Saturday, August 5, 2017

အဘိဓမ္မာကို ဘာကြောင့်သင်ယူသင့်ပါသလဲ ?။

         အဘိဓမ္မာကို သင်ယူခြင်းအားဖြင့်--
၁။ ခက်ခဲနက်နဲသော ပရမတ္တတရားများကို သိခွင့်ရခြင်း။
၂။ ဗုဒ္ဓ၀ါဒကို အပြည့်အစုံ နားလည်ခြင်း။
၃။ ကုသိုလ်၊ အကုသိုလ်တို့၏ သဘောသဘာဝကို ပြည့်စုံစွာ နားလည်သဘောပေါက်၍ မိမိဘ၀ကို
    ပိုင်နိုင်စွာ အသုံးချတတ်ခြင်း။
၎။ ခန္ဓာငါးပါးအကြောင်း အပြည့်အစုံနားလည်၍ ခန္ဓာဉာဏ်ရောက် တရားအားထုတ်မှုကို များစွာကျေးဇူးပြုခြင်း။
၅။ အမြင့်မြတ်ဆုံး ပညာပါရမီကုသိုလ် ရရှိ၍ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊  နိဗ္ဗာန်ကို လျင်မြန်မျက်မှောက်ပြုနိုင်ခြင်း
    စသည့် အကျိုးများကို ရရှိစေနိုင်ပါသည်။
         အဘိဓမ္မာသည် လောကသုံးပါးနှင့်  နိဗ္ဗာန်တို့၏ အကြောင်းအရာများကို တကယ်အစစ်အမှန်ရှိသည့်
ပရမတ္တတရား ၄-ပါးတို့ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ဟောကြားထားသော တရားတော်ဖြစ်၏။ လူ့ဘုံသည် လောဘ၊
ဒေါသ၊ မောဟတို့ဖြင့် ပြည့်ဘိ၏။ ကာမဂုဏ်အာရုံကို နှစ်သက်တွယ်တာ တပ်မက်နေသည့်အခါ
လောဘမူစိတ်(အကုသိုလ်စိတ်) ဖြစ်၏။ အမျက်ဒေါသ၊ စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ဆင်းရဲသောအခါတိုင်း
ဒေါသမူစိတ်(အကုသိုလ်စိတ်) ဖြစ်၏။ အာရုံပျံ့လွင့်ပြီး တွေဝေငေးမောနေသူ၊ ရတနာ သုံးပါး၊ ကံတရား စသည်၌
ယုံမှားသံသယဖြစ်နေသူတွင် မောဟမူစိတ်(အကုသိုလ်စိတ်) ဖြစ်၏။
         ဤသို့ အကုသိုလ်စိတ်ဖြစ်တိုင်း သတိထားမိလျှင် အကုသိုလ်စိတ် အစဉ်ပြတ်သွားပါမည်။ အထူးသဖြင့်
မကောင်းမှုဒုစရိုက် ၁၀-ပါးကို အကုသိုလ်စိတ်တို့ဖြင့် ပြုလုပ်ရပေရာ အပါယ်ကျရောက်ပါမည်။ အပါယ်ကျနိုင်သည့်
အကုသိုလ်စိတ်ကို အဖြစ်မခံဘဲ ရှောင်ရှားနိုင်လျှင် အပါယ်ဘေး လုံခြုံသွားပါမည်။ အကုသိုလ်စိတ်အကြံကို
ထိန်းနိုင်ပါက ကိုယ်နှုတ် အမူအရာတို့ကို ထိန်းပြီးသားဖြစ်သွားပါမည်။ အကုသိုလ် ပါးပါးလာပြီး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊
နိဗ္ဗာန်ကို လျင်မြန်မျက်မှောက်ပြုနိုင်ပါမည်။
{ ဒေါက်တာခင်ယုနွယ်၏ ဘ၀အလင်းရောင်အဘိဓမ္မာမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment