ဆရာကြီးဒေါက်တာမင်းတင်မွန် ၏ အတ္ထုပ္ပတ္တိ အကျဉ်းမှာ -ငယ်နာမည် မှာ မောင်တော်ရှိန် ဖြစ်ပြီး မွန်ပြည်နယ်၊ မုဒုံမြို.နယ် ၊ ကမာဝက်ရွာနေ မွန်လူမျိုး ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော ဦးရော်အင်၊ ဒေါ်စိန်တန်တို.မှ (၁၃-၁-၁၉၃၄) တွင်ဖွားမြင်သည့် သားရတနာဖြစ်သည်။
ကမာဝက် မူလတန်းကျောင်းနှင့် မုဒုံမြို. ရှင်အရဟံ အထက်တန်းကျောင်းတို.၌ ပညာဆည်းပူးစဉ် အတန်းစဉ် ပထမရခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် အစိုးရကျောင်းထွက်လက်မှတ်ရ စာမေးပွဲနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတို.ကို သင်္ချာ၊အထွေထွေသိပ္ပံ ဂုဏ်ထူးနှင့် ပထမအဆင့်မှ အောင်မြင်ပြီးလျှင် ရန်ကုန် တက္ကသိုလ်၌ ပညာဆက်လက် ဆည်း ပူးခဲ့သည်။ရန်ကုန်တက္ကသိုလ် ၁၉၅၃ ခုနှစ် ဥပစာတန်း စာမေးပွဲတွင် သချာင်္ပထမဆု၊ဓာတုဗေဒ ပထမဆုရပြီး တက္ကသိုလ် ဟိုးဝါးကိန်း ရွှေတံဆိပ်ဆုနှင့် တက္ကသိုလ် စကောလားရှစ် ပည်ချွန်ဆုတို.ဖြင့် ချီးမြှင့်ခံရသည်။
၁၉၅၅ ခုနှစ် သိပ္ပံဘွဲ.စာမေးပွဲတွင် သင်္ချာ၊ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များ၌ ဂုဏ်ထူးရရှိပြီး တစ်တန်းလုံးတွင်ပထမရသဖြင့်တက္ကသိုလ်ဟာဂျီဘိုင်များရွှေတံဆိပ်ဆုချီးမြှင့်ခြင်းခံရသည်။ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာနတွင်အချိန်ပိုင်းသရုပ်ပြဆရာအဖြစ် ခန်.ထားခြင်းခံရသည့်အပြင် နိုင်ငံခြားပညာတော်သင်ဆု ကိုလည်းရရှိခဲ့သည်။ ထိုနှစ်မှဆ၍ ဖခင်နှင့်မောင်နှမတို.ကိုလုပ်ကျွေးခွင့်ရခဲ့သည်။
၁၉၅၆ ခုနှစ် သိပ္ပံဓတုဗေဒ ဂုဏ်ထူးတန်းစာမေးပွဲ ၌ ပထမဆင့်မှအောင်မြင်ပြီး ပထမရသဖြင့် တက္ကသိုလ် ဦးရွှေလေးရွှေတံဆိပ်ဆုဖြင့်ချီးမြှင့်ခံရသည့်အပြင်ဆာဦးသွင်ရွှေတံဆိပ်ဆုကိုပါထပ်ဆင့်ရရှိခဲ့ပါသည်။ရန်ကုန် တက္ကသိုလ် ဓာတုဗေဒဌာနတွင် လက်ထောက်ကထိကအဖြစ် ခန်.ထားခြင်းခံရပါသည်။
၁၉၅၇ တွင် အမေရိကန်ပြည်ထောင်စု အီလီနွိုက် တက္ကသိုလ်တွင် ဘွဲ.လွန်ပညာဆည်းပူးရာ ၁၉၅၈ ခုနှစ်၌ မဟာ သိပ္ပံဘွဲ.ကို ရသည့်အပြင် တက္ကသိုလ် သဟာထပညာ ချွန်ဆုကြီး (University Fellowship) ကိုပါ ရရှိခဲ့သည်။ ဤပညာချွန်ဆုကြီးကို ရရှိခြင်းသည် အမေရိကန်ကျောင်းသူကျောင်းသားများထက် ပို၍ ပညာထူးချွန်ခြင်းကို ပြ၏။ ၁၉၆၀ ခုနှစ်တွင် သိပ္ပံပါရဂူဘွဲ. ( Ph.D.) ကိုအသက် ၂၆ နှစ်အရွယ်တွင် ဆွတ်ခူးနိုင်ခဲ့ပါသည်။ ဆစ်မာဆိုင် ( Sigma Xi) ဂုဏ်ထူးဆောင်အသင်း ကို ၀င်ခွင့်ရခဲ့သည်။
မြန်မာနိုင်ငံသို.ပြန်လာပြီး ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် အမူ.ထမ်းသည်။၁၉၆၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဓာတုဗေဒ ဌာန၌ ကထိကရာထူးတိုးမြှင့်ခြင်းခံရသည်။ ထို.နောက် မော်လမြိုင် ဒီဂရီကောလိပ် ၊ရန်ကုန်ဆေးတက္ကသိုလ်(၁) ၊ ရန်ကုန် ပညာရေးတက္ကသိုလ် တို.တွင် ဓာတုဗေဒဌာနမှူး နှင့် ကထိက တာဝန်ကိုထမ်းဆောင်ရသည်။
၁၉၈၆ ခုနှစ်မှစ၍ ၁၉၈၈ ထိ မော်လမြိုင်တက္ကသိုလ် ဓာတုဗေဒဌာနမှူး နှင့် တွဲဘက်ပါမောက္ခတာဝန် ကိုထမ်းဆောင်ယူခဲ့သည်။၁၉၉၂ ခုနှစ်ဒီဇင်ဘာ ၁ရက်နေ.တွင် တက္ကသိုလ်များ၌ ၃၇ နှစ်ကျော် တာဝန်ကျေပွန်စွာ ထမ်း ဆောင်ခဲ့ပြီးဖြစ်၍ သာသနာပြုရန်အတွက် အငြိမ်းစားယူခဲ့ပါသည်။
၁၉၉၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ.မှစ၍ သာသနာရေးဝန်ကြီှးဌာန အကြံပေးပုဂ္ဂိုလ်အဖြစ် ထပ်မံခန်.ထားခြင်းကို ခံရပြီးလျှင် ၁၉၉၈ ခုနှစ်မှစတင် ၍ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် ပဋိပတ္တိ ပါမောက္ခ အဖြစ် ပါ ပူးတွဲ၍ တာဝန်ထမ်းဆောင်ခဲ့ရပါသည်။ ၂၀၀၆ ခုနှစ် သြဂုတ်လ ၁ရက်နေ.မှစ၍ သာသနာရေးဝန်ကြီးဌာန အကြံပေးပညာရှင် နှင့် ပဋိပတ္တိ ပါမောက္ခအဖြစ် ဆက်လက်တာဝန်ပေးခြင်းခံရသည်။
ကျမ်းကိုး
(ဒေါက်တာမင်းတင်မွန် ၏ မှန်ကန်သောဘ၀အမြင် နှင့် အသက်ရှင် ခြင်း နှင့် သေခြင်း စာအုပ် မှ မှထုတ်နုတ်ရေးသား ထားပါသည် ။
No comments:
Post a Comment