Tuesday, October 24, 2017

တစ်လုတ်စားဖူး သူ့ ကျေးဇူး


တစ်လုတ်စားဖူး သူ့ ကျေးဇူး
                                ကြီးသောကျေးဇူး ၊ နီးသောကျေးဇူး
                                ဝေးသောကျေးဇူး ၊ သေးသောကျေးဇူး
                                 ကျေးဇူးများလပ် ၊ အရပ်ရပ်ကို
                                 ဆပ်ရကောင်းမျှ ၊ မသိကြပဲ
                                 များလှသောသူ ၊ ခပ်သိမ်လူတို့ 
                                  အပူလွှမ်းခြုံ ၊ ဒုက္ခကြုံမှ
                                  ခိုလှုံခဲ့ဖူး ၊အရိပ်ထူး၏
                                  ကျေးဇူးများစွာ ၊ အဖြာဖြာကို
                                   စိတ်မှာတောင့်တ ၊ သတိရ၏
                                   မည်းသည့်ကျေးဇူး ၊ ကြီးသေးဦးလည်း
                                   မည်သည့်ကျေးဇူး ၊ နီးဝေးဦးလည်း
                                   အထူးသိတတ် ၊ ကျေးဇူးဆပ်မှ
                                   သူမြတ်ခေါ်ရ ၊ ကြီပွားကြ၍
                                  ဘဝခုနောင် ၊ချမ်းသာဆောင်လိမ့်။  

                                         
ကျေးဇူးသည် ဖော်ပြထားသော ကဗျာအတိုင်း ကျေးဇူးသရုပ်ကို ခွဲပါက …..
                                ကြီးသောကျေးဇူး ၊ နီးသောကျေးဇူး
                                ဝေးသောကျေးဇူး ၊ သေးသောကျေးဇူး …. ဟု လေးမျိုးခွဲနှိင်သည်။

ထိုတွင် မိဖနှင့်အတူနေသောသားသ္မီးတို့ သည် ကြီးသောကျေးဇူး နီးသောကျေးဇူးရှိသူတို့ နှင့် နေရသူတို့ ပင်ဖြစ်သည်။ ဆရာနှင့်အတူနေရသော တပည့်တို့ သည်လည်း ထို့အတူပင်ဖြစ်သည်။ တစ်ခါတစ်ရံ ခရီးသွားသူချင်းဆုံ
ကြစဉ် လိုအပ်သောကူညီမှုကိုခံယူကြရသည်။ ထိုသူ့ အပေါ်၌ရှိသောကျေးဇူးသည် ဝေးသောကျေးဇူးလည်းဖြစ်၏ ၊ သေးသောကျေးဇူးလည်းဖြစ်၏။ ဘုရားရှင်က”သူတပါး၏ကျေးဇူးကို သိလည်းသိ ၊ ဆပ်လည်းဆပ်သူသည်ဤလောက၌အလွန်ရခဲ့၏ “ ဟုဟောထားသည်။

ထိုစကားတော်နှင့်ပတ်သက်၍ မဃဒေဝ၌လည်း “မေတ္တာရှေးဦး ၊ ပြုပေးဖူးကို ၊ ကျေးဇူးသိသူ ၊ ကတညူတည့် ၊ ထိုသူထက်ပင် ၊ ကျေးဇူးအင်ကို ၊ထင်ထင်မချွတ် ၊ ပြောဆိုတတ်က ၊ သူမြတ်မှန်လှ ၊ကတဝေဒီ၊ ဟူတုံပြီရှင့် “ဟု စပ်ဆိုခဲ့ပါသည်။ ရှေးဦးစွာပြုထားသူအပေါ် ကျေးဇူးတရားကို သိတတ်သူတို့ သည် ပေးဆပ်ကြရမြဲဖြစ်သည်။ဖော် ပြခဲ့သောကျေးဇူးများအနက်မည်ကဲ့သို့ သောကျေးဇူးဖြစ်ပါစေ သူတော်ကောင်းတို့ သည် အသိအမှတ်ပြုရမြဲ ၊ ဆပ်ရမြဲဖြစ်သည်။
ငါးစီးရှင်ဘုရင်ကျော်စွာသည် ငခင်ညိုအား ပင်လည်မြို့ကိုစားရသောစစ်ကိုင်းစား အသင်္ခယာ စောယွန်းကို လုပ်ကြံရန်စေခိုင်းလိုက်သည်။ ငခင်ညိုသည်လည်း ဘုရင်၏စေခိုင်းချက် တာဝန်ကိုကျေပွန်ရန် အသင်္ခယာ၏ နန်းတော်ထဲဝင်နိုင်ရန် စောင့်ဆိုင်းပုန်အောင်းနေရသည်မှာ သုံးရက်ပင်ရှိပြီ။ ထမင်းလည်းမစားရ၊ရေ လည်းမသောက်ရနှင့် ၊ အလွန်ဆာလောင် မွတ်သိပ်နေသည်။ သုံးရက်ပြည့်မှ နန်းတော်တွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။ သူဝင်ရောက်ချိန်သည် ညအခါဖြစ်၍နန်းတော်တစ်ခုလုံးအိပ်မောကျနေပေပြီ။
ဘုရင်စောယွန်းအားလုပ်ကြံရန်နန်းတော်တွင်းသို့ပုန်းလျှိုးကာသွားရင်းဖြင့်အလွန်မွှေးကြိုင်သည့်စားတော်ပွဲကိုတွေ့ လိုက်ရသည်။ စားစရာများတွေ့ လိုက်သည်နှင့် အစာရေစာပြတ်လပ်မှု၊ ငတ်မွတ်မှု ကြောင့်မထိန်းနိုင်တော့ဘဲ မဟာဂီရိနတ်အားတင်ထားသောရွှေစလောင်းနှင့်ထမင်း ၊ အမဲသားများတွေ့ရာ အားပါးတရသုံးဆောင်လိုက်သည်။ ဆာလောင်နေသည်ကတစ်ကြောင်း ၊ အစာအာဟာရကကောင်းသည်ကတစ်ကြောင်းတို့ ကြောင့်ကောင်း လိုက်သည့်အရသာကား မမေ့နိုင်စရာပင်ဖြစ်တော့သည်။ စားသောက်ပြီး၍ ဆာလောင်မှုလည်းပြေပျောက် ၊ အားများလည်းပြည့်မောက်လာသည်။
စောယွန်း၏အိပ်ဆောင်အခန်းတွင်းအထိပင် ဝင်ရောက်ခဲ့ချေပြီ ၊မှိန်ပျပျ မီးရောင်အောက်ဝယ် သလွန်ညောင်စောင်းပေါ်၌နှစ်နှစ်ခြိုက်ခြိုက် စက်တော်ခေါ်နေသောစောယွန်အား အလွယ်တကူပင်သက်ဖို့ အခွင့်သာနေလေပြီ။ ငါးစီးရှင်ကျော်စွာ၏ အမြှောက်စားခံရမည်။ ဂုဏ်ပြုခံရမည်။ ဆုတော်လာဘ်တော်များရမည့်အရေးကို အာရုံ၌ တွေ့ ပြီးထင်လာသည်။ ထိုဂုဏ်ပြုခံဆုတော်လာဘ်တော်နှင့် မိသားစုပျော်ပျော်ပါးပါးနေမည် စသည့်အတွေးများ အပြင်”တစ်လုတ်စားဖူး ၊ သူ့ ကျေးဇူး”ဟူသည့်ရှေးစကားကို တစ်ဖန်စိတ်အာရုံမှာ ထင်လာပြန်သည်။
ကျေးဇူးရှိသူကို ကျေးမစွပ်ကောင်းဟုတွေးမိလာပြန်သည်။သို့ နှင့်စောယွန်း၏ ခေါင်းရင်းနား၌ဓားအိမ်မှဓားကို ထုတ်လိုက်သွင်းလိုက် ပြုလုပ်နေသည်မှာ နှစ်ကြိမ်ပင်ရှိခဲ့သည်။ ငါးစီးရှင်ကျော်စွာအား အကျိုးအကြောင်းပြောပြမည်။ အကယ်၍ ရှင်ဘုရင်ကအမျက်တော်ရှလို့ သေရသော်မှ တစ်ဘဝသာသေရမည်။ ကျေးဇူးရှင်ကို ပြစ်မှားမိချေက သံသရာတစ်လျောက် ဆင်းရဲဒုက္ခရောက်တော့မည်၊ ကောင်းကျိုးတရားတွေသေမည် ဟုတွေးကာ သံလျက်ကို အပြီးတိုင်သံလျက်အိမ်၌ သုံးကြိမ်မြောက်ထိုးသွင်းပြီး သက်သေအဖြစ် ဘုရင်စောယွန်း၏ သံလျက်နှင့် ကျောက်စီဓားတို့ ကို ယူဆောင်ကာမိုးမလင်းမီပင် အင်းဝဘက်အရောက်လာခဲ့သည်။
ငခင်ညိုသည် ငါးစီးရှင်ဘုရင်ကျော်စွာအား ဖြစ်ကြောင်းကုန်စင်လျောက်ထားပြီး သက်သေအဖြစ်ယူဆောင်ခဲ့ သော သံလျက်နှင့်ကျောက်စီဓားကို ဆက်သလိုက်ပြီး” သူ၏ထမင်းကိုစားမိသည်ဖြစ်၍ မလုပ်ကြံခဲ့ကြောင်း၊ သို့ အတွက်ကြောင့်ပေးအပ်သောအပြစ်ကို ခံယူမည်ဖြစ်ပါကြောင်း” လျှောက်ထားလိုက်သည်။ အမျှော်အမြင်ကြီး မားလှသည့် ဘုရင်ကျော်စွာသည် “ငခင်ညိုကား ငါ၏အမှုတော်ကိုထမ်းကာ ငါ၏ထမင်းရိက္ခာကိုစားနေသူဖြစ် သည်၊
တစ်လုတ်စားဖူးသည့်သူ့ ကျေးဇူးကိုသိသူဖြစ်လျှင် ငါ့အပေါ်မှာလည်း များပြားလှသည့်ကျေးဇူးကို သိသူ ဆပ်သူဖြစ်ပေလိမ့်မည်”ဟုအောက်မေ့ကာအပြစ်တော်မရှဘဲ ဆုတော်လာဘ်တော်ပင်ချတော်မူသည်။ သူ့ ကျေးဇူးကို သိခြင်းဆပ်ခြင်း၏ရလာဘ်ပင်ဖြစ်သည်။
ဝေးသောကျေးဇူး၊ သေးသောကျေးဇူးကိုဆပ်လိုက်ခြင်းပေတကား။ ကျေးဇူးသိမှုနှင့်ပတ်သက်၍ ကမ္ဘာကျော်စာရေးဆရာကြီး ဆီဇာကိုကလည်း”ကျေးဇူးသိတတ်ခြင်းဆိုတာ အကြီးမားဆုံး စွမ်းရည်တစ်ခုဖြစ်ရုံမျှမက အခြားသောစွမ်းရည်အားလုံးကိုပါ 
မွေးဖွားပေးသည့်မိဘနှစ်ပါးနှင့်လည်း တူသည်”ဟုအဆိုပြုခဲ့သည်။ကျေးဇူးသိတတ်သူအပေါင်းတို့ တွင်စံပြဖြစ်သော ရှင်သာရိပုတ္တရာအကြောင်းအရာကိုလည်းတင်ပြပါမည်။
ရှင်သာရိပုတ္တရာနှင့်ပတ်သက်၍ အလွန်ကျယ်ပြန့် သည်။ မထေရ်မြတ်ကြီး ကိုယ်တော်တိုင် ပြန်လည်၍ ဟောထားသည့် အပါဒါန်၌ဂါထာပေါင်း ( ၂၃၄ ) ပုဒ်ပင်ရှိသည်။ အခြားသောနေရာများ၌လည်းဟောခဲ့သောတရားတော်အများအပြားရှိသည်။ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြိးသည် ကြီးသောကျေးဇူးလည်းဖြစ်၊ ဝေးသောကျေးဇူး လည်းဖြစ်သည့်ဆရာရင်းဖြစ်သူ ရှင်အဿဇိရှိရာအရပ်ကို အိပ်ရာဝင်တိုင်းပင် ဦးခေါင်းပြုအိပ်လေ့ရှိသည်။ ထိုသို့  ဦးခေါင်းပြုသောအခြင်းအရာများကိုကြည့်၍ အခြားသောရဟန်းတော်များက”ရှင်သာရိပုတ္တရာသည်သာသနာ၌ နေသော်လည်း ဗြာဟ္မဏအယူဝါဒကို မစွန့် လွှတ်သေး”ဟုဘုရားရှင်အားလျှောက်ထားကြသည်။
ဘုရားရှင်က သံဃာ့ပရိတ်သတ်ရှေ့ မှောက်၌ခေါ်၍မေးသောအခါ မထေရ်မြတ် လျှောက်ထားသည်မှာ  ”ပညာရှိဖြစ်တော်မူသော ဘုရားရှင်၏တပည့်ဖြစ်သော အရှင်အဿဇိသည် တပည့်တော်၏ဆရာရင်းဖြစ်ပါကြောင်း၊ ဆရာရှင်၏ ကျေးဇူးကြောင့်ပင် တရားစစ်သူကြီးဖြစ်ရပါကြောင်း၊ သာဝကပါရမီဥာဏ်၏အထွက်အထိပ်သို့  ရောက်ခဲ့ရပါ ကြောင်း၊ ထိုကျေးဇူးများကြောင့်ပင် ဆရာသခင်ကျေးဇူးရှင်ရှိရာအရပ်ကို အာရုံပြုလျက်အိပ်ရာဝင်တိုင်းရှိခိုးပြီး ဦးခေါင်းပြုအိပ်ပါကြောင်း” ဟုစသည်ဖြင့်လျှောက်ထားလိုက်သောအခါ သံဃာတော်တို့ သည် သံသယကင်းရှင်းကြကာ ကျေးဇူးတရားကိုသိတတ်သူအဖြစ်မှတ်တမ်းများတင်ကြကာ အတုယူကြကုန်၏။
ရှင်သာရိပုတ္တရာသည် ၁၄၈ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၈)ရက်လောက်တွင်လပြည့်နေ့ ၌ပရိနိဗ္ဗာန်စံရတော့မည်ကိုဆင်ခြင်မိသည်။ ထိုကြောင့်ပင်လဆန်း(၈)ရက်နေ့ သာဝတ္ထိမှစတင်ကာ မိခင်ကြီးရှိရာ ဇာတိရပ်ရွာ ရာဇဂြိုဟ်သို့  သွားရောက်ခဲ့ရာ လပြည့်နေ့ မှရောက်သည်။ ဗုဒ္ဓဘာသာမဟုတ်သေးသူလည်းဖြစ်၊ ကြီးသော ကျေးဇူးလည်းဖြစ်၊ နီးသောကျေးဇူးလည်းဖြစ်သည့် မိခင်ကြီးအား ပရိနိဗ္ဗာန်စံဝင်ကာနီးမှသောတာပတ္တိမဂ်ဖိုလ်သို့ ရောက်အောင်ကျေးဇူးကို ကြေအောင်ဆပ်သွားနှိင်ခဲ့သည်။
