၁။ မီးကိုအလိုရှိသော ယောက်ျားသည် ရေထဲ၌စိမ်ထားသော ရေသဖန်းသား အစိုတုံးကို
ပွတ်တိုက်ခြင်းဖြင့် မီးထွက်မလာနိုင်။ ထိုယောက်ျား ဆင်းရဲရုံသာရှိသည်။ ထို့အတူ အချို့သော
သာမဏ၊ ဗြဟ္မဏအမည်ခံ ပုဂ္ဂိုလ်များသည် သူတို့ကိုယ်တိုင် ကာမတဏှာအစိုအစေးများ ရှိနေ
ကြပြီး ရေနှင့်တူသော ဇနီးမယား၊ သမီးသား၊ စီးပွားဥစ္စာ၊ ၀တ္တုအာရုံ ကာမဂုဏ်ထဲ၌ နစ်မြုပ်နေ
ကြကာ ကိလေသာကုန်ခမ်းအောင် မည်မျှပင် အားထုတ်စေကာမူ မဂ်ဉာဏ်တည်းဟူသော
မီးတောက်ကို မရရှိနိုင်ပေ။ ယင်းဥပမာမှာ သားမယား အိမ်ထောင်နှင့်အတူ ရဟန်းပြုနေကြသူများ
အတွက် ထင်လာခြင်းဖြစ်သည်။
၂။ မီးကိုအလိုရှိသော ယောက်ျားသည် ရေနှင့်ဝေးကွာ ကုန်းပေါ်မှာရှိနေသည့် ရေသဖန်းသား
အစိုတုံးကြီးကို ပွတ်တိုက်ခြင်းဖြင့် မီးထွက်မလာနိုင်။ စိုနေခြင်းကြောင့်ဖြစ်၏။ ထိုယောက်ျား ဆင်းရဲ
ရုံသာရှိမည်။ ယင်းဥပမာမှာ အချို့သောသာမဏ၊ ဗြဟ္မဏအမည်ခံ ပုဂ္ဂိုလ်များသည် သူတို့ကိုယ်တိုင်
စီးပွားဥစ္စာ၊ ၀တ္တုအာရုံ ကာမဂုဏ်များနှင့် ခွဲခွါလျက် အဝေးမှာနေကာ အားထုတ်စေကာမူ
မဂ်ဉာဏ်တည်းဟူသော မီးတောက်ကို မရရှိနိုင်ပေ။
၃။ မီးကိုအလိုရှိသော ယောက်ျားသည် ရေနှင့်ဝေးကွာ ကုန်းပေါ်မှာရှိနေသည့် ရေသဖန်းသား
အခြောက်တုံးကြီးကို ဇွဲလုံလကြီးစွာ ပွတ်တိုက်ခဲ့သော် ရေနှင့်ဝေးကွာခြင်း၊ ပင်ကိုယ်ကပင် ခြောက်
သွေ့နေခြင်းတို့ကြောင့် အလွယ်တကူ မီးထွက်လာနိုင်ပေသည်။
ထို့အတူ အချို့သောသာမဏ၊ ဗြဟ္မဏအမည်ခံ ပုဂ္ဂိုလ်များသည် သူတို့ကိုယ်တိုင် ကာမတဏှာ
အစိုအစေး ခြောက်သွေ့နေပြီး ရေနှင့်တူသော ဇနီးမယား၊ သမီးသား၊ စီးပွားဥစ္စာ၊ ၀တ္တုအာရုံ ကာမ
ဂုဏ်တို့နှင့် ခွဲခွာလျက် ဝေးစွာရှောင်ကြဉ်ကာ မှန်ကန်သည့် တရားများကို ကြိုးစားအားထုတ်ခဲ့သော်
မဂ်ဉာဏ်တည်းဟူသော မီးတောက်ကို ရရှိနိုင်ပါသည်။ ။
(သုဓမ္မသိင်္ဂီ ခင်ဆွေလဲ့၏ ဗုဒ္ဓဂယာမြေမြတ်မဟာ တရားစခန်းပွဲဓမ္မခရီးမှ ကူးယူရေးသား
ပူဇော်ပါသည်။)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment