ဘုရားရှင်ကို နတ်သားမေးတဲ့ နောက်ဆုံးမေးခွန်းက
ကိံသု စောရေဟိ ဒူဟရံ
ဘယ်ဟာကို သူခိုး (ဓားပြ) တို့ ခိုးယူလုယက်နိုင်ခဲပါသလဲ တဲ့။
သူခိုးဓားပြတို့ ခိုးယူလုယက်လို့ မရနိုင်တဲ့အရာဟာ ဘယ်ဟာဖြစ်ပါသလဲ ပေါ့။
မီးခံသေတ္တာထဲက ဘဏ်ထဲက ငွေတွေ ရတနာပစ္စည်းတွေကို
သူခိုးဓားပြတွေ ခိုးယူလုယက်လို့ မရနိုင်ဘူးလို့ ထင်ကြမှာပါဘဲ။
လူတော်တော်များများက ကိုယ်ရှာဖွေထားတဲ့ပစ္စည်းဥစ္စာကို
အတော်လေး တပ်မက်ကြပါတယ်။
ကိုယ့်ရဲ့ ဇနီး မယား သမီး သားတွေကို အတော်လေး ချစ်ခင်စုံမက်ကြတယ်။
တချို့များ ကိုယ့်ဇနီးမယားကို သေပြီး နောင်ဘ၀အထိ ယူဆောင်သွားလို့
ရတယ်များထင်နေလား မသိဘူး။ ချစ်လိုက်ကြတာ၊ ယုယလိုက်ကြတာ။
လိုအပ်တာထက်ကို ပိုနေလိုက်ကြတာ။
ကိုယ့်တိုက်တာ အိမ်မြေ စည်းစိမ်တွေကိုလည်း ဒီအတိုင်းပါဘဲ။
တပ်မက်လိုက်ကြတာ၊ တွယ်တာလိုက်ကြတာ။
နောင်ဘ၀ ယူသွားလို့ ရတယ်များ ထင်နေလားမသိပါဘူး။
တကယ်တော့ လင်ယောက်ကျားပဲဖြစ်ဖြစ်၊ ဇနီးမယားပဲဖြစ်ဖြစ်
သေသွားပြီဆိုရင် ကျန်ရစ်သူကို ခေါ်သွားလို့ မရပါဘူး။
ဒီဘ၀မှာ တော်စပ်တဲ့ ဇနီးမယား ခင်ပွန်းယောက်ကျားက
ဒီဘ၀မှာပဲ ကိုယ်နဲ့ သက်ဆိုင်ပါတယ်။
ဒီဘ၀မှာ ရှာဖွေ စုဆောင်းထားတဲ့
စည်းစိမ်ဥစ္စာ ငွေရေးကြေးရေးတွေကလည်း
ကိုယ်နဲ့ ဒီဘ၀မှာပဲ သက်ဆိုင်ပါတယ်။
ဒီဘ၀မှာသာ ပိုင်ပါတယ်ဆိုတဲ့ ဇနီးမယားကိုတောင်
သူတပါးက လုယူသွားနိုင်သေးတယ်။
စည်းစိမ်ဥစ္စာလည်း ထို့အတူဘဲ။
ဟိုတလောက ဇနီးမောင်နှံနှစ်ယောက် မနက်စောစော
အုန်းနို့ခေါက်ဆွဲကပ်ဖို့ ကျောင်းကိုလာတယ်။
ဆိုင်ကယ်နဲ့။
ယောက်ကျားက ရှေ့က မောင်း။
မိန်းမက နောက်က စီး။
သူတို့နှစ်ဦးကြားမှာက လက်ကိုင်အိပ်လေးတင်လို့။
ဓာတ်ဆီဆိုင်နားရောက်တော့ ဆီဖြည့်ဖို့ ဆိုင်ကယ်ကို အရှိန်လျှော့လိုက်တာနဲ့
ဘယ်အချိန်က ကပ်လိုက်လာမှန်းမသိတဲ့ ဆိုင်ကယ်တစ်စီးက
ဝူး ဆို သူတို့ဆိုင်ကယ်နားကို ကပ်လိုက်ပြီး နှစ်ယောက်ကြားက လက်ကိုင်အိပ်လေးကို
ဆွဲလုပြီး မောင်းထွက်သွားတယ် တဲ့။
လက်ကိုင်အိပ်ထဲမှာက ပတ်စ်ပို့နဲ့ ငွေနည်းနည်းပါသွားတယ်။
ပတ်စ်ပို့နဲ့ဆက်စပ်လို့ ပြောရအုံးမယ်၊
နိုင်ငံခြားမှာနေတာ ပတ်စ်ပို့က အင်မတန်အရေးကြီးတယ်။
၁၉၉၉ - ခုနစ် နိုင်ငံခြား စထွက်ခါနီးတော့
နိုင်ငံခြားသွားဘူး လာဘူးရှိတဲ့ ဦးဇင်းက သြ၀ါဒချွေဘူးတယ်။
“နိုင်ငံခြားရောက်ရင် ပတ်စ်ပို့က အဖေ၊ ဒေါ်လာက အမေ၊
ဒီအဖေနဲ့အမေကို ရိုရိုသေသေကိုင်တွယ်ရမယ်၊
လုံလုံခြုံခြုံသိမ်းဆည်းရမယ်” တဲ့။
ပြောချင်တာက ကိုယ့်မှာရှိတဲ့ စည်းစိမ်ဥစ္စာ ငွေရေး ကြေးရေးတွေဟာ
ဘာမှ အစိုးမရဘူး။ အချိန်မရွေး သူခိုးဓားပြတွေ ခိုးယူ လုယက်သွားနိုင်တယ်။
ဒီမှာ နတ်သားရဲ့ သူခိုးဓားပြတို့ ခိုးယူလုယက်လို့ မရတဲ့အရာဟာ
ဘယ်ဟာဖြစ်ပါသလဲ ဆိုတဲ့အမေးအတွက် ဘုရားရှင်ရဲ့ အဖြေကို ကြည့်ရအောင်။
ပုညံ စောရေဟိ ဒူဟရံ - သူခိုးဓားပြတို့ ခိုးယူလုယက်လို့ မရတဲ့အရာဟာ
ကုသိုလ်ကောင်းမှုဖြစ်ပါတယ် တဲ့။
ဗုဒ္ဓဘာသာဝင်တွေက ၃၁ ဘုံကို လက်ခံယုံကြည်ပါတယ်။
ဆိုတော့ လူတစ်ဦးတစ်ယောက်ဟာ ဒီဘ၀နဲ့တင် ကိစ္စမတုံးသေးပါဘူး။
နောင်ဘ၀တွေမှာ (၃၁) ဘုံမှာ ကျင်လည်ရအုံးမှာပါ။
ဒီလို ၃၁ ဘုံကျင်လည်တဲ့အခါ ကောင်းတဲ့ဘုံရောက်ဖို့
ကောင်းတဲ့မိဘတွေနဲ့တွေ့ဘို့
ကောင်းတဲ့ဆရာသမားတွေနဲ့တွေ့ဘို့
ကောင်းတဲ့သူငယ်ချင်းတွေနဲ့တွေ့ဘို့အတွက်
ယခုလက်ရှိဘ၀ ကိုယ်လုပ်နေတဲ့အလုပ်က ကောင်းဘို့လိုပါတယ်။
အခု ကိုယ်လုပ်နေတဲ့အလုပ်က နောင်အခါမှာ နောင်ဘ၀မှာ
ကိုယ်ဘာကောင်ဖြစ်မလဲဆိုတာ ဆုံးဖြတ်ပေးမှာပါ။
ကိုယ့်နောင်ဘ၀အတွက် အခု ကိုယ်ဘာလုပ်နေတယ်ဆိုတာက အဆုံးအဖြတ်ပေးမှာပါ။
ဆိုလိုတာက
အခုကိုယ်လုပ်နေတဲ့ ကောင်းမှုကုသိုလ်က ကိုယ့်နောက်ကို အစဉ်အမြဲ လိုက်ပါနေမှာပါ။
ကိုယ်လုပ်တဲ့ကောင်းမှုကုသိုလ်ကို ကိုယ့်နောက်မပါအောင်
ဘယ်သူကမှ တားဆီးပိတ်ပင်လို့မရပါဘူး။
ကိုယ်လုပ်တဲ့ကောင်းမှုကုသိုလ်ကို ဘယ်သူခိုးကမှ ခိုးယူလို့ မရပါဘူး။
ဘယ်ဓားပြကမှ လုယူ တိုက်ယူလို့ မရပါဘူး။
ဒါ့ကြောင့် ဘုရားရှင်က
သူခိုးဓားပြတို့ ခိုးယူလုယက်လို့ မရတဲ့အရာဟာ
မီးခံသေတ္တာထဲက ဘဏ်ထဲက ငွေတွေ ရတနာတွေမဟုတ်ပါဘူး။
ကုသိုလ်ကောင်းမှုဖြစ်ပါတယ် လို့ ပြောကြားခဲ့တာပါ။
ဒီဂါထာလေးကို အကျဉ်းချုပ်လိုက်ရင်
အိုသည့်တိုင်အောင် ကောင်းတာက သီလ အကျင့်ပါ။
ကိုယ့်ရင်ထဲ နှလုံးသားထဲမှာ တည်ဆောက်ရမှာက သဒ္ဓါပါ။
လူသားတွေအတွက် ရတနာဆိုတာ ပညာကို ပြောတာပါ။
သူခိုးဓားပြတို့ခိုးယူလုယက်လို့ မရတဲ့အရာဟာ ကောင်းမှုကုသိုလ်ပါ။
Posted by Dr. Ashin Indaka
No comments:
Post a Comment