ဘုရားရှင်သည် သာဝထ္တိပြည်ဇေတဝန် ကျောင်းမှာ သီတင်းသုံးတော်မူစဉ် ယနေ့ မည့်သူ့ ကိုချွေချွတ်ရမည်ကို ဥာဏ်တော်ဖြင့်ကြည့်တော်မူသောအခါဇေတဝန်ကျောင်း၌ပင် ကပ္ပိယအဖြစ်ဖြင့်နေလျက် ဆွမ်းကျန်ဟင်းကျန်များကို သုံးဆောင်ပြီးနေရသောရာဓ ပုဏ္ဏားအိုကြီးကိုမြင်တော်မူသည်။ ရာဓသည်သံဃာတော်များ၏ ဝေယျာဝစ္စအဝဝကို ဆောင်ရွက်ကာပင်ပန်းဆင်းရဲလှသော လူ့ ဘဝခရီကြမ်းကို ဖြတ်သန်းနေရသူဖြစ်သည်။ သူသည်ရဟန်းပြုလိုစိတ်များတစ်ဖွားဖွား ဖြစ်ပွားလျက်ရှိသော်လည်း အိုမင်းရင့်ရော်နေပြီဖြစ်၍ မည်သည့်ရဟန်းတော်ကမှ ရဟန်းပြုမပေးကြပေ။
ရာဓနှင့်တွေ့ နှိင်ရန်ဘုရားက ကျောင်းစဉ်လှည့်လည်တော်မူစဉ် ရာဓက လျှောက်ထားသည်မှာ”ရဟန်များထံမှ ဆွမ်းအာဟာရမျှ ထောက်ပံ့မှုကိုသာရခဲ့ပါကြောင်း၊ မည်သည့်သံဃာတော်ကမှ ရဟန်းပြုမပေးပါကြောင်း”ကို လျှောက်ထားလိုက်သည်။ ဘုရားရှင်သည်ဂန္ဓကုဋီတိုက်သို့ ပြန်ကြွသွားသည်။ ညချမ်းအခါ၌ ဘုရားရှင်သည် သံဃာတော်တို့ အားစည်းဝေးစေပြီး ရာဓကပ္ပိယကြီးကိုလည်းသံဃာတော်တို့ ၏ အစွန်အဖျား၌ထိုင်စေကာစည်း ဝေးပွဲကိုစတင်တော်မူလိုက်သည်။
“ရဟန်းတို့ သံဃာ့ပရိတ်သတ်အစွန်၌ထိုင်နေသော ရာဓကပ္ပိယကြီး၏ကျေး ဇူးတရားကို အောက်မေ့နှိင်၊ သတိရနှိင်ကြရဲ့လား” ဟုမေးတော်မူလိုက်သည်။တကယ်တော့မည်သည့်ရဟန်းတော်မှ ရာဓ၏ကျေးဇူးနှင့်မကင်းကြပေ။ နေ့ စဉ်သောက်သုံးရေများခပ်၊ တံမျက်စည်းလှည်း၊ သင်္ကန်းများလျှော်ဖွတ်ပေးနှင့်နေစဉ်လုပ်ပေးလျက်ရှိသည်။
ရာဓ၏ကျေးဇူးသည် နီးသောကျေးဇူးဖြစ်သော်လည်း သေးသောကျေးဇူးဖြစ်၍ သံဃာတော်အများစုသည်မမြင်နိုင်ပေ။ တကယ်တော့လောကလူသားများသည် နီးလည်းနီးမှ၊ ကြီးလည်းကြီးမှမြင်တတ်ကြသည်။
ဝေးသောကျေးဇူးများ၊ သေးသောကျေးဇူးများကို အများစုမမြင်နိုင်၊ သူတော်ကောင်းကြီးများသာမြင်နိုင်ကြသည်။
ထို့ ကြောင့်ပင်ရှင်သာရိပုတ္တရာက”တပည့်တော်သည်ရာဓ၏ ကျေးဇူးကိုအောက်မေ့နိုင်ပါကြောင်း၊ ရာဇဂြိုဟ်မြို့ ၌သီတင်းသုံးစဉ်က ဆွမ်းခံလှည့်လည်ရာ၌ဆွမ်းတစ်ယောက်မ အလှူခံဖူးကြောင်း၊ ထိုကျေးဇူးကိုထောက်ထားကာရာဓအား သင်္ကန်း၊ သပိတ်၊ ပရိက္ခရာများ ပေးကာရဟန်းခံပေးမည်ဖြစ်ကြောင်း”ကိုလျှောက်ထားလိုက်သည်။
ရာဓပုဏ္ဏားကြီးသည် တကယ်တော့ ဇာတိရာဇဂြိုဟ်မြို့မှ သာဝတ္ထိသို့ ရောက်လာသူဖြစ်သည်။ ရှင်ရာဓသည် ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ယခုမြတ်ဗုဒ္ဓသာသနာတော်၌ ဦးစွာပထမ သာသနာတော်သို့ ဝင်ရောက်လာသူအဖြစ်ဖြင့်သာသနာတော်၌ မှတ်တမ်းဝင်ခဲ့သည်။
လက်ရှိကမ္ဘာအရပ်ရပ်ရှိ ထေရဝါဒ သံဃာတော်အားလုံးတို့ သည်လည်း ရာဓမှစတင်ခဲ့သော ဉတ္တိစတုတ္ထကမ္မဝါစာဖြင့်ပင် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်နေကြပါသည်။
ရာဓအားသင်္ကန်းစသည်ပေးကာ ရဟန်းခံပေးရုံမျှမက ရဟန်းပြုပေးပြီးနောက်သွားလေရာသို့  ခေါ်ဆောင်ကာ
သာသနာတော်၏ ပြုဖွယ်ကိစ္စများကိုသင်ကြားပေးသည်။ ရာဓသည်လည်း ဆရာ၏အဆုံးအမသြဝါဒကိုမြေဝယ်မကျ အတိအကျလိုက်နာခဲ့၍သုံးရက်လေးရက်ဖြင့်ပင် အရဟတ္တဖိုလ်သို့ ရောက်ခဲ့လေသည်။ ဆွမ်းတစ်ယောက်မ
လောင်းခဲ့ဖူးသောကျေးဇူးကိုသော်မှ သင်္ကန်းပရိက္ခရာပေးကာ အရဟတ္တဖိုလ်သို့ ရောက်စေကာကျေးဇူးကိုတုံ့ ဆပ်လေစွတကား။
တကယ်တော့” တစ်လုတ်စားဖူး၊ သူ့ ကျေးဇူး”ဟူသောစကားသည် ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးအား ဂုဏ်ပြုသောစကားပင် ဖြစ်တန်ကောင်းပေလိမ့်မည်။
 ဤသို့ သူတော်ကောင်းကြီးများသည် ကြီးသော၊ နီးသော၊ ဝေးသော၊ သေးသော၊ ကျေးဇူးအမျိုးမျိုးကိုဆပ်ခဲ့ကြသည်။ စာသင်တိုင်းရှိ ပဓာနနှင့်စာချတို့ ၏ ကျေးဇူးသည်များလှချေသည်တကား။ အခြားအခြားသောကျေးဇူးရှင်တို့ ၏ ကျေးဇူးများကိုလည်း ဉာဏ်အားဖြင့်မှန်းဆပါလျှင် သိနိုင်လောက်ပြီဖြစ်၍ ကျေးဇူးရှင်တို့ ၏ ကျေးဇူးများကို စွမ်းနိုင်သ လောက် သူ့ ကျေးဇူးကို တုံ့ ဆပ်ကြရန်လိုအပ်လှပေမည်။
အရှင်တေဇနိယ (ပဌာန်းအလင်းရောင်ဆရာတော်)
သောင်တန်းကျောင်းတိုက် ၊ ဗဟန်း၊ ရန်ကုန်။

No comments:

Post a Comment