Thursday, May 12, 2016

မဟာဝင်ထဲက အမေ့ကျေးဇူး



မဟာဝင်ဟူသည် မဟာသမ္မတမင်းမှစတင်၍ မင်းအဆက်ဆက် အကြောင်းအရာများကို ရေးသားထားသောကျမ်း (မဟာဝံသကျမ်း) ဖြစ်သည်။ အနန္တဂိုဏ်းဝင် မွေမိခင်၏ကျေးဇူးဂုဏ်၊ အမေ့ကျေးဇူးဂုဏ်ကို မဟာဝင်ကျမ်းတို့တွင်လည်း အထင်အရှား တွေ့ရှိရသည်။

ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် ၁၄-နှစ်အကြာ မဟာသက္ကရာဇ် ၁၆၂-ခုနှစ် မဇ္ဈိမဒေသမင်းဆက် ဓနနန္ဒမင်း လက်ထက်ဖြစ်သည်။ ဝေသာလီပြည်တွင် ဓနနန္ဒမင်း အုပ်စိုးချိန်၌ ဇာနက္ကပုဏ္ဏားသည် ပညာပြည့်ဝသူမင်းဖြစ်ထိုက်သော ဘုန်းပညာနှင့် ပြည့်စုံသူဖြစ်သည်။ မိခင်ပုဏ္ဏေးမကြီးကို လုပ်ကျွေးပြုစုသော သားလိမ္မာလည်း ဖြစ်သည်။
တနေ့သောအခါ မိခင်ပုဏ္ဏေးမကြီးသည် မိမိ၏သား ဇာနက္ကပုဏ္ဏားလုလင် မင်းဖြစ်လိမ့်မည်ဟူသော ကျော်စောသည့်သတင်းစကားကို ကြားသိရသည်။ ထိုအခါ -ငါ့သားသည် မင်းဖြစ်ခဲ့လျှင် ငါ့ကို ချစ်ခြင်းကင်းမဲ့သည်ဖြစ်၍ ငါ့ကို ကျွေးမွေးမည့်သူ မရှိတော့ပြီ။ ငါ့အတွက် ကိုးကွယ်ရာ မရှိတော့ပြီ-ဟု ငိုကြွေးမြည်တမ်းသည်။
ဇာနက္ကပုဏ္ဏားလုလင်က မိခင်ပုဏ္ဏေးမကြီးအား မိမိ မင်းဖြစ်မည်ဟူသော ဘုန်းကျက်သရေသည် မည်သည့်နေရာ၌ တည်ရှိနေသနည်း-ဟု မေးမြန်းသည်။
မိခင်ပုဏ္ဏေးမကြီးက ငါ့သား၏ သွားစွယ်လေးချောင်းတွင် တည်ရှိနေသည်-ဟု ပြောဆိုသောအခါ ဇာနက္ကပုဏ္ဏား လုလင်သည် မင်းဖြစ်ရသည်ထက် အမိကို လုပ်ကျွေးခြင်းက မြင့်မြတ်သည်-ဟု ပြောဆိုကာ မိမိ၏ သွားစွယ်လေးချောင်းကို ချိုးပစ်၍ အမိကို လုပ်ကျွေးပြုစုခဲ့သည်။
မင်းဖြစ်မည့် ဘုန်းကျက်သရေတည်ရှိသော သွားစွယ်လေးချောင်းကို ချိုးပစ်ပြီး မင်းအဖြစ်ကို စွန့်လွှတ်၍ မိခင်ကို အမြတ်တနိုးလုပ်ကျွေးပြုစုခဲ့သော သားလိမ္မာ ဇာနက္ကပုဏ္ဏားလုလင်၏ အမေ့ကျေးဇူးဆပ်ခဲ့မှု မဟာဝင်လာဖြစ်ရပ်ကို ညောင်ရမ်းခေတ် စာဆိုဦးကုလား ရေးသားပြုစုခဲ့သည့် မဟာရာဇ၀င်ကြီးတွင် ဤသို့ မှတ်တမ်းတင်ခဲ့သည်။
အခါတပါးသောကာလ၌ အမိပုဏ္ဏေးမသည် မိမိသား မင်းဖြစ်လတ္တံ့သော ကျော်စောခြင်းကို ကြားလတ်သော် ငါ့သားတည်း မင်းဖြစ်လတ်မူကား မင်းတို့မည်သည် မင်း၏အဖြစ်ကို ရသည်ရှိသော် မွေးသည့်မိခင်ကိုသော်လည်း ချစ်ခြင်းကင်းသည်ဖြစ်၍ မေ့လျော့တတ်သောသဘောရှိ၏။ ငါ့သား မင်းဖြစ်သော် ငါ့၌ ချစ်ခြင်းကင်းသည်ဖြစ်၍ မွေးကျွေးမည့်သူ မရှိ၊ ကိုးကွယ်ရာမရှိလတ္တံ့သတည်းဟု ငိုမြည်တမ်းလေ၏။
ဇာနက္ကပုဏ္ဏားလည်း ငါ မင်းဖြစ်အံ့သည်၏ ဘုန်းအသရေကား အဘယ်၌ တည်သနည်း-ဟု မယ်တော်အား မေးပြန်လေ၏။
မယ်တော်လည်း ငါ့သား အစွယ်လေးချောင်း၌ တည်သည်-ဟူ၍ ဆိုပေ၏။ ဇာနက္ကပုဏ္ဏားလည်း မင်းဖြစ်ရသောထက် အမိကို လုပ်ကျွေးရသော် ကောင်းမြတ်၏-ဟု မိမိအစွယ်ကိုချိုး၍ အမိကို လုပ်ကျွေးမွေးလေ၏။
မြန်မာသက္ကရာဇ် ၁၁၉၁-ခုနှစ် ခရစ်နှစ် ၁၈၃၇-ခုနှစ် ကုန်းဘောင်ခေတ် ဘကြီးတော်ဘုရားလက်ထက် ရဟန်းပညာရှိ လူပညာရှိ ပုဏ္ဏားပညာရှိတို့ဖြင့် စုစည်းရေးသားပြုစုခဲ့သော မှန်နန်းရာဇ၀င်တော်ကြီး-တွင်လည်း မဟာသက္ကရာဇ် ၁၆၂-ခုနှစ် မဇ္ဈိမဒေသမင်းဆက် ဓနနန္ဒမင်းလက်ထက်၊ ဇာနက္ကပုဏ္ဏား၏ မင်းဖြစ်မည့် ဘုန်းကျက်သရေ တည်ရှိသော အစွယ်လေးချောင်းကို ချိုးပစ်၍ မင်းအဖြစ် စွန့်လွှတ်ကာ မိခင်ကို အမြတ်တနိုး ပြုစုလုပ်ကျွေးသည့်ဖြစ်ရပ်ကို မဇ္ဈိမဒေသမင်းဆက်-အခန်း၌ ဤသို့ မှတ်တမ်းတင်ခဲ့သည်။
ဇာနက္ကပုဏ္ဏားသည် တက္ကသိုလ်ပြည်၌နေသော ပုဏ္ဏားတယောက်၏ သားတည်း။ ဗေဒင်သုံးပုံကို အပြီးတိုင်အောင် တတ်မြောက်၏။ မန္တရားမန္တာန်လည်း တတ်၏။ အကြောင်းဥပါယ်၌လည်း လိမ္မာ၏။ အလှည့်အပတ် မာယာလည်း တတ်လှစွာ၏။ အဖမရှိလျှင် အမိဖြစ်သော ပုဏ္ဏေးမကို လုပ်ကျွေးမွေးပေသသူဟူ၍၄င်း၊ ထီးဖြူဆောင်းထိုက်သော ဘုန်းအသရေနှင့် ပြည့်စုံသသူဟူ၍၄င်း ကျော်စောထင်ရှား၏
ထိုဇာနက္ကပုဏ္ဏားသည် တနေ့သောအခါ အမိငိုကြွေးရာသို့သွား၍ အဘယ့်ကြောင့် ငိုသနည်း-ဟုမေး၏။ အမိပုဏ္ဏေးမလည်း ချစ်သား သင်ကား မင်းဖြစ်လတံ့ဟု ကျော်စော၏။ သင်မင်းဖြစ်လတ်မူကား မင်းတို့မည်သည် မင်းအဖြစ်ကိုရသည်ရှိသော် မွေးသည့်မိခင်ကိုလည်း ချစ်ခြင်းကင်းသည်ဖြစ်၍ မွေးကျွေးမည့်သူမရှိ၊ ကိုးကွယ်ရာမရရှိလတ္တံ့ဟုကြံ၍ ငိုမြည်တမ်းသည်-ဟု ဆို၏။
ဇာနက္ကပုဏ္ဏားလည်း ငါမင်းဖြစ်အံ့သည်၏ ဘုန်းကျက်သရေသည် အဘယ်၌တည်သနည်း-ဟု အမိကို မေး၏။ အမိလည်း ငါ့သား အစွယ်တို့၌တည်သည်-ဟုဆို၏။ ဇာနက္ကပုဏ္ဏားလည်း မင်းဖြစ်ရသောထက် အမိကိုလုပ်ကျွေးရသော် ကောင်းမြတ်၏-ဟု မိမိအစွယ်ကိုချိုး၍ အမိကို လုပ်ကျွေးမွေးလေ၏။ ဤသို့လျှင် မိဘကျေးဇူးကို သိသဖြင့် မင်းအဖြစ်ကို စွန့်၍ အမိကိုလုပ်ကျွေးမွေးသသူဟု သူတကာအပေါင်းတို့ ချီးမွမ်းချီးမြှောက်ရာဖြစ်၏။ ထိုပုဏ္ဏားအကျင့်ကိုသိသော သားသမီးတို့ကို အလွန်လျှင် ဖြစ်ခဲလှ၏-ဟူ၍ အစဉ်ဆိုစရာဖြစ်သတည်း။
မဟာဝင်ထဲက ဇာနက္ကပုဏ္ဏားလုလင်၏ အနန္တဂိုဏ်းဝင်မွေးမိခင်၏ ကျေးဇူးဂုဏ်၊ အမေ့ကျေးဇူးဂုဏ်သည်ကား သားလိမ္မာဟူသော မည်ကာမတ္တ လိမ္မာသည်မဟုတ်။ ထီးနန်းစည်းစိမ်ကို သားလိမ္မာဘ၀နှင့် လဲလှယ်ဝံ့သည်အထိ လိမ္မာသူဖြစ်သည်။ ထို့ကြောင့်ပင် မှန်နန်းရာဇ၀င်တော်ကြီးကို ပြုစုခဲ့သော ပညာရှင်အပေါင်းတို့က ဇာနက္ကပုဏ္ဏားလုလင်-၏ အမေ့ကျေးဇူးဆပ်မှုကို ထိုပုဏ္ဏားအကျင့်ကို ထောက်သဖြင့် မိခင်၊ ဖခင်တို့ကျေးဇူးကိုသိသော သားသမီးတို့ကို အလွန်လျှင် ဖြစ်ခဲလှ၏ဟူ၍ အစဉ်ဆိုစရာဖြစ်သတည်း-ဟူ၍ ဥဒါန်းတွင်အောင် မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။
လှမြင့်-(ရန်ကုန်တက္ကသိုလ်)
( မြတ်မင်္ဂလာ ၂၀၀၇-ခု စက်တင်ဘာလ)

No comments:

Post a Comment