မြန်မာပြည်ရှိ စံပြုထိုက်သောကျောင်းတိုက်များထဲတွင် မဟာဝိဟာရကျောင်းတိုက်ကြီးသည်လည်း
တစ်တိုက်ပါဝင်လာပါသည်။ အဘယ်ကြောင့်စံပြုထိုက်ပါသနည်း ?။ ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်
သောကြောင့်ပင်တည်းဟုဖြေလျှင် မှန်ကန်ပါမည်။
မဟာဝိဟာရကျောင်းတိုက်ကြီးကို စတင်တည်ထောင်ခဲ့သည်မှာ ၂၀၀၂ ခုနှစ်၊ ဇွန်လ (၀ါမ၀င်မီ)က
ဖြစ်ပါသည်။ ထိုအချိန်က မဟာဝိဟာရကျောင်းတိုက် ပဓာနနာယကဆရာတော်ဖြစ်လာမည့်
ရဟန်းတော်တစ်ပါးနှင့် ကိုရင်ငယ်နှစ်ပါးသာ ရှိခဲ့သော်လည်း ယခုအခါ သီတင်းသုံးဖော် သံဃာတော်များ
(၉၁၃ ပါး) တစ်ထောင်နီးပါး သပ္ပါယမျှတစွာ သီတင်းသုံးနိုင်ကြချေပြီ။ ဤ ဆယ်နှစ်ကျော်ကာလအတွင်း
ဓမ္မ၀ိနယသာသနာကို အပျက်အယွင်း အတိမ်းအစောင်း မခံကြဘဲ ပရိယတ်ပဋိပတ်အလုပ်ကို ကျင့်ကြံ
ကြိုးကုတ် အားထုတ်လာခဲ့သည်မှာ အားရစရာ စံပြုထိုက်ပေ၏။
ပရိယတ်ဘက်တွင် ပါဠိပထမပြန် ပထမငယ်တန်းမှအစ ပါဠိပါရဂူဘွဲ့ထူးကို ဆွတ်ခူးရသည်အထိ
ရိုးသားကြိုးစားကာစွမ်းအားပြနိုင်ခဲ့လေပြီ။ ပဋိပတ်ဘက်တွင်လည်း နေ့ပရိယတ် ညပဋိပတ် ဆိုသည့်
အတိုင်း ရှေးမထေရ်မြတ်တို့၏ထုံးကိုနှလုံးမူကာ နံနက်၊ ည အချိန်များတွင် (တရားနှလုံးသွင်းခြင်း) တရား
ထိုင်ခြင်းသည်လည်းကျောင်းတိုက်၏ နိစ္စဓူဝလုပ်ငန်းမြတ်ပေတည်း။
ပုထုဇဉ်သဘာဝ လောဘ စသော ကိလေသာဓမ္မတို့ မကုန်ခမ်း မပြတ်သေးသရွေ့ အာပတ်သင့်
နိုင်၏။ သို့သော် မဟာဝိဟာရကျောင်းတိုက်၌ ရှင်သာမဏေများ ဒဏ်ထိုက်သော် သဲဒဏ်၊ ရေဒဏ်ဖြင့်
လည်းကောင်း၊ လိင်ကျသော် သရဏဂုမ်သီလဖြင့်လည်းကောင်း ပြန်လည်တည်ဆောက်စေ၏။ ရဟန်း
တော်များသည် မိမိတွင် အာပတ်သင့်မှန်းသိက မကွယ်မ၀ှက် မရှက်မကြောက်မူ၍ လဟုကအာပတ်
သင့်သော် ဒေသနာကံဖြင့်လည်းကောင်း၊ ဂရုကအာပတ်သင့်သော် ၀ုဌာနကံဖြင့်လည်းကောင်း ထမြောက်
(ကုစား) စေ၏။
ရှင်ဖြစ်စေ၊ ရဟန်းဖြစ်စေ နိဿဂ္ဂထိုက်သော အသုံးအဆောင်များကို လုံးဝသုံးစွဲခြင်းမပြုပါ။
သံဃာ့ဘဏ္ဍာတိုက်ထားရှိကာ သီတင်းသုံးရန်ရောက်ရှိလာသော သံဃာတော်များအား နိဿဂ္ဂ ၀တ္ထု
ပစ္စည်းများကို စွန့်လွှတ်စေ၍ လိုအပ်သော အသုံးအဆောင်များကို သံဃိကဘဏ္ဍာတိုက်မှ လှူဒါန်း
ပေးပါ၏။ ဤသည်တို့ကား မဟာဝိဟာရကျောင်းတိုက်၏ စံပြုထိုက်သည်များပင်ဖြစ်ပါတော့၏။
( မဟာဝိဟာရ ဓမ္မ၀ိနယတက္ကသိုလ် တက်ရောက်သင်ယူခွင့် လျှောက်ထားနိုင်ပါသည်၊
ဖုန်း ၀၉ ၄၅၁ ၃၈၈ ၂၅၀/ ၀၉ ၂၆၄ ၅၅၆ ၅၅၃)
(မဟာဝိဟာရကျောင်းတိုက် ဆယ်နှစ်ပြည့်အထိမ်းအမှတ် အမှတ်တရစာစောင်မှ
ကောက်နုတ်ရေးသားပူဇော်ပါသည်။)
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment