Friday, August 19, 2016

အရိယာတပုဿနှင့် ရဟန္တာအရှင်မြတ်ဘလ္လိက ညီနောင်။

         တပုဿ၊ ဘလ္လိကညီနောင်တို့သည် “အသိတဉ္စန” မြို့မှ လှည်းကုန်သည် သူကြွယ်သားများ
ဖြစ်ကြ၏။ နောင်တော်ကား တပုဿအမည်ရှိပြီး ညီတော်မှာ ဘလ္လိက အမည်ရှိ၏။ ညီနောင်နှစ်ဦးတို့
သည် ဗုဒ္ဓမြတ်စွာ အဌမသတ္တာဟအ၀င် ရာဇာယတနလင်းလွန်းပင်ရင်း၌ သီတင်းသုံး စံနေတော်မူ

စဉ် ဖူးတွေ့ခွင့် ကြုံခဲ့၏။ ဘုရားရှင်အား မုန့်ကြွပ်ကျစ်နှင့် ပျားဆုပ်မုန့်များ လှူဒါန်း၏။ သောက်တော်
ရေကပ်၏။ တရားတော် နာကြားရပြီး ဒွေဝါစီက သရဏဂုံ တည်ကြ၏။ မြတ်ဗုဒ္ဓထံမှ ဆံတော်ရှစ်ဆူ
ရရှိခဲ့ပါသည်။ ထိုဆံတော်မြတ်ကို ဌာပနာ၍ အသိတဉ္စနမြို့တံခါးဝ၌ စေတီတည်၏။ ဥပုသ်နေ့တိုင်း
စေတီတော်မှ ရောင်ခြည်တော်များ ကွန့်မြူးလေသည်။
         မြတ်ဗုဒ္ဓသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးစဉ် ညီနောင်နှစ်ဦးတို့အား ပထမသရန
ဂမန= ရှေးဦးစွာ သရဏဂုံ ခံယူသောအရာ၌ အသာဆုံး အမြတ်ဆုံးဟု ဧကဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်
တော်မူပါသည်။ ( တပုဿ၊ ဘလ္လိကညီနောင်တို့သည် မြတ်ဗုဒ္ဓထံမှ ဆံတော်ရှစ်ဆူ ရရှိပြီး ထိုဆံ 
တော်မြတ်ကို ဌာပနာ၍ အသိတဉ္စနမြို့တံခါးဝ၌ စေတီတည်ထားသဖြင့် မြန်မာနိုင်ငံ ရွှေတိဂုံစေတီ
ဌာပနာ ဆံတော်ရှစ်ဆူနှင့် ကွဲလွဲနေပါသည်။)
        မြတ်ဗုဒ္ဓသည် ရာဇဂြိုဟ်ပြည်၌ သီတင်းသုံးနေစဉ် ညီနောင်နှစ်ဦးတို့ ကုန်ရောင်းရောက်ကြ၏။
မြတ်ဗုဒ္ဓထံသို့ ဆည်းကပ်၍ တရားတော်ကို နာယူရာ နောင်တော် တပုဿမှာ သောတာပတ္တိဖိုလ်၌
တည်၍ သောတာပန် အရိယာဖြစ်လေသည်။ ညီတော်ဘလ္လိကကား ရဟန်းပြုပြီးမှ အဘိဉာဏ် ၆ ပါး
နှင့် ပြည့်စုံသော ရဟန္တာအရှင်မြတ် ဖြစ်တော်မူ၏။ ဤသို့  ညီနောင်နှစ်ဦးတို့၏ ထူးခြားသော ကြည်
ညိုဖွယ် ဂုဏ်ရည်များကို တွေ့ရပါသည်။ ။
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း
 တစ်ယောက်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment