Wednesday, April 5, 2017

အဠာနမေတံဂါထာနှင့် စံကင်းဆရာတော်ဘုရား


ဌေးလွင်( ဆားလင်းကြီး) ဆိုသည်မှာ ဆားလင်းကြီးမြို့တောင်ပေါ်ကျောင်းတိုက်၌ သီတင်းသုံးနေသောဆရာတော် ဦးအာဒိစ္စ၀ံသ၏ ကလောင်ဖြစ် ပါသည်။ စာရေးသူ နှစ်သက်သော အကြောင်းဖြစ်၍ အမတဒါန မျှဝေလိုက်ပါသည်။
(အရှင်ရာဇိန္ဒ- ရဝေနွယ် အင်းမ)
၁၉၈၁-ခုနှစ်၊ ဇူလိုင်လထုတ်၊ ရတနာမွန် မဂ္ဂဇင်းတွင် ကိုယ်တွေ့ အန္တရာယ်ကင်း  ဂါထာဟု ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးပါသည်။

ထိုဆောင်းပါး၏ နိဂုံးတွင် ပါဠိတော်လာ မူရင်းဇာတ်ကြောင်းကို အခွင့်သင့်သောအခါ ဆက်လက်တင်ပြပါဦးမည်ဟု ရေးသားခဲ့ပါသည်။ ထိုဆောင်းပါး ကို စိတ်ပါဝင်စားသူ အတော်များလှပါသည်။ ဆရာတော်တစ်ပါးကပင် ဆက်လက်ရေးသားရန် တိုက်တွန်းပါသည်။
အဠာနာမေတံ စသော အန္တရာယ်ကင်းဂါထာ ပါဠိကို ရရှိသူများသော်လည်း ပါဠိတော်လာ မူရင်းဇာတ်ကြောင်းကို သိသူ နည်းပါးလှပါသည်။ စာရေးသူသည် ဂါထာတော်ဖြစ်ပေါ်လာပုံ မူရင်းဇာတ်ကြောင်းကို ဆက်လက်ရေးသား ပေးပို့ခဲ့ပါသည်။ သို့သော စာမူပါ ဆုံးခဲ့ရပါတော့သည်။
ယခု စာရေးဆရာ မင်းသူရိန်က သူ၏ တန်ခိုးထက်မြတ်သည့် ဗုဒ္ဓဂုဏ်တော်များနှင့် ကိုယ်တွေ့ဖြစ်ရပ်များ အမှတ်(၅)တွင် ထိုဆောင်းပါးကို အသုံးပြုရန်နှင့် ဖြည့်စွက်ရန်များရှိပါက ဆက်လက်ရေးသားပေးပါရန် တောင်းဆိုလာပါသည်။
ပြည်သူများအတွက် ရေးသောစာဖြစ်၍ ပြည်သူအများ အကျိုးအတွက် ထည့်သွင်းဖော်ပြမည်ဖြစ်ရာ ကျွန်ုပ်အဖို့ ၀မ်းမြောက် စွာခွင်ပြုရုံမက ပါဠိတော် လာမူရင်း ဇာတ်ကြောင်းကိုပါ ဖြည့်စွက်တင်ပြလိုက်ပါသည်။
“အဠာနမေတံ” စသော ပါဠိတော်များ၊ စူဠ၀ဂ္ဂပါဠိတော်မှ ဖြစ်ကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ပါဠိတော်ဟူသည် မြတ်ဗုဒ္ဓ၏ မိန့်ကြားချက် စကားတော်ဖြစ်သည်။ ဘယ်နေရာ၊ ဘယ်ဌာနတွင် ဘယ်သူတို့ကို အကြောင်းပြု၍ ဤပါဠိတော်ဂါထာကို မိန့်မြွက်တော်မူခဲ့သည်ကို သိသင့်သိထိုက်လှ ပေသည်။
တစ်နေ့သောအခါ မြတ်ဗုဒ္ဓသည် ဂိဇ္ဈကုဋ်တောင်ရိပ်၌ လူးလာတုံ့ခေါက် စင်္ကြံလျှောက်တော်မူနေသည်။ ထိုအခါ ဒေ၀ဒတ်သည် ဂ္စျိကုဋ်တောင်ပေါ်သို့ တက်သွားပြီး ဤကျောက်တုံးဖြင့် ရဟန်းဂေါတမကို သတ်မည်ဟု ကြီးစွာသော ကျောက်တုံးကြီးကို လှိမ့်ချလိုက်လေသည်။
ထိုအချိန်တွင်  တောင်ထွတ်ကြီးနှစ်ခုတို့သည် မြတ်ဗုဒ္ဓ၏ တန်ခိုးတော်ကြောင့် လိမ့်ကျလာသော ကျောက်တုံးကြီးကို တစ်ပြိုင်တည်းလိုလို ၀င်၍ ခံလိုက်ကြသည်။ ကျောက်တုံးကြီးသည် မြတ်ဗုဒ္ဓထံသို့ မရောက်ဘဲ တုံ့ရပ်သွားသည်။
သို့သော် ထိုကျောက်တုံးမှ    ကျောက်လွှာတစ်ခုသည်  ကွဲပဲ့စင်ထွက်ကာ မြတ်ဗုဒ္ဓ၏ ခြေမတော်ပေါ်သို့ ကျလေသည်။ မြတ်ဗုဒ္ဓ၏ ခြေမတော်တွင် သွေးစိမ်းတည် (သွေးခြေဥ) သွားသည်။
မြတ်ဗုဒ္ဓသည် အထက်သို့ မော့်ကြည်တော်မူ၍ “မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျားမိုက်၊ သင်သည် များစွာသော မကောင်းမူတို့ ဖြစ်ပွားစေ အပ်ပြီ၊ သင်သည် ယုတ်မာသော စိတ်အကြံဖြင့် ငါ ဘုရားကို သွေးစိမ်းတည်အောင် ပြုဘိ၏။ အနန္တရိယ ကံကြီးကို ဆည်းပူးအားထုတ်ပေ၏” ဟုဒေ၀ဒတ်အား အမိန့်ရှိလိုက်သည်။
ဒေ၀ဒတ်သည် မြတ်စွာဘုရားရှင်အား သတ်ရန် အားထုတ်နေသည်ဟူသော သတင်းကို ရဟန်းတော်များ ကြားသိကြသည်။ ရဟန်းများတို့သည် ဘုရားရှင်၏ ကျောင်းတော်ကို ၀ိုင်းရံ၍ စင်္ကြံကြွကာ မြတ်ဗုဒ္ဓ လုံခြုံမူအတွက် စာပေများကို အသံကျယ်စွာဖြင့် ရွတ်ဖတ်သရဇ္ဈာယ်နေကြသည်။
မြတ်ဗုဒ္ဓသည် ရဟန်းတို့၏ အသံကျယ်စွာဖြင့် ရွတ်ဖတ်သရဇ္ဈာယ်သံတို့ကို ကြားတော်မူသည်။
“အာနန္ဒာ၊ ကျယ်လောက်စွာ ရွတ်ဖတ် သရဇ္ဈာယ်နေသော အသံတို့ကား အဘယ်နည်း” ဟုမေးတောမူ၏။
ရှင်အာနန္ဒာက “ရှင်တော်မြတ်ဘုရား၊ ဒေ၀ဒတ်က ရှင်တော်မြတ်ဘုရားအား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်အားထုတ်နေသော သတင်းကို ရဟန်းများ ကြားသိကြပါသည်။ ရဟန်းတော်တို့သည် ရှင်တော်မြတ်ဘုရား၏ ကျောင်းတော်ကို ၀ိုင်းရံလျက် စင်္ကြံလျှောက်ကာ စာပေများကို အသံကျယ်စွာ ရွတ်ဆိုစောင့်ရှောက်နေကြခြင်းဖြစ်ပါသည် ဘုရား“ ဟုလျှောက်ထားလိုက်သည်။
“ချစ်သား အာနန္ဒာ၊ သည်သို့ဆိုလျှင် ငါဘုရားအား စောင့်ရှောက်နေကြကုန်သော ရဟန်းများကို ငါ ဘုရားထံသို့ ခေါ်လိုက်ပါ“ ဟုမိန့်တော်မူ၏။
ရဟန်းတော်များ မြတ်ဗုဒ္ဓ၏ထံတော်သို့ စုံညီစွာ ရောက်လာကြသည်။ သင့်လျော်ရာ နေရာတွင် ထိုင်ကြ၍ မြတ်ဗုဒ္ဓအား ရိုသေစွာ ရှိခိုးကြသည်။
ဗုဒ္ဓရှင်တော်မြတ်က-
အဠာနမေတံ ဘိက္ခဝေ အန၀ကာသော၊ ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ။
အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ။“
ဟု မိန့်ကြားတော်မူ၏။
အနက်အဓိပ္ပါယ်မှာ --
“ချစ်သား ရဟန်းတို့၊ သူတစ်ပါးတို့၏ လုံ့လပယောဂကြောင့် ငါဘုရားသည် ပရိနိဗ္ဗာန်စံရန် အကြောင်းအခွင့်မရှိ။ ရဟန်းတို့၊ ငါဘုရားတို့မည်သည် သူတစ်ပါးတို့၏ လုံ့လပယောဂ မရှိဘဲသာလျှင် ပရိနိဗ္ဗာန်စံကြရမြဲ ဖြစ်ကုန်၏။“
ဤကား “အဠာနမေတံ“ ဟူသော ဂါထာတော်ကို ဘုရားရှင်၏ နှုတ်တော်မှ မြွက်တော်မူရခြင်း၏ မူရင်းဇာတ်ကြောင်းပင်ဖြစ်ပါသည်။
မြတ်ဗုဒ္ဓ၏ နှုတ်တော်မှ မိန့်မြွက်သော စကားတော်(ဂါထာတော်) မှန်လျှင်  ယုံကြည်လေးနက်စွာ ရွတ်ဆိုပွားများပါက အန္တရာယ်ကင်း၍ ကောင်းကျိုး ချမ်းသာရနိုင်ပါသည်။
ဥပမာ- ပဠာန်းပါဠိတော်ကို အမြဲတမ်းရွတ်ဖတ်၍ ကောင်းကျိုးရသူများ အလွန်များပြားလှပါသည်။ သို့သော် ထိုပဠာန်းပါဠိတော်ကို လာဘ်ရရန်၊ အန္တရာယ်ကင်းရန် တောင့်တသော ပါဠိဝေါဟာရ တစ်လုံးမျှ မပါဝင်ပေ။ မြတ်ဗုဒ္ဓ၏ တန်ခိုး ဂုဏ်ကျေးဇူးတော်နှင့် မိမိတို့၏ သဒ္ဓါတရား ထက်သန်မူ အစွမ်းပင်ဖြစ်ပါသည်။
ဖော်ပြပါ“ အဠာနမေတံ“ ပါဠိတော်နှင့် သက်ဆိုင်သော ကိုယ်တွေ့အကြောင်း အရာများကား အလွန်များပြားလှပါသည်။ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) မြန်မာစာအဖွဲ့ဝင်သည် ဤဂါထာကို အလွန်ယုံကြည်သူဖြစ်ပါသည်။ ထိုဂါထာပါဠိတော်ကို အန္တရာယ်ကင်းရုံအတွက်သာ မဟုတ်ပေ။ အစစအရာရာ အကျိုးပြီးနိုင်သော သဗ္ဗသိဒ္ဓိ ဂါထာဟုပင်  ယုံကြည်ထားသူဖြစ်ပါသည်။
သူ၏ ယုံကြည်ချက် ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို တင်ပြလိုက်ပါသည်။ ဆရာဦးမောင်မောင်တင်(မဟာဝိဇ္ဇာ) နှင့်အတူ ပန်းချီ ကိုစိန်မြင့်၊ ဦးစောလွင်(တက္ကသိုလ် မောင်စောလွင်) စသော အဖွဲ့ဝင်တစ်စု ဆားလင်းကြီးသို့ ကားဖြင့်ရောက်လာကြသည်။
သူတို့အဖွဲ့မှာ အရေအတွက် မနည်းလှပါ။ သူတို့အဖွဲ့သည် တောင်ပေါ်ကျောင်းသို့ သွားကြသည်။ သူတို့ကျောင်းသို့ ရောက်ချိန်မှာ နံနက်(၁၁) နာရီခွဲ ကျော်နေပါပြီ။ ကျောင်းမှ သံဃာတော်များ ဆွမ်းစား၍ပင် ပြီးနေကြပြီ ဖြစ်ပါသည်။
သို့သော် ထိုနေ့က တောင်ပေါ်ကျောင်းတွင် ဆွမ်းကပ်လှူပွဲတစ်ခုရှိနေရာ အဆင်သင့်ပင် သူတို့အဖွဲ့ဝင်များကို ထမင်းကျွေး ဧည့်ခံသည်။ သူတို့အဖွဲ့ဝင် အားလုံး ရင်းနှီးပျော်ရွှင်စွာပင် စားသောက်ကြပါသည်။
ထမင်းစားပြီးသော အခါ ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)က “ကဲ.. ဘယ်သွားသွား အားလုံးအဆင်သင့်ဖြစ်ပြီးသားပါ။ တစ်လမ်းလုံးလည်း သိပ်အဆင်ပြေတာပဲ၊ ဒီဂါထာက တစ်ကယ်အကျိုးပေးတာ“ ဟုပြောပါသည်။ သူ၏ ယုံကြည်ချက်မှာ ထိုထက်ပင် လေးနက်စွာ ယုံကြည်ထားကြောင်း စာရေးသူ ရိပ်မိပါသည်။ ထိုယုံကြည်ချက် စေတနာကြောင့်ပင် ဤ “အဠာနမေတံ” အန္တရာယ်ကင်း ဂါထာကို ကတ်ပြားကလေးများ ရိုက်နှိပ်ဝေငဌသည်မှာ အကြိမ်ပေါင်း များလှပေပြီ။
မကြာသေးမီက မန္တလေးသို့ တစ်ခေါက်ရောက်ခဲ့သည်။ ရောက်ခိုက် ဆရာ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) နှင့်တွေ့ဆုံခွင့် ရခဲ့ပါသည်။
ဆရာဦးမောင်မောင်တင်သည် နိုင်ငံတော်သမိုင်း သုတေသန ဦးစီးဌာန၊ အကြံပေးပုဂ္ဂိုလ်ဖြစ်၍ ယဉ်ကျေးမူများကို လေ့လာသိရှိနိုင်ရန် သရေခေတ္တရာ၊ မိုင်းမောတို့မှ တွေ့ရှိရသော ဘဒ္ဒပီဌပုံ၊ ပျုဒင်္ဂါး၊ ပုတီးစေ့၊ အိုးကွဲ၊ အုတ်ခွက် စသော ပုံများကို ဒီဇိုင်းဆွဲထားသော စာရွက်တစ်ရွက်ကို စာရေးသူအားပေးပါသည်။
ယင်းစာရွက်၏ နောက်ကျောဘက်တွင်  တံဆိပ်တုံးဖြင့် အန္တရာယ်ကင်း ဂါထာကို ရိုက်နှိပ်ပေးလိုက်ပါသည်။ ယခင်ကလည်း ကတ်ပြားတွင်  ရိုက်နှိပ်၍ ဆရာဦးမောင်မောင်တင်က ပေးပို့ခဲ့ဖူးပါသည်။ သူ့အခန်းနံရံတွင်လည်း ရေးသား ချိတ်ဆွဲထားသည်။
“တစ်ခါက လေယာဉ်ပျံပျက်ကျတုန်းက မသေဘဲ ကျန်နေတဲ့သူရဲ့ အိတ်ထဲမှာ ဒီအန္တရာယ်ကင်း ကတ်ပြားကလေး ပါတာပေါ့“ ဟု ဆရာ ဦးမောင်မောင်တင်က ပြောသည်။ မကြာမီက လက်တွေ့အဖြစ်အပျက်များကိုလည်း ဆက်လက်ပြောပြသည်။ ဆရာ ဦးမောင်မောင်တင်သည် ထိုအန္တရာယ်ကင်း ဂါထာကို ယုံကြည်၍ စိတ်ဝင်စားလှသည်။
ဆရာ၊ ဒီအန္တရာယ်ကင်းဂါထာနဲ့ ပက်သက်ပြီး စံကင်းဆရာတော်ဘုရားကြီး၏ ကိုယ်တွေ့ဝတ္တု၊ ဆရာတော်ကြီးကိုယ်တိုင် အမိန့်ရှိတာတွေ အများကြီး ကြားဘူးတာပေါ့“
“ဒီလိုဆိုရင် စာတစ်ပုဒ်လောက် ရေးစမ်းပါဦး၊ စာအုပ်လေးတစ်အုပ်ပေါင်းပြီး ထုတ်တန်ရတာပေါ့၊ ဒါမှမဟုတ်လည်း ရတနာမွန်မှာ ဆောင်းပါးတစ်ပုဒ် ရေးပါ“ ဟု ဆရာ ဦးမောင်မောင်တင်က စာရေးသူကို တိုက်တွန်းသည်။ ရတနာမွန်တွင် စာရေးဖို့ တိုက်တွန်းသည်ကတော့ ယခုမှ မဟုတ်ပေ။ သို့သော် ကိစ္စအထွေထွေကြောင့် မရေးဖြစ်ခဲ့ပါ။
၁၃၂၁။ (၁၉၅၉) ခုနှစ်၊ ၀ါဆို နေ၀င်စအချိန်။
မန္တလေးမြို့  မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ အဘိဓဇ မဟာရဠဂုရု ရွှေကျင်သာသနာပိုင် သက်တော်ရှည် စံကင်းဆရာတော် ဘုရားကြီး သီတင်းသုံးတော်မူသော သက်တော်ရှည် ကျောင်းဆောင်ပေါ်၌ ဖြစ်သည်။
ရဟန်းလေးတစ်ပါးသည် ဆရာတော်ကြီးကို ဦးသုံးကြိမ်ချ၍ လက်အုပ်ချီကာ ထိုင်နေသည်။ ထိုအချိန်က စာရေးသူမှာ ဆရာတော်ကြီးအနီးသို့ ရောက်နေ၏။
“ဘာကိစ္စလဲ“
ရဟန်းငယ်ကို ဆရာတော်ကြီးက မေး၏။
“ဘုရားတပည့်တော် အရပ်ပြန်မှာမို့ ဆရာတော်ကို လာကန်တော့ပါသည်ဘုရား“ ဟု ရဟန်းငယ်က လျှောက်သည်။
“ ဘယ်အရပ်မှာနေလဲ၊ တောကျောင်းလား၊ ရွာကျောင်းလား“
“တောကျောင်းမှာ နေမှာပါ ဘုရား“
“အေး ဒီလိုဆိုရင်ဖြင့် တို့ ရိုက်နှိပ်ဝေငှတဲ့ “ အဠာနမေတံ“ ဂါထာကို ရရဲ့လား။ ရရင် ဒါလေးကို အမြဲရွတ်ဖတ်၊ သိပ် ကျေးဇူးများတယ်။ တို့တော့ တစ်သက်လုံး အသုံးပြုလာတာပဲ ၊ ဂျပန်ခေတ်မှာ ဒါကိုပဲ  အားကိုးရွတ်ခဲ့တယ်။“
ဆရာတော်ကြီးက မေတ္တာ ကရုဏာ အပြည့်အ၀ပါသော အသံဖြင့် အမိန့်ရှိတော်မူသည်။ ရဟန်းကလေးက လက်အုပ်ချီ၍ နားစိုက်နေ၏။ ဆရာတော်ကြီးသည် “အဠာနမေတံ“ အစချီသော သဗ္ဗမဂ်လာ ဂါထာတော်လာ “ ဒိဝါ တပတိ အာဒိစ္စော“ အစရှိသော သဗ္ဗမင်္ဂလာ ဂါထာတော်ကို ရိုက်နှိပ်၍ ဓမ္မဒါနအဖြစ် ဝေငှ၏။ ကိုယ်တော်တိုင်လည်းအမြဲရွတ်ဖတ်သည်ဟု ကြားသိရဖူးသည်။ ဆရာတော်ကြီးက “ အဠာနမေတံ“ အန္တရာယ်ကင်းနှင့် ကိုယ်တွေ့ဝတ္တုများကို ဆက်လက်အမိန့်ရှိတော် မူပါသည်။
“ တို့ ဓနုဖြူ စံကင်းမှာ နေစဉ်တုန်းက ညနေပိုင်းမှာ အမျိုးသမီးတွေ ရေလာလှူလေ့ရှိတယ်၊ ဒီထဲမှာ “စိန်သုံ“ ခေါ်တဲ့ မိန်းကလေးတစ်ယောက်ပါတယ်။ သူ့အသက်က ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်လောက်ပဲ ရှိဦးမယ်။
“ အဲဒီနှစ်မှာ ပုလိပ်ကပ်ရောဂါဖြစ်တော့ စိန်သုံရဲ့ အမေလဲ ပုလိပ်ကပ်ထဲပါသွားတယ်၊ စိန်သုံတို့ရဲ့နေအိမ်ရှေ့က ချောင်းရှိတယ်။ တံတားကလေး ကူးထားရတယ်။
“စိန်သုံ အမေဆုံးပြီး ညမှာ လူတွေ ၀ိုင်းစောင့်အိပ်ရတဲ့အထဲက စိန်သုံဟာ အမ အမ ဆိုပြီး  ထလိုက်တာ ချောင်းဟိုဘက်ကမ်းအထိ ရောက်တယ်။ နှစ်ည သုံးည ထလိုက်တယ်။
“တို့ဆီ လာလျှောက်တာနဲ့ “  အဠာနမေတံ“ ကို တစ်ကြောင်းတည်း မိုင်းကိုင် စက္ကူထဲမှာရေးပြီး လည်ပင်းဆွဲပေးလိုက်တယ်။ အဲဒီညက စပြီး ကောင်းကောင်းအိပ်ရတယ်။
ဆရာတော်၏ အသံမှာ ကြည်လင်ပြတ်သား၍ စိတ်ဝင်စားဖွယ်ကောင်းသဖြင့် စာရေးသူ အာရုံစိုက်မိပါသည်။ ဆရာတော်က ဆက်လက်အမိန့်ရှိပြန် သည်။
အဲဒီနှစ်ကပဲ အရပ်ထဲမှာ(၁၄) နှစ်သားလောက်ရှိတဲံ့ လူငယ်တစ်ယောက် ပယောဂ၀င်ပြီး ဆူလိုက်၊ ဆဲလိုက်၊ ငိုလိုက်နဲ့ လုပ်နေတယ်။ ဘယ်သူမှ ပြောမရ၊ ဆိုမရ၊ ဘာလုပ်ရမှန်း မသိဖြစ်နေကြတယ်။
ဒါနဲ့ တိုဆီကို လာခေါ်တယ်။ “အဠာနမေတံ” တစ်ကြောင်းတည်းရေးပြီး သူ့လည်ပင်းကို ဆွဲပေးလိုက်တယ်။ ဘုန်းကြီးက နိုင်သဟနဲ့ အော်ပြီး ပျောက်ကင်းသွားတယ်။
ရဟန်းကလေးက လက်အုပ်ချီလျက် ဆရာတော်ကြီး အမိန့်ရှိနေသည်ကို နားစိုက်၍ နေသည်။ ဆရာတော်က သူ၏ ကိုယ်တွေ့ ၀တ္တုများကို ဆက်ပြန်သည်။
တို့ စံကင်းမရောက်ခင် မန္တလေးမှာ နေတုန်းက တပည့် ဦးပဉ္စင်းတစ်ပါးကို ”အဠာနမေတံ”ကို ကျက်ခိုင်းထားတယ်။ ဦးပဉ္စင်းက သူ့ဆွမ်းခံအိမ်က လူတွေကို ရေးပေးပြီး အမြဲရွတ်ခိုင်းတယ်၊ တစ်ယောက်ကတော့ အယုံအကြည်မရှိဘူး။ ကျက်လဲ မကျက်ဘူး၊ ရွတ်လဲ မရွတ်ဘူး။
“အဲဒီတုန်းက မန္တလေးမှာ ပုလိပ်ရောဂါဖြစ်တယ်။ ဟိုတုနုးက ပုလိပ်ကပ်ရောဂါ ဖြစ်ပြီဆိုရင် ဘယ်သူမှ မနေ၀ံ့ကြဘူး။ အဲဒီအိမ်မှာ မယုံကြည်တဲ့ လူတစ်ယောက်ပဲ ရောဂါထဲ ပါသွားရှာတယ်။ ကျန်တဲ့အိမ်သားတွေ ဘာမှမဖြစ်ဘူး။
ဆရာတော်သည် ကိုယ်တော်တိုင် အမြဲရွတ်ဆို အသုံးပြုနေသဖြင့် ကိုယ်တွေ့ဝတ္တုများ အများပင် တွေ့ကြုံခဲ့သည်။ မိမိယုံကြည်အားကိုးသလို အခြားသူများကိုလည်း ယုံကြည်အားကိုးစေချင်သည်။ လေးနက်စေချင်သည် ဆက်လက် မိန့်တော်မူပြန်ပါသည်။
တို့ တပည့် ရဟန်းတစ်ပါး စစ်ကိုင်းနယ်ထဲက ရွာတစ်ရွာမှာ ကျောင်းထိုင်တယ်၊ အဲဒီကျောင်းက ခြောက်လွန်းလို့ ကျောင်းဘုန်းကြီး မမြဲဘူး၊ မနေ၀ံ့ဘူး။
“သူကျောင်းထိုင်တော့ သူကိုယ်တိုင်ကလဲ ”အဠာနမေတံ” ကိုအမြဲရွတ်ဖတ်တယ်၊ ကိုရင်တွေ ကျောင်းသားတွေကိုလဲ သင်ပေးပြီး အမြဲ အရွတ်ခိုင်းတယ်၊ ကိုရင်တွေ ကျောင်းသားတွေကလဲ ကလေးတွေဆိုတော့ ခဲတွေ မန်းပြီး ဟိုပစ် ဒီပစ်လုပ်ကြတယ်၊ အဲဒီဘုန်းကြီး လက်ထက်မှာ မခြောက်မလှန့်တော့ဘဲ အန္တရာယ်ကင်းသွားတယ်၊ သူလဲ အဲဒီကျောင်းမှာ မြဲသွားတယ်။
စံကင်းဆရာတော်ဘုရားကြီးသည် အသံကြည်လင်ပြတ်သွားစွာဖြင့် မိန့်တော်မူပါသည်။ ဆရာတော်၏ မေတ္တာအပြည့်အ၀ပါသော အသံကိုကြားရသူတိုင်း စိတ်ချမ်းမြေ့မူကို ခံစားကြရပါသည်။ ဆရာတော်သည် ရွတ်ဖတ်နည်းကို ဆက်လက်မိန့်ကြားပြန်ပါသည်။
”အေး … ဒါကို ရွတ်ဖတ်တဲ့အခါတော့ မေတ္တာပို့ပြီးမှ ရွတ်ဖတ်ရမယ်။ မေတ္တာမပို့ဘဲ ရွတ်ရင် ကိုယ့်အပေါ်မှာ မကောင်းကြံစည် ပြုလုပ်သူများ ရှိရင် တန်ပြန်(ဒဏ်ပြန်) တတ်တယ်၊ မေတ္တာပို့ပြီးမှ ရွတ်တော့ ကိုယ့်မှာလဲ အန္တရာယ်ကင်းတယ်၊ တစ်ဖက်မှာလဲ တန်မပြန်ဘူး။
ဒါနဲ့ စပ်ပြီး ပြောရဦးမယ်၊ တစ်ခါက သာသနာရေးဝန်းကြီး ဖြစ်ခဲ့တဲ့ မောင်ဝင်း၊(ဆရာတော်ကြီး အပြောအတိုင်းရေးပါသည်) အမေရိကန် သံအမတ်ကြီး အဖြစ်နဲ့ သွားခါနီးမှာ တို့ကို လာကန်တော့တယ်။ သူ့ကို “ အဠာနမေတံ” ကို အမြဲရွတ်ဖတ်ဖို့ ပြောတော့ သူက………….
”ဆရာတော် ”အဠာနမေတံ” က သိပ်ထက်မြတ်လွန်းပါတယ်လို့ လျှောက်တယ်၊ သူက တန်ပြန်တတ်တဲ့ သဘောကို ပြောလိုက်ဟန်ရှိပါတယ်။ ဒါနဲ့ မင်း မေတ္တာပို့ပြီး ရွတ်ရဲ့လားလို့ သူ့ကိုမေးကြည့်တော့  မေတ္တာမပိုတဲ့အကြောင်း လျှောက်တယ်။
အေး.. မေတ္တာပို့ ရွတ်ရတယ်လို့ ပြောလိုက်ပါတယ်။
ဆရာတော်သည် ကိုယ်တော်တိုင် အမြဲရွတ်ဖတ်တော်မူသော အန္တရာယ်ကင်းဖြစ်၍ စိတ်ဝင်တစား မိန့်ကြားတော်မူပါသည်။ ပါဠိအနေအထား အမှားအမှန်ကိုလည်း..
”ရှေးက ရိုက်နှိပ်တဲ့ စူဠ၀ါ ပါဠိတော်တွေမှာ ” အဃာနမေတံ ဘိက္ခဝေ အန၀ကာသော ယောပရူပက္ကမေန” လို့ရှိတယ်။ ကျောက်စာမူမှာလဲ ယောပရူ ပက္ကမေန ပဲရှိနေတယ်။ ”ယော” ဟာမမှန်ဘူ။ တို့ ၀ိသုဒ္ဓါရုံဆရာတော်ဘုရားကြီးက ” ယံ ပရူပက္ကမေန” လို့ ပြင်ဆင်တော်မူတယ်။ ယခု ထပ်ရိုက်တဲ့ စာအုပ်တွေမှာတော့ ”ယံ” လို့ အမှန်အတိုင်း ပြင်ထားပါတယ် ဟု မိန့်တော်မူသည်။
ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူသော ”အဠာနမေတံ” အန္တရာယ်ကင်း ကိုယ့်တွေ့ဝတ္တုများမှာ စိတ်ဝင်စားဖွယ်ဖြစ်၍ မှတ်မှတ်သားသား နားကြား အာရုံစိုက်မိခဲ့ပါသည်။ ထိုအန္တရာယ်နှင့် ပက်သက်၍ အခြားပုဂ္ဂိုလ်များ၏ ပြောကြားချက်နှင့် လောကီကျမ်းများတွင် တွေ့ရှိရသော အကြောင်းများ ရှိပါသေးသည်။ ရှည်လျားမည်ကြောင့် မတင်ပြလိုတော့ပါ။ ပါဠိတော်ပါ မူရင်းဇာတ်ကြောင်းကို အခွင့်သာသောအခါ ဆက်လက်တင်ပြပါဦးမည်။
ဘေးရန်အန္တရာယ်ကင်း၍ လောကီ လောကုတ္တရာ နှစ်ဖြာကောင်းကျိုး လိုလားသူတိုင်း ယုံကြည်စွာ ကျက်မှတ် ရွတ်ဆို ပွားများနိုင်ကြပါစေသတည်း။
ဌေးလွင်(ဆားလင်းကြီး)
ဆားလင်းကြီးမြို့၊
စစ်ကိုင်းတိုင်း

No comments:

Post a Comment