ယခုဘဝမှာ သောတာပန်ဖြစ်အောင် အားထုတ်မည်ဟု ရည်မှန်းချက်ထားသော ပုဂ္ဂိုလ်တို့သည် သောတာပန်ဖြစ်ကြောင်း အင်္ဂ`ါလေးပါးနှင့် ပြည့်စုံမှသာ မိမိတို့ရည်မှန်းသည့်အတိုင်း သောတာပန်အဖြစ်သို့ ရောက်ရှိနိုင်ကြမည်ဖြစ်ပါသည်။ သို့ဖြစ်၍ သောတာပန်ဖြစ်ကြောင်း အင်္ဂ`ါလေးပါးကို သိထားရန်လိုအပ်လှ၏။
၁။ သပ္ဗုရိသ သံသေဝေါ- သူတော်ကောင်းကို မှီဝဲဆည်းကပ်ရမည်။
၂။ သဒ္ဓမ္မသဝနံ- သူတော်ကောင်းတရား နာကြားရမည်။
၃။ ယောနိသော မနသိကာရော- ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတတ်ရမည်။
၎။ ဓမ္မာနု ဓမ္မပဋိပတ္တိ- မဂ်ဖိုလ်နိဗ္ဗာန် အားလျော်သော အကျင့်ရှိရမည်ဟူသော ဤလေးပါးကို မြတ်စွာဘုရားဟောထားတော်မူခဲ့၏။ (ပါထေယျ-ပါ-၁၉ ၀)
၁။ သူတော်ကောင်းကို မှီဝဲဆည်းကပ်ရမည်ဟူသည်- ယခုဘဝမှာပင် သောတာပန်ဖြစ်လိုသော ပုဂ္ဂိုလ်တို့သည် မဂ်ဖိုလ်နိဗ္ဗာန်သို့ရောက်ကြောင်း သူတော်ကောင်းတရားတို့ကို ဟောဖော်ညွှန်ပြဆိုဆုံးမတတ်သော သူတော်ကောင်း ဆရာကောင်းကို မှီဝဲဆည်းကပ်နေရမည်ဟု ဆိုလိုပါသည်။
၂။ သူတော်ကောင်းတရားကို နာကြားရမည်ဟူသည် ယခုဘဝမှာပင် သောတာပန်ဖြစ်လိုသော ပုဂ္ဂိုလ်တို့သည် မဂ်ဖိုလ် နိဗ္ဗာန်ရောက်ကြောင်း သတိပဋ္ဌာန် ဝိပဿနာစသော သူတော်ကောင်းတရားကို နာကြားရမည်ဟု ဆိုလိုပါသည်။ သဗ္ဗညုမြတ်စွာဘုရားနှင့် ပစ္စေကဗုဒ္ဓမှတစ်ပါး အရိယာသာဝက ဖြစ်သွားကြသော ပုဂ္ဂိုလ်တို့သည် တရားမနာကြားဘဲ အရိယာဖြစ်သွားသောပုဂ္ဂိုလ်ဟူ၍ မရှိပေ။ သို့ဖြစ်၍ သောတာပန်ဖြစ်လိုကြသော ပုဂ္ဂိုလ်တို့သည် သတိဋ္ဌာန် ဝိပဿနာစသော သူတော်ကောင်းတရားတို့ကို နာကြားကြရပေသည်။ ယခုဘဝမှာပင် သောတာပန်ဖြစ်လိုကြသော ပုဂ္ဂိုလ်တို့သည် ဝိပဿနာတရား အားထုတ်ကြရပေသည်။ ဝိပဿနာတရား အားထုတ်ရသော အလုပ်သည် ကိုယ် နှုတ်တို့ဖြင့် ပြုလုပ်အားထုတ်၍ မရပေ။ စိတ်ဖြင့်အားထုတ်ကြရပေသည်။ စိတ်ဖြင့်ပြုလုပ်ရသောအလုပ်သည် အလွန်ပင်ခက်ခဲနက်နက်သိမ်မွေ့လှပေသည်။ တစ်ခါတစ်ရံ တရားတွေ အတွေ့မကောင်း၊ တရားတွေမှတ်မှတ်ရခက်၊ တရားတွေကြာနေ၍ စိတ်ဓာတ်များကျဆင်း သွားတတ်ကြပေသည်။ တစ်ခါတစ်ရံတော့လည်း တရားတွေအတွေ့ကောင်း၊ တရားတွေ ထူးထူးခြားခြားတွေ့ရ၍ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး စိတ်တွေပျံ့လွင့်နေသဖြင့် မှတ်လို့မကောင်းဖြစ်ကာ တရားမတက်ဘဲ ဖြစ်နေတတ်ပါသည်။ ထိုကဲ့သို့ စိတ်ဓာတ်ကျဆင်းခြင်း၊ စိတ်ပျံ့လွင့်ခြင်းများဖြစ်နေသောအခါ မိမိတို့နှင့် သင့်လျော်သော သူတော်ကောင်းတရားတို့ကို နာကြားလိုက်ရသည်ရှိသော် စိတ်ဓာတ်ကျဆင်းခြင်း၊ စိတ်ပျံ့လွင့်ခြင်းများ ကင်းပျောက်သွားကြပါသည်။ တရားရှုမှတ်၍ ကောင်းသွားတတ်ကြပေသည်။ တရားတွေတက်သွားတတ်ကြပေသည်။ သို့ဖြစ်၍ သောတာပန်ဖြစ်လိုသော ပုဂ္ဂိုလ်တို့သည် သူတော်ကောင်းတရားတို့ကို နာကြားရမည် ဖြစ်ပေတော့၏။
၃။ Proper intention လို့ခေါ်တဲ့ ယောနိသောမနသိကာရ လို့ခေါ်တဲ့ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတတ်ရမည်ဟူသည်- ကောင်းသောအကျိုးပေး ဣဋ္ဌာရုံများနှင့်ပင်တွေ့ရတွေ့ရ၊ မကောင်းသော အကျိုးပေးအနိဋ္ဌာရုံများနှင့်ပင် တွေ့ရတွေ့ရ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတတ်ရမည်ဟု ဆိုလိုပါသည်။နှလုံးမသွင်းတတ်သော ပုဂ္ဂိုလ်တို့သည် ကောင်းသောအကျိုးပေး ဣဋ္ဌာရုံများနှင့်တွေ့သောအခါ တက်မက်ခြင်းလောဘ ဖြစ်ကြရပေသည်။ မကောင်းသော အကျိုးပေး အနိဋ္ဌာရုံများနှင့် တွေ့ရသောအခါ နှလုံးမသာမယာဖြစ်ခြင်း ဒေါမနဿစိတ်ဆိုးအမျက်ထွက်ခြင်း ဒေါသဖြစ်ကြရပေသည်။ ကောင်းသောအကျိုးပေး၊ ဣဋ္ဌာရုံနှင့် တွေ့ရသောအခါ ဤသို့နှလုံးသွင်းကြရမည်ဖြစ်ပေသည်။ ဤကောင်းသောအကျိုးပေး ဣဋ္ဌာရုံများနှင့် တွေ့ရကြုံရခြင်းသည် အတိတ်ဘဝများက မိမိပြုလုပ်ခဲ့သော ကောင်းမှု ကုသိုလ်ကံများကြောင့် တွေ့ရခြင်းဖြစ်ပေသည်။ နောင် အနာဂါတ်ကာလ အနာဂါတ်ဘဝများ၌လည်း ကောင်းသည့်အကျိုးပေး ဣဋ္ဌာရုံများနှင့် တွေ့ဖို့ရာ အကောင်းမြတ်ဆုံး နိဗ္ဗာန်ချမ်းသာ ရောက်သွားဖို့ရာ ကောင်းမှုကုသိုလ်တို့ကို များများပြုလုပ်မှတော်မည်ဟု နှလုံးသွင်းလိုက်လျှင် တက်မက်ခြင်းလောဘ မဖြစ်တော့ဘဲ ကုသိုလ်များသာ ဖြစ်ရကြပေသည်။
မကောင်းသောအကျိုးပေး အနိဋ္ဌရုံများနှင့် တွေ့ရသောအခါ ဤသို့နှလုံးသွင်းကြရမည် ဖြစ်ပေသည်။ ဤမကောင်းသော အကျိုးပေး အနိဋ္ဌာရုံများနှင့်တွေ့ရကြုံရခြင်းသည် အတိတ်ဘဝများက မိမိပြုခဲ့သော မကောင်းမှု အကုသိုလ်ကံများကြောင့် တွေ့ရခြင်းဖြစ်ပေသည်။ ဤမကောင်းသော အကျိုးပေး အနိဋ္ဌာရုံများကို ကောင်းမှုကုသိုလ်တရားတို့ဖြင့် လွန်မြောက်သွားနိုင်ပေသည်။ ကောင်းမှုကုသိုလ်တရားတို့ကို ရှေးကထက်ဆထက်တိုး၍ ပြုလုပ်မှတော်မည်ဟု နှလုံးသွင်းလိုက်လျှင် ဒေါမနဿ ဒေါသများမဖြစ်တော့ပါဘဲ ကုသိုလ်များသာ ဖြစ်ကြရပေသည်။
၎။ မဂ်ဖိုလ်နိဗ္ဗာန်အားလျော်သော အကျင့်ရှိရမည်ဟူသည် အဘယ်ကုသိုလ်မျိုးကိုပင် ပြုလုပ်ပြုလုပ် မဂ်ဖိုလ်နိဗ္ဗာန်သို့ ဦးတည်ညွတ်ကိုင်းသော စိတ်ဖြင့် ပြုလုပ်ရမည်ဟု ဆိုလိုပါသည်။ ဒါနပြုခြင်း သီလဆောက်တည်ခြင်းစတဲ့ ကုသိုလ်များပြုလုပ်သည့်အခါမှာလည်း မဂ်ဖိုလ်နိဗ္ဗာန်အားလျော်သော ဒါနသီလ ဖြစ်အောင် ပြုလုပ်ရမည်ဖြစ်ပေသည်။ မဂ်ဖိုလ်နိဗ္ဗာန် အားအလျော်ဆုံးဖြစ်သော အကျင့်မှာ ဝိပဿနာအကျင့်ပင်ဖြစ်ပေသည်။ သောတာပန်ဖြစ်လိုသော အမျိုးကောင်းသားသမီးတို့သည် ဝိပဿနာအကျင့်ကို အချိန်ရသမျှ ကျင့်ကြံအားထုတ်ကြရမည်ဖြစ်ပေသည်။ ဝိပဿနာအလုပ်ကို ကျင့်ကြံအားထုတ်ခါစ ရှေ့ပိုင်း၌ ကိုယ်ပင်ပန်း စိတ်ပင်ပန်း ကိုယ်ဆင်းရဲ စိတ်ဆင်းရဲများနှင့် ကြုံတွေ့ရမည် ဖြစ်သော်လည်း အလယ်ပိုင်း၌ လူသာမန်မဆိုထားနှင့် နတ်သာမန်တို့ပင် မခံစား မတွေ့ထိနိုင်သော ဝိပဿနာပီတိသုခတို့ကို ခံစားတွေ့သိရခြင်း အကျိုးတို့ကို ရရှိကြမည်ဖြစ်ပေသည်။ နောက်ပိုင်းမှာ ရှုမှတ်ရသည်မှာ အလွန်လွယ်ကူလာခြင်းအကျိုး၊ ချမ်းသာနှင့်ဆင်းရဲတို့ကို အညီအမျှ ရှုမှတ်နိုင်ခြင်းအကျိုး၊ အလွန်ကြောက်လန့်ဖွယ် အာရုံများနှင့် တွေ့ရသော်လည်း မကြောက်လန့်ခြင်း၊ အလွန်နှစ်သက်ဖွယ် စွဲလမ်းဖွယ်အာရုံများနှင့် တွေ့ရသော်လည်း မနှစ်သက်ခြင်းအကျိုး၊ လောကဓံတရားတို့နှင့် တွေ့ကြုံရပါသော်လည်း အလွန့်အလွန် မတုန်လှုပ်ပါဘဲ သည်းခံနိုင်ခြင်းအကျိုးတို့ကို ရရှိကြမည်ဖြစ်ပေသည်။
ဝိပဿနာတရားကို ဆက်ကာဆက်ကာ အားထုတ်၍ ဝိပဿနာဥာဏ်များ ပြည့်စုံသွားသောအခါ သောတာပတ္တိမဂ်ဥာဏ်ဖိုလ်ဥာဏ်သို့ရောက်၍ သောတာပန်ဖြစ်သွားကြမည်ဖြစ်ပေသည်။ ထိုအခါ အနမတဂ္ဂသံသရာ ဘဝများစွာက မသိမိုက်မှား၍ ပြုလုပ်ခဲ့မိသော အပါယ်လေးပါးသို့ ကျရောက်စေနိုင်သည့် ကံဆိုး ကံဟောင်းများ အားလုံးကင်းပြတ်သွားကြမည်ဖြစ်ပေသည်။ သောတာပတ္တိမဂ်ဥာဏ်က ပယ်သတ်လိုက်ပေသည်။ ယခုဘဝ၌ မသိမိုက်မှား၍ ပြုလုပ်ခဲ့မိသော အပါယ်လေးပါးသို့ ကျရောက်စေနိုင်သည့် ကံဆိုးကံဟောင်းများလည်း အားလုံးကင်းပြတ်သွားကြပေသည်။ အပါယ်တံခါးများ အပြီးတိုင် ပိတ်သွားကြရပေသည်။
သို့ဖြစ်၍ အပါယ်တံခါးများ ပိတ်သွားနိုင်သည့် သောတာပန်အဖြစ်သို့ ရောက်လိုကြသော အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည်
၁။ သူတော်ကောင်း ဆရာကောင်းကို မှီဝဲဆည်းကပ်နေရမည်။
၂။ သူတော်ကောင်းတရားကို နာကြားနေရမည်။
၃။ မိမိတို့၏ စိတ်ကို ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတတ်ရမည်။
၎။ မဂ်ဖိုလ်နိဗ္ဗာန် အားအလျော်ဆုံးဖြစ်သော ဝိပဿနာအကျင့်မြတ်ကို ကျင့်ကြံအားထုတ် နေကြရမည်ဖြစ်ပေသည်။
ဆောင်ပုဒ်။ ။ သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ သင့်ရာစိတ်ထား၊ လျော်ကျင့်များရှိ၊ လေးပါးပြည့်ပြန်၊ သောတာပန်၊ အမှန်ဖြစ်ကြောင်းတည်း။ (သဒ္ဓမ္မရံသီရိပ်သာဆရာတော်)
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
No comments:
Post a Comment