ရွာဦးကျောင်းက ခေါင်းလောင်းသံ ကဗျာလေးနဲ့ ပတ်သက်ကြီး ခေါင်းလောင်းသံ ငါတို့ကြားဆိုတဲ့ခေါင်းစဉ်နဲ့ စာတစ်ပုဒ်၊ အမျှ ဘာကြောင့်ယူရတယ်ဆိုပြီး စာတစ်ပုဒ်၊ စာ (၂) ပုဒ်ရေးဖြစ်ခဲ့တယ်။
ပထမဆောင်းပါးကို ဖတ် ဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ ဆောင်းပါးထဲမှာ ငယ်စဉ်က ကစ္စည်းသဒ္ဒါကြီးစာအုပ်ထဲမှာ သင်ယူခဲ့ဘူးတဲ့
“ဇီရန္တိ ဝေ ရာဇရထာ သုစိတ္တာ၊ အထော သရီရမ္ပိ ဇရံ ဥပေတိ။
သတဉ္စ ဓမ္မော န ဇရံ ဥပေတိ၊ သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ” ဆိုတဲ့ဂါထာလေး အကြောင်းကို ထည့် ပြောလျင် ပိုပြည့်စုံမယ်။ တပည့်တော်တော့ မြန်မာပြည်ရောက်ရင် တရားဟောဖို့ တရားတစ်ပုဒ်ရပြီဆိုပြီး လော လောဆယ် နယူယောက်မှာရောက်နေတဲ့ ဓမ္မဘေရီ ဆရာတော်က အကြံပြုစကားနဲ့ မုဒိတာစကား မိန့်ကြားပါ တယ်။
ဆရာတော်အမိန့်ရှိတဲ့ ပါဠိဂါထာလေးက ဓမ္မပဒ ဇရာဝဂ်မှာလာတဲ့ ဂါထာလေး။ ဒီဂါထာလေးက သံဃာတော် များရဲ့ ပါဠိစာပေသင်ကြားရေးမှာ အခြေခံဖြစ်တဲ့ ကစ္စည်းသဒ္ဒါကြီးကျမ်းထဲမှာ ပါဠိပြယုဂ်တစ်ခုအဖြစ် ထည့်သွင်း ထားတာ။ ကစ္စည်းသဒ္ဒါကျမ်းက မြန်မာပြည် စာသင်သားအားလုံးနဲ့ မကင်းနိုင်တဲ့ကျမ်းမို့ ဒီဂါထာလေးကိုလည်း စာသင်သားအားလုံး ငယ်စဉ်ကတည်းက အလွတ်ရနေကြတာ။
ဒီဂါထာလေးကိုရနေတာ နှစ်ကာလကြာညောင်းခဲ့ပေမယ့် ထင်သာမြင်သာ ဇရာတရားက ကိုယ့်အပါးကို မကပ် လာသေးတော့ ဒီစကားလေး ကပြောပြတဲ့ သံဝေဂတရားက သိပ်အားကောင်းစွာ မထင်လာခဲ့ဖူးသေးဘူးလေ။ ခုနောက်ပိုင်းမှာတော့ ဇရာရဲ့ လက်ချောင်းတွေက အားကောင်းမောင်းသန်စွာပဲ ကိုယ့်ရဲ့ခြေလက်ခေါင်းခါး နေရာ တော်တော်များဆီကို ထိတွေ့စမ်းသပ်လာလေပြီမို့ ရွှေဇရာကို မျက်နှာလွှဲထားလို့ မရနိုင်အောင်ကိုပဲ ဖြစ်နေရပြီ လေ။
ဇီရန္တီ ဝေ ဆိုတဲ့ပါဠိဂါထာလေးရဲ့ မြန်မာလိုအဓိပ္ပါယ်က “ရတနာတို့ဖြင့် ကောင်းစွာ ဆန်းကြယ်သော မင်းတို့၏ ရထားတို့သည် ဆွေးမြေ့ အိုမင်းကြ ကုန်သေး၏၊ ခန္ဓာကိုယ်သည်လည်း ထို့အတူပင် ဆွေးမြေ့ အိုမင်းခြင်းသို့ ရောက်ရသေး၏၊ သူတော် ကောင်းတို့၏ တရားတော်သည် ကား ဆွေးမြေ့ အိုမင်းခြင်းသို့ မရောက်နိုင်။ သူတော်ကောင်းတို့သည် သူတော်ကောင်းတို့နှင့် အချင်းချင်း ဆွေးနွေးပြောကြားကြကုန်၏" လို့ ဆိုလိုပါတယ်။
ဆရာတော်အမိန့်ရှိပြီးတဲ့နောက်ရက်ဖြစ်တဲ့ ဒီနေ့မှာပဲ ဒကာမကြီး ဒေါ်သိန်းကြွယ်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ဆွမ်းကပ်လာတဲ့ ဒကာကြီး ဦးကံထွန်း၊ ဒကာမကြီး ဒေါ်သိန်းကြွယ်နဲ့ နှမ ဒေါ်ခင်နှင်းမြင့်တို့ မိသားစုသုံးဦးကို ဒီ အကြောင်းအရာလေး မွေးနေ့လက်ဆောင်အဖြစ် ဓမ္မစကားပြောဖြစ်ခဲ့တယ်။
ပြောဖြစ်တဲ့စကားထဲမှာ ရုတ်တရက် စဉ်းစားဖြစ်တာလေးတွေကိုပါ ထည့်ပြောဖြစ်လိုက်ခဲ့တယ်။ အမှတ်မထင် စဉ်းစားမိလို့ ပြောလိုက်တဲ့ စကားလေးတွေက နောင်မှာပြန်ပေါ်လာချင်မှလည်း ပေါ်လာတတ်တော့တာ။ ငါ ဒီ အကြောင်းအရာလေးကို တစ်မျိုးစဉ်းစားခဲ့ဖူးပါတယ် ဆိုပြီး သေသေချာချာ ပြန်စဉ်းစားပေမယ့်လည်း ဘယ်လိုမှ ပြန်ပြီး မပေါ်လာနိုင်တော့တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကြောင့် မေ့ပျောက် မသွားပဲ အမှတ်တရဖြစ်ရလေ အောင် စာတစ်ပုဒ် ရေးဖို့ပါ စိတ်ကူးပေါ်လာခဲ့တယ်။
နောက်ပြီးလည်း အိုမင်းရင့်ရော်မှုကိုအခြေပြုကာ ကုသိုလ်ဖြစ်အောင် နေထိုင်တတ်ဖို့ မကြာခဏဆိုသလိုပဲ သတိပေးနေမိတတ်တဲ့ ကိုယ့်ကိုယ် လည်း ခုထက်ပိုပြီး ကုသိုလ်ဖြစ်ဖွယ်အလုပ် လုပ်ဖြစ်လေအောင် တွန်းအား ပေးရင်း စဉ်းစားမိတာလေးကို အများကိုဖြန့်ဝေလိုက်တဲ့ စာတစ်ပုဒ်လည်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဇရာ ဧည့်သည် ပျော်ရွှင်စွာ မကြာမကြာလာလည်မှုကို ခံနေရတဲ့ အိမ်ရှင်တွေအတွက် အထူး ရည်ညွှန်းပါတယ်။
ရွာဦးကျောင်းက ခေါင်းလောင်းသံ၊
ဒိုးဒိုးဒေါင်ဒေါင်ညံ။
ခေါင်းလောင်းသံ ငါတို့ကြား၊
အမျှယူစို့လား။
အမျှဘာကြောင့် ယူရတယ်၊
ကုသိုလ်ရဖို့ကွယ်။
ကုသိုလ်သည် ဘယ်မှာလဲ၊
ခေါင်းလောင်းထိုးနေဆဲ။
အပေါ်ယံလွှာ ရုပ်ဝတ္ထု အကာတွေဆိုတာ ဘယ်လောက်ပင် ခန်းနားကြီးကျယ်အောင် လှလှပပဖြစ်အောင် တန် ဆာဆင်လို့ ချယ်သကာ ထားပါစေ။ အချိန်ကာလရဲ့ တိုက်စားမှုက အဆုံးမတော့ အိုမင်းရင့်ရော်ဆွေးမြေ့ ပျက် စီးခြင်းသို့ ရောက်စေနိုင်တယ်။ အနှစ်အမတေ အမြုတေလို့ဆိုနိုင်တဲ့ သူတော်ကောင်းတရားစစ်စစ် နိဗ္ဗာန်ဆိုတဲ့ တရားအနှစ်ကတော့ နှစ်ကာလတိုက်စားမှုဒဏ်ကို ခံနိုင်စွမ်းတယ်။ ဘယ်သောအခါမှာမှ အိုးမင်းဆွေးမြေ့ သွား ရိုး မရှိဘူးတဲ့။
ဇရာလက်နဲ့ ထိုးနှက်လိုက်တာကြောင့် ဗျာဓိဆိုတဲ့ နာကျင်သံစဉ် ထွက်တဲ့အကြောင်းကို ပထမဆောင်းပါးထဲမှာ ရေးလိုက်တာ။ အများ တကာ ပြောတတ်တဲ့အတိုင်း အရွယ်က စကားပြောလာပြီဆိုသလို အရွယ်က အိုမင်းရင့် ရော်မှုနဲ့စပ်တဲ့ ဆုတ်ယုတ်မှု တော်တော်များများကို သယ်ဆောင်လာခဲ့ပြီလေ။ သို့ပေမယ့် ကံကောင်းလှစွာပဲ အို ခြင်း မကပ်နိုင်တဲ့နေရာ၊ နာခြင်း မထိနိုင်တဲ့နေရာဆိုတာလည်း ရှိရမယ်ဆိုတဲ့ အတွေးကို ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်ကျော်က သိဒ္ဓတ္ထဆိုတဲ့ လုလင်တစ်ယောက်က ငယ်ရွယ်စဉ်မှာပဲ တွေးခဲ့ဘူးတယ်။
သူတွေးမိတဲ့အတွေးကို တွေးနေရုံအဆင့်မှာ ရပ်မထားပဲ လက်တွေ့စူးစမ်းရှာဖွေဖို့ ဇနီးမယား သားနဲ့စည်းစိမ် တွေကို စွန့်လွှတ်ခဲ့တယ်။ လိုချင်တဲ့အရာကို အရရှာဖို့က အချိန်ပေးဖို့လိုတယ်။ အခြားသော တာဝန်တွေနဲ့ လုံး ထွေးပိပြားကာ မနေဖို့လည်းလိုတယ်။ ဘဝဝဋ်နှောင် လူ့ရဲ့ဘောင်မှာ လုပ်ဆောင်စရာတွေက အများသားမို့ သူ ရှာလိုတဲ့အရာကို အနှောက်အယှက်ကင်းကင်း ရှာဖွေနိုင်ဖို့က လွယ်မယ် မဟုတ်ဘူး ဆိုတာကိုလည်း သိတယ်။ ဒါကြောင့် လူသူဝေးရာ တောတွင်းတစ်နေရာကို ရွေးချယ်ခဲ့တယ်။
မပိုင်ဆိုင်သေးတဲ့အရာကို မရရတဲ့နည်းနဲ့ရှာဖွေခြင်း။ ပိုင်ဆိုင်တဲ့အရာမှန်သမျှကိုလည်း အနှိုင်းအဆမဲ့ သုံး ဆောင်ခံစားခြင်း။ ပိုင်ဆိုင်မှုမှန် သမျှကတော့ အမှန်တရားရဲ့ ဆန့်ကျင်ဖက်၊ ခံစားသုံးဆောင်ခြင်းမှန်သမျှဟာလည်း ဒုက္ခမီးတောက်စေဖို့ လောင်စာဆီ ထည့်ပေးခြင်း သက်သက်ပဲစတဲ့ အစွန်းရောက် အမြင်တွေဟာ အမှန်တရားရှာဖွေရေးမှာ မမှန်တရားတွေပဲဆိုတာကို လက်တွေ့ကျကျ သိမြင်ခဲ့တယ်။ အဲဒီလိုသမားရိုးကျ အမြင်တွေကနေ ဖောက်ထွက်ပြီး အလယ