လူဖြစ်စေ ရဟန်းဖြစ်စေ တစ်ခါတစ်ရံ
မိမိတို့၏ တစ်နေ့တာ အချိန်များကို စာဖတ်ခြင်း၊ စာရေးခြင်း၊ တရားနာခြင်း၊
တရားဟောခြင်း၊ စာသင်ခြင်း၊ စာချခြင်းများဖြင့် ကုန်သွားတတ်သည့် အခါများ
ရှိတတ်၏။ အထူးသဖြင့် ရဟန်းတော်များသည် နေ့စဉ် စာသင်စာချ၊ တရားဟော၊ တရားပြ
အလုပ်များဖြင့် တစ်နေ့တာ အချိန်များကို ကုန်လွန်စေတတ်သည်ကို သတိပြုမိ၏။
စာရေးသူလည်း တစ်ခါတစ်ရံ ထိုသို့ ကုန်ဆုံးခဲ့သည့် အချိန်များလည်း ရှိတတ်၏။
သေချာတွေးကြည့်လျင် ထိုသို့ ဗုဒ္ဓစာပေများကို သင်ကြားပို့ချ
ဟောပြောပြသရင်းဖြင့် ကုန်ဆုံးသွားသည့် အချိန်များသည် စာရေးသူတို့အတွက်
ကုသိုလ်ကောင်းမှုများဖြင့် ကုန်ဆုံးသွားသည့် အချိန်များဖြစ်သဖြင့်
ကောင်းသောကုန်ခြင်း၊ တရားသဖြင့် ကုန်ခြင်း၊ ကောင်းသောနေထိုင်ခြင်း၊
တရားသဖြင့် နေထိုင်ခြင်းဟု တွေးနိုင်ဆိုနိုင်မည် ဖြစ်၏။ တရားနှင့်
နေလေ့ရှိသူဟု ပြောလိုက ပြောနိုင်မည်ဖြစ်၏။ ဗုဒ္ဓအလိုတော် အားဖြင့်ကား
ထိုသို့မဟုတ်။ တရားဟော၊ တရားပြ၊ စာသင်စာချ စသည်များသည် တရားဟော၊ တရားပြ၊
စာသင်စာချခြင်းမျှသာ ဖြစ်၏။ တရားနှင့်အညီ နေထိုင်ခြင်းဟုကား မဆိုနိုင်လှပေ။
ဗုဒ္ဓအလိုရှိသည့် တရားနှင့်အညီ နေထိုင်ခြင်းမှာ အကျင့်တရားကို
ဦးစားပေးသည့် နေထိုင်ခြင်းမျိုးကို ဆိုလိုပေ၏။
No comments:
Post a Comment