိုးကွယ်လျှင် မှားယွင်း
သော ယုံကြည်အားကိုးမှု၊ မှားယွင်းသော ကိုးကွယ်မှုသာဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ထိုတရား
ထိုအရာတို့၌ ဆင်းရဲငြိမ်းကြောင်း အကျင့်ကောင်း၊ အကျင့်မှန် မရှိသောကြောင့်ပင်ဖြစ်ပါ၏။
မြတ်စွာဘုရား လက်ထက်တော်အခါက အဂ္ဂိဒတ္တ ရသေ့ကြီးနှင့် တပည့်တစ်သောင်းတို့သည်
သစ်ပင်၊ တော၊ တောင်၊ သစ်သီး၊ ဥယျာဉ်၊ နတ်ကွန်းတွေကို ကိုးကွယ်နေကြ၏။ မြတ်စွာဘုရားက
သူတို့ ကိုးကွယ်နေကြသည်မှာ မှားယွင်းသော ကိုးကွယ်မှုတွေဖြစ်ကြောင်း ဆင်းရဲကို မငြိမ်းစေနိုင်
ကြောင်း ရတနာမြတ်သုံးပါးကို ယုံကြည်ကိုးကွယ်မှသာလျှင် မဂ္ဂင်ရှစ်တန် အကျင့်မှန်ကို ကျင့်ကြံ
အားထုတ်ခွင့် ရသဖြင့် သစ္စာလေးပါး အမှန်တရားကိုသိ၍ ဆင်းရဲငြိမ်းစေနိုင်ကြောင်း ဟောကြား
လျက် လမ်းမှန်ကို ပြပေးရ၏။ ထိုအခါမှပင် အဂ္ဂိဒတ္တနှင့် တပည့်အားလုံး အသိမှန် အမြင်မှန်ရကာ
ရဟန္တာ ဖြစ်သွားကြ၏။ ( ဓမ္မ-ဌ ၂၊ ၁၅၉၊ )
မြတ်စွာဘုရား သက်တော်ရှစ်ဆယ်ပြည့်သည့်ည ပရိနိဗ္ဗာန်စံခါနီး၌ ကုသိနာရုံပြည်၊ အင်ကြင်း
ဥယျာဉ်ကြီးအတွင်းဝယ် ကိုးကွယ်ရာဘာသာ အယူဝါဒ အမှားအမှန် ဝေဖန် ရွေးချယ်နိုင်ရန် သုဘဒ္ဒ
ပရိဗိုဇ်အား အောက်ပါသဘောတရားကို ဟောကြားတော်မူခဲ့ပါ၏။
၁။ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်ပါသော ဘာသာ၊ အယူဝါဒသည်သာလျှင် ကိလေသာကို ငြိမ်းစေ၏။ ကိလေ
သာငြိမ်းမှ ဆင်းရဲငြိမ်း၏။ ဆင်းရဲကို ငြိမ်းစေမှ မှန်ကန်သော ဘာသာ၊ အယူဝါဒ၊ မှန်ကန်သော ကိုး
ကွယ်ရာ ဖြစ်၏။
၂။ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်မပါသော ဘာသာ၊ အယူဝါဒသည် ကိလေသာကို မငြိမ်းစေနိုင်။ ထို့ကြောင့်
ဆင်းရဲကို မငြိမ်းစေနိုင်သဖြင့် မှန်ကန်သော အယူဝါဒမဟုတ်။ မှန်ကန်သော ကိုးကွယ်ရာ မဟုတ်။
ထို့ကြောင့် မဂ္ဂင်ရှစ်ပါးကို အားထားကိုးကွယ်ရာ (သရဏဂုံ) အယူဝါဒ မှန်မမှန် ခွဲခြားဝေဖန်ရန် ဘာ
သာရေး “ စံမှတ်ကျောက်” အဖြစ် မှတ်ယူထားသင့်ပေသည်။
{ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အခြေပျိုး ဗုဒ္ဓဘာသာကို ကိုးကားရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
https://www.facebook.com/thein.wai.167
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment