ဝိပဿနာရှုရတယ်ဆိုရင် ရိပ်သာသွား၊ ထိုင်မှတ် လို့ စိတ်ထဲမှတ်ယူကြတယ်။
မြတ်စွာဘုရားရှင်က သတိပဋ္ဌာနသုတ်ကို ကုရုတိုင်းသားတွေကို ဟောတော့ အရိယာဖြစ်သွားသူက ရဟန်းထက် လူကပိုများပါတယ်။ အဲဒီအချိန်က ရိပ်သာဆိုတာ မရှိသေးပါဘူး။
လူဝတ်ကြောင်ဆိုရင် စားဝတ်နေရေးအတွက် လုပ်ကိုလုပ်ရပါတော့မယ်။ စားဝတ်နေရေးအတွက် လုပ်ရပြီဆိုရင် ငြိမ်ငြိမ်လေးထိုင်မှတ်နေဖို့ သိပ်မလွယ်ပါဘူး။
ရိပ်သာ သွားတယ်ဆိုတာ သွားသင်ယူတာပါ။ တရားဆိုတာ ဘယ်လိုအားထုတ်ရလဲဆိုတာ မသိသေး လို့ သိအောင်သွားသင်ယူတာဖြစ်ပါတယ်။ သိလာပြီဆိုရင် မိမိရဲ့နေ့စဉ်ဘဝထဲမှာကို အားထုတ်ရမှာပါ။
ဒါဟာ လက်တွေ့ကျပါတယ်။
ရိပ်သာသွားအားထုတ်မှာ တရားအားထုတ်ဖြစ်မယ်၊ တရားရမယ် ဆိုရင် သာမန်လောကီလူသားတွေ အနေနဲ့ သိပ်မလွယ်လှပါဘူး။
ရိပ်သာကို သွားအားထုတ်နိုင်လှ ဆယ်ရက်၊ တစ်လပေါ့။
ရိပ်သာကိုသွားအားထုတ်တာဟာ ပလိဗောဓကင်းကင်းနဲ့ အားထုတ်ရလို့ အလွန့်အလွန် ကောင်းလှပါ တယ်။ ကောင်းလှပေမယ့် လူတိုင်း(အများစု) ဘယ်လိုမှ ရက်ရှည်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါဟာ လက်တွေ့ အဖြစ်ပျက်ပါ။
ရိပ်သာမှာ အမြဲနေပြီး အားမထုတ်နိုင်တော့ တရားအားထုတ်တတ်တော့ ဘူးဆိုတဲ့ အစွဲမျိုးမဝင်စေချင် ပါဘူး။
မြတ်စွာဘုရားရှင် ဟောထားတာက သတိပဋ္ဌာန် ပါ။ အခြေနေမျိုးစုံနဲ့ ရှုနိုင်ကြောင်း ညွှန်ကြားထားပါ တယ်။
ထမင်းဟင်းချက်၊ အလုပ်လုပ်၊ လမ်လျောက်၊ စတာတွေမှာလဲ သတိထားရင် ရနိုင်ပါတယ်။ ပုဆိုး၊ အင်္ကျီဝတ်တာအစ အိမ်သာတက်တာအထိ ရှုဖို့ဘုရားရှင် တိုက်ရိုက်ကိုရှုဖို့ ညွှန်ကြားထားပါတယ်။
အများစုက တရားအားထုတ်တာဆိုရင် ငြိမ်ငြိမ်လေးထိုင်၊ နှာသီးဖျားမှာ စိတ်ကိုထား၊ ထွက်လေဝင်လေ ကိုသိအောင်လုပ်တာလို့ တရားသေသဘော ထင်နေတတ်ကြပါတယ်။
ဒီနည်းစနစ်ဟာ တရားအားထုတ်နည်းတွေက နည်းစနစ်တစ်ခုမျှသာ ဖြစ်ပါတယ်။အချိန်သီးသန့်၊ နေရာသီးသန့်ပေးရပါတယ်။ ဒီနည်းစနစ်ကို နှစ်သက်ရင်လည်း လုပ်ပါ။ မှန်ပါတယ်။
ဒါမှမလုပ်ရင် မလုပ်တတ်တော့ဘူးဆိုရင်တော့ တရားဆိုတာ ဖြစ်လာမှာမဟုတ်တော့ပါဘူး။ လာကီလူသားတွေအတွက် တရားအားထုတ်ဖို့ အချိန် သီးသန့်၊ နေရာသီးသန့် ပေးနိုင်ဖို့ဟာ အတိုင်းတာတစ်ခုအထိပဲ ရနိုင်ပါတယ်။
မြတ်စွာဘုရားရှင်က ဝိပဿနာရဲ့ အာရုံတွေဟာ ဥပါဒါနက္ခန္ဓာ ငါးပါးလို့ ညွှန်ပြထားတယ်။ ဥပါဒါနက္ခန္ဓာ ဆိုတာ အချိန်တိုင်း၊ နေရာတိုင်းမှာ ဖြစ်နေတာပါ။ သတိမရှိလို့ မသိတာသာဖြစ်ပါတယ်။
တစ်ခုသတိပေးချင်ပါတယ်။ တရားအားထုတ်တာမှာ ပရမတ်မြင်ရမယ်။ ဒါဆိုရင် ပရမတ်ဆိုတာ ဘာလဲ ဆိုတာတော့ အရင်သင်ယူထားသင့်ပါတယ်။
စအားထုတ်ပြီဆိုရင်လည်း အတင်းကာရော ပရမတ်မြင်ချင်စိတ်ကြီးနဲ့ တွန်းတင်မနေပါနဲ့။
သတိအားကောင်းအောင် ၊ သတိနဲ့ကိုယ် ကပ်မိနေအောင် အရင်လေ့ကျင့်နေလို့ရပါတယ်။ သွားရင် သွားတယ်လို့ သိနေတဲ့နေရာမှာ အစပိုင်းမှာ ပရမတ်ကို ဉာဏ်မိဖို့ဆိုတာ မလွယ်သေးပါဘူး။ တစ်သံသရာလုံး ပညတ်အစွဲတွေ နဲ့ သတိကင်းလွတ်ပြီးနေလာတဲ့ စိတ်ဟာ ချက်ချင်းလက်ငင်းကြီးတာ့ ပရမတ်ကို ချက်ခနဲ ယူဖို့ ခက်ခဲနေတတ်ပါတယ်။ ဒါအပြစ်မဟုတ်ပါဘူး။ ဉာဏ်အားနည်းနေသေးတဲ့အချိန်မှာ ဖြစ်တတ်တဲ့သဘာဝပါပဲ။
မနက်အိပ်ရာထလို့ မျက်စိနှလုံးပွင့်တာနဲ့ စသတိထားလို့ ရနေပါပြီ။ နိုးနိုးချင်းမှာ အတွေးတစ်ခုနဲ့ စတင် နိုးထသလား။ ကိုယ့်စိတ်ကိုယ် ပြန်မေးလိုက်ပါ။ အဲဒီလို ပြန်မေးလိုက်တာကိုက သတိကို စတင်အခြေတည် လိုက်တာဖြစ်ပါတယ်။
တွေးနေဆိုရင် ငါတွေးနေပါလားလို့ သတိရှိတဲ့စိတ်က စတင်သိရှိပါပြီ။ ဒါဆိုရင် မိမိရွေးချယ်လို့ ရပါပြီ။ ဒီအတွေး ဇာတ်ကြောင်းတွေနောက်လိုက်ပြီး ဆက်တွေးမလား။ ထင်ရှားရာ ပစ္စုပ္ပန်အာရုံတစ်ခုမှာ စိတ်ထားမ လား။
တရားအားထုတ်မယ့်လူက တစ်နေ့တာစီစဉ်စရာရှိတယ်ဆိုရင်၊ အကျိုးရှိမယ်ဆိုရင် ဆက်တွေးပေါ့။ အရေးမကြီးဘူး မလိုအပ်ဘူးထင်ရင် ကိုယ်အမူရာ၊ စိတ်အမူရာ တစ်ခုကို စတင်ပြီး သတိထားပေါ့။
အိပ်ရာကထမယ်၊ ခန္ဓာကိုယ်ကြီးကို မပြီ။ ထိုင်ပြီ၊ ရေချိုးခန်းသွားပြီ။ ရေခွက်ယူပြီ၊ ရေကိုထိပြီ၊ အေးတာကိုသိပြီ၊ မျက်ကိုရေနဲ့ထိပြီ်၊ အေးတာကိုသိပြီ်။
သိစရာ အသေးစိတ်အမူရာတွေ အများကြီးဖြစ်ပါတယ်။
များတိုင်းအကုန်သိဖို့မလွယ်ပါဘူး။ ကြားထဲမှာ အတွေးတွေထွက်ချင်လည်း ထွက်သွားပါလိမ့်မယ်။ ကိုယ့်စိတ်ကို မကြာခဏပြန်ပြန်မေးပေးပါ။ မင်းဘာကို သိနေလဲ။ ဘယ်လိုသိနေလဲ။
ဒီလိုမေးမေးပေးဟာ သတိကို ပြန်ပြန်ယူလိုက်တာပါပဲ။
" ဟင် ..တရားအားထုတ်တယ်ပြောပြီး၊ ဖြစ်ပျက်လည်း မပါဘူး.." လို့ ဆန္ဒမစောပါနဲ့။ ဉာဏ်ဆိုတာ သတိ၊ သမာဓိ အကူရှိမှဖြစ်ပါ။ ကိုယ်က ခုမှစသတိထူထောင်နေတာပါ။
တရားအားထုတ်ခြင်း အပါးမဝသေးပါဘူး။ အပါးဝလာရင် သတိထား ဆိုတာနဲ့ ပရမတ်အာရုံကို ဒက်ခနဲ ယူနိုင်ပါလိမ့်မယ်။
အချိန်သီးသန့်ရသေးတယ်ဆိုရင် ဘုရားဝတ်ပြုရင်း သီးသန့်လေးထိုင်ပြီး၊ အာနာပါနဖြစ်ဖြစ် ၊ မိမိကြိုက် နှစ်သက်တဲ့ နည်းနဲ့ဖြစ်ဖြစ် ထိုင်လိုက်ပါအုံး။ အလွန်တရာ ကောင်းပါတယ်။
လုပ်ငန်းခွင်ဝင်ဖို့ လမ်းလျောက်သွားတယ်။ ခြေလှမ်းနေတာကိုသိနေလား၊ လက်လွှဲလို့ လက်မှာလေ တိုးတာက ထင်ရှားနေလို့ သိနေလား။ ဒါမှမဟုတ် ဘာမှမသိဘဲ တွေးတောနေလား။ စိတ်ကို မေးခွန်းပြန်ပြန် မေးပါ။
ကိုယ့်စိတ်ကို မေးခွန်းမေးတဲ့ အလေ့အကျင့်လုပ်ပေးပါ။
ဒီလိုမေးလိုက်ပြီ ဆိုတာနဲ့ သတိဝင်ရောက်လာပါပြီ။ ဒါဆိုရင် စောစောက တွေးနေတယ်ဆိုရင်လည်း ငါ သတိလွတ်ပြီး တွေးသွားပါလားလို့ သိသွားပါပြီ်။ ကိလေသာစိတ် အကြမ်းစားတွေဖြစ်သွားရင်လည်း ဖြစ်သွား ပါလားလို့ သိလိုက်ပါပြီ်။
သိလိုက်ပြီ ဆိုကတည်းက တွေးစိတ်ရပ်သွားပြီဖြစ်တယ်။
ဒ်ီလိုဆိုရင် ဘယ်လောက်အကျိုးရှိလိုက်မလဲ။ ကိလေသာ ဖြစ်ကြောမရှည်တော့တဲ့အတွက် စိတ်ဟာ အတော်သက်သာရာ ရသွားပါပြီ။ လက်တွေ့ သတိရဲ့အကျိုးကို စတင်ခံစားရပါပြီ်။
လုပ်ငန်းခွင်ထဲမှာလဲ မကြာခဏ မိမိစိတ်ကို မေးခွန်းမေးပေးပါ။ မင်းဘာသိနေလဲ၊ ဘယ်လိုသိနေလဲ။ သတိကို ပြန်ပြန်ခေါ်လိုက်တာ ဖြစ်ပါတယ်။
ကွန်ပျူတာရိုက်နေမယ်။ စာလုံးတွေကို စိတ်ကဆိုနေတယ်။ လက်ကီးဘုတ်ခလုတ်တွေကို ရိုက်နေ တယ်။ အဲဒီထဲမှာ စိတ်ရှိနေလား။ သာမန်ရိုက်ရိုးရိုက်စဉ်ဖြစ်နေလို့ စိတ်နဲ့လက်က အလိုက်သင့်သွားနေတာ လား။ မေးပေးပါ။
အများအားဖြင့် ရိုက်ရိုးရိုက်စဉ် မို့လို့ သတိလက်လွတ်နဲ့ ပြုမူနေတာများပါတယ်။
မေးခွန်းမေးလိုက်တာနဲ့ သတိလက်လွတ်ပြုမူနေရင် ပြုမူနေမှန်းသိပါတယ်။ ဒါဆိုရင် စိတ်အဆိုနဲ့ လက်အရွေ့ကို သတိလေးထားလိုက်ပါ။ အဲဒီအချိန်မှာ ပြင်ပအတွေးတွေက လွတ်နေပါတယ်။ ပစ္စုပ္ပန် အဖြစ်အ ပျက် ကို သိနေပြီဖြစ်ပါတယ်။
စိတ်ကတစ်ခုခုဆ်ီကို အားပြုယူနေသလိုမျိုးခံစားရပါတယ်။ ပစ္စုပ္ပန်မှာ သိနေရတာထက် တစ်ခုခုဆီကို တွေးချင်သလိုလို ၊ ထွက်ချင်နေတာကို သိနေပါတယ်။
စိတ်ကို အလိုက်သင့်လျော့ပြီး ပစ္စုပ္ပန် ကိုယ်စိတ်အမူရာမှာပဲ စိတ်ပြန်ထားပါ။
အဲလို ကိုယ့်စိတ်ကို မေးခွန်းမေးပြီး သတိကိုတည်ဆောက်ယူလို့ အရှိန်ကောင်းလာရင်၊ အတွေး ထွက်တော့မယ်ဆိုရင် စိတ်ရဲ့ရုန်းနေမှုသဘောလေးကို တွေးချင်မှန်း အလိုလိုသဘောဆောင်ပြီး သိလာပါ တယ်။
ဒေါသဖြစ်ချင်လာပြီဆိုရင်လည်း သတိက ပြန်ပြီးအရင်သိနေပါလိမ့်မယ်။ ရင်ဘတ်တင်းပြီး ပခုံးတွေ တောင့်နေတာ ၊ စိတ်တင်ကျင်လာနေတာကို သိလာပါတယ်။ ဒါဆိုရင် စိတ်ကို ပြန်လျော့ယူလို့ ရပါပြီ်။
တရားအားထုတ်နေတယ်ဆိုပြီး စိတ်ကိုတင်းမပြစ်လိုက်ပါနဲ့။ ပိုဆိုးသွားပါလိမ့်မယ်။ နဂိုကတည်းက မငြိမ်ချင်တဲ့စိတ်ဟာ အတင်းချုပ်တည်းခံလိုက်ရရင် ပိုရုန်းနေပါလိမ့်မယ်။ ဒါဆိုရင် ပင်ပန်းပါတယ်။ ပင်ပန်းရင် သဒ္ဓါအားကျသွားပြီ တရားအားထုတ်ချင်စိတ် ပျောက်သွားတတ်ပါတယ်။
စရိုက်အလိုက် စိတ်က တွေးပါတယ်။
သတိအကျင့်လုပ်ပေးနေတာက မတွေးအောင်လုပ်နေတာမဟုတ်ပါဘူး။ တွေးသွားလေပြီးစိတ်ကို ပြန်သိ အောင်လုပ်တာပါ။ လောဘနဲ့တွေးသွားရင်လည်း တွေးသွားပါလား၊ ဒေါသနဲ့ တွေးသွားရင်လည်း တွေး သွားပါလား။ မောဟနဲ့တွေးနေရင်လည်း တွေးနေပါလားလို့ ပြန်သိအောင်လုပ်တာပါ။
ဒီသိအောင် ပြန်လုပ်တဲ့ သတိအကျင့်ထူထောင်တော့ တွေးကြောတွေ မရှည်တော့ဘူးပေါ့။ ဉာဏ်ပါဝင် လာပြီဆိုရင် အဲဒီရှေ့ကတွေးစိတ်တွေကို ဝိပဿနာအာရုံအဖြစ် ရှုပြစ်လိုက်ပါပြီ်။ ဒါဓမ္မာနုပဿနာ နီဝရဏ တွေကို ရှုနေပဲဖြစ်ပါတယ်။
အဲဒီ်လိုရှုနေဖို့၊ သတိထူထောင်ဖို့အတွက် က ရိပ်သာမှာမဟုတ်ပါဘူး။ အိမ်မှာ လုပ်ငန်းခွင်ထဲမှာ လုပ်နေတာပါ။
ရိပ်သာမှာက နီဝရဏကို ခွာထားပြီး ရှုပါတယ်။ ဒါတောင် သမာဓိအားကောင်းတဲ့လူအတွက် ပြောတာ ပါ။
သာမန်အချိန်တွေမှာတော့ န်ီဝရဏတွေနဲ့ နပန်းလုံးပါတယ်။ ကိုယ့်ဘက်က သတိအားနည်းရင် သူကအပေါ်ကနေ ကိုယ့်ကို ဖိထားတယ်။ ကိုယ်က သတိတစ်ချက်ပြန်ဝင်ရင် သူကိုပြန်ဖိပါတယ်။
ရိပ်သာမသွားနိုင်ရင် အိမ်မှာရှုနိုင်အောင် ပြောတာဖြစ်ပါတယ်။
သီးသန့်အချိန်ပေးပြီး သွားနိုင်ရင်တော့ သွားပါ။ ဆရာနဲ့ အနီးကပ်ရှိတာရယ်၊ ပလိဗောဓ ကင်းတာရယ် ကြောင့် ကောင်းမွန်လှပါတယ်။
အိမ်မှာရှုလည်းရတာပဲဆိုတာအချိန်လည်းသီးသန့်မပေးနိုင်သေး၊တစ်ကယ်ရှုချင်စိတ်လည်းရှိတဲ့လူတွေအတွက် ပြောတာပါ။ ဆင်ခြေတစ်ခုပေးဖို့ ပြောတာမဟုတ်ပါဘူး။
အိမ်ဆိုတာကတော့ ကိလေသာဆွဲအား ထူပြောတဲ့နေရာမို့ တော်ရုံစိတ်နဲ့ တွန်းလှန်နိုင်ဖို့တော့ မလွယ် လှဘူးပေါ့လေ။
တကယ်တော့ ဘယ်နေရာမှာမဆို လုပ်ချင်စိတ်အားကြီးဖို့၊ လုပ်တတ်ဖို့ နဲ့ လုပ်နေဖို့ပဲ ဖြစ်ပါတယ်။
အရှင်ပညာသီရိ (ရမ္မာကျွန်း )
No comments:
Post a Comment