Friday, July 28, 2017

( ၇ ) ရာဇာရတနသတ္တာဟ -

         ဘုရားရှင်သည် ကျည်းပင်ရင်း၌ ( ၇ ) ရက်စံနေတော်မူပြီးနောက် မဟာဗောဓိပင်၏
တောင်ဘက်အလံ ( ၅၀ ) အကွာ၌ ရှိသော လင်းလွန်းပင်ရင်းသို့ ကြွရောက်ကာ ( ၇ )
ရက်ပတ်လုံး ၀ိမုတ္တိချမ်းသာ ၊ ဖလသမာပတ်ချမ်းသာကို ခံစားလျက် သီတင်းသုံးတော်မူခဲ့သည်။
လင်းလွန်းပင်ကို ပါဠိလို ရာဇာယတန ဟု ခေါ်ဆိုရသည် ။ ထိုလင်းလွန်းပင်ရင်း၌ စံနေစဉ်
သိကြားမင်းသည် ဆေးသျှစ်သျှားသီးနှင့် ဒန်ပူကို ကပ်လှူပူဇော်ခဲ့ရာ ဘုရားရှင်က
ခံယူသုံးဆောင်တော်မူပါသည် ။
         ထို့နောက် တပုဿနှင့် ဘလ္လိကကုန်သည် ညီနောင်တို့၏ ဘ၀ဟောင်းကမိခင်အဖြစ်
ဆွေမျိုးတော်စပ်ခဲ့ဘူးသော ရုက္ခစိုးနတ်သမီးက ယောင်္ကျားတစ်ဦး၏ ခန္ဓာကိုယ်ထဲပူးဝင်ပြီး
“လောကမှာ ဘုရားပွင့်နေကြောင်း၊ ၎င်းဘုရားရှင်သည် လင်းလွန်းပင်ရင်း၌ သီတင်းသုံးနေကြောင်း၊
ထိုဘုရားရှင်ထံ သွားရောက်၍ မဖွဲ့ဆုပ်အပ်သောမုန့်နှင့် ပျားရည်၊ ထောပတ်၊ တင်လဲ
စသည်တိုတို့ဖြင့်ရောစပ်ဖွဲ့ဆုပ်အပ်သော မုန့်လုံးမုန့်ခဲတို့ဖြင့် သွားရောက်ပူဇော်ကြ၊
သင်တို့အတွက် ထိုသို့ပူဇော်မှုသည် နေ့နေ့ညည စီးပွားချမ်းသာတိုးရန် ဖြစ်ပေလိမ့်မည်ဟု
တိုက်တွန်းပြောကြားသဖြင့် ကုန်သည်ညီနောင်တို့ကဘုရားရှင်ထံ ချဉ်းကပ်ဖူးမြှော်ရှိခိုးပြီး
မုန့်မှုန့်၊ မုန့်လုံး၊ မုန့်ခဲတို့ကို လှူဒါန်းခဲ့ကြပါသည် ။
        မြတ်စွာဘုရား ဘုန်းပေးသုံးဆောင်တော်မူပြီးသောအခါ တပုဿနှင့် ဘလ္လိကကုန်သည်
ညီနောင်တို့သည် ဒွေဝါစိက သရဏဂုံကို ခံယူဆောက်တည်ခဲ့ကြသည်။
         ဒွေဝါစိက သရဏဂုံ- ဟူသည် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ စကားနှစ်ခွန်းတို့
ဖြင့် ဥပါသကာအဖြစ် ခံယူခြင်းတည်း ။
         ထိုအချိန်က သံဃရတနာမရှိသေးသဖြင့် ဒွေဝါစိကသရဏဂုံကိုသာ ခံယူကြခြင်းဖြစ်သည်၊
ထို့နောက်ဘုရားရှင်အား တပည့်တော်တို့သည် ယနေ့မှစ၍ ဘယ်ပုဂ္ဂိုလ်အား ရှိခိုးပူဇော်မှု
ပြုရပါမည်နည်းဟု လျှောက်ထားကြသည့်အခါ ဘုရားရှင်က လက်ျာလက်တော်ဖြင့် ဦးခေါင်းတော်ကို
သုံးသပ်တော်မူကာ ဆံတော်တို့ကိုပေး၍ ဤဆံတော်ဓါတ် ၈ - ဆူတို့ကို ရှိခိုးပူဇော်ကြဟု
ပေးသနားတော်မူပါသည်။
 (သုဓမ္မသိင်္ဂီ ခင်ဆွေလဲ့၏ ဗုဒ္ဓဂယာမြေမြတ်မဟာ တရားစခန်းပွဲဓမ္မခရီးမှ ကူးယူရေးသား
      ပူဇော်ပါသည်။)

 ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment