Tuesday, March 14, 2017

ဒိဌိသုံးမျိုး၏ သဘောအဓိပ္ပာယ်။

      ( မိမိတို့မှာ) ခန္ဓာငါးပါးရှိ၏။ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ၀ိညာဏက္ခန္ဓာတို့ဖြစ်ကြသည်။
ဤခန္ဓာငါးပါးကို ချုံးလိုက်လျှင် ရုပ်နှင့်နာမ် နှစ်ပါးသာဖြစ်သွား၏။ ထို့ကြောင့်  ရုပ်နှင့်နာမ် နှစ်ပါးဆိုတာ ခန္ဓာငါးပါးနှင့်
အတူတူပင်ဖြစ်၏။
၁။ တချို့က ယူဆကြသည်။ ဤ ရုပ် နာမ် နှစ်ပါး၊ ခန္ဓာငါးပါး ပျက်စီးသွားလျှင် ခန္ဓာကြီး(ရုပ်)က ကျန်ရစ်ခဲ့၏။ မြေမြှုပ်
ရ၏။ မီးရှိုးရ၏။ ရေမျှောရ၏။ နာမ်ခန္ဓာတွေကတော့ ထိုသို့အပြုမခံ၊ ဆိုင်ရာဘ၀သို့ ကူးသွားကြသည်။ အထူးအားဖြင့်
ဝိညာဏ်ဆိုသော စိတ်ကလေးက ဆိုင်ရာဘ၀သို့ ကူးပြောင်းသွားသည်ဟု ယူဆကြ၏။
           ဤသို့ဖြစ်လျှင် ၀ိညာဏ်ဆိုသော စိတ်ကလေးက မသေဘဲ မြဲနေသည်၊ ခိုင်နေသည်ဟု အဓိပ္ပါယ်ရောက်သည်။
ထိုသို့ မြဲနေသည်၊ ခိုင်နေသည်ဟုယူဆလျှင် သဿတဒိဌိ ဖြစ်နေပြီ။
          *    သဿတ = ခိုင်မြဲနေသော
             *        ဒိဌိ   = အမြင်၊ အယူအဆ၊
၂။ အချို့ပုဂ္ဂိုလ်တို့ကား ရုပ် နာမ် နှစ်ပါး၊ ခန္ဓာငါးပါး ပျက်စီးသွားလျှင်(သို့မဟုတ်) သေသွားလျှင် ပြတ်ပြီ၊ နောက်ထပ်
အဆက်အစပ်မရှိ၊ သည်တစ်ဘ၀မျှသာဖြစ်၏။ သစ်ရွက်ကလေးတွေ ရင့်၍ ၀ါရော်လာပြီး ကြွေကျသွားလျှင် နောက်
ထပ်ပြန်ပြီး မစိမ်းစိုတော့၊ ခြောက်သွေ့ပြတ်တောက်သွားတော့သည်ဟု ယူဆကြ၏။
           ထို့အတူ ထိုပုဂ္ဂိုလ်သည်လည်း ဘယ်ဘ၀သို့မျှ ကူးပြောင်းသွားသည်မရှိ၊ သည်ဘ၀ပြီး၍ ပြတ်စဲသွားပြီ။ နောက်
ထပ် အဆက်အစပ်မရှိ၊ ဤသို့ ယူဆစွဲမြဲနေလျှင် ဥစ္ဆေဒဒိဌိဖြစ်နေပြီ။
                * ဥစ္ဆေဒ   = ပြတ်စဲသွားသော၊
                 *   ဒိဌိ    = အမြင်၊ အယူအဆ၊
၃။ နောက်တစ်မျိုးကား သက္ကာယဒိဌိ ဖြစ်၏။ ရုပ် နာမ်နှစ်ပါး ခန္ဓာငါးပါးသည်ပရမတ္တအားဖြင့် တကယ်အစစ်အမှန်ရှိ၏။
ထို့ကြောင့် ဤရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးကို ပါဠိလို သက္ကာယ ဟု ခေါ်ရသည်။
    *      သက္ကာယေ + ဒိဌိ = သက္ကာယဒိဌိ
             *  သက္ကာယေ    = ပရမတ်အားဖြင့် တကယ်အစစ်အမှန် ထင်ရှားရှိသော ရုပ်နာမ်အပေါင်း၌၊
                    *     ဒိဌိ    = အမြင်၊ အယူအဆ၊ အထင်မှား အမြင်မှား ဖြစ်နေခြင်းတည်း။ ။
    { မြင့်ရွှေ(ပေါင်းတည်) ၏ “ငါ” ပါရင် နိဗ္ဗာန်ကလက်မခံ မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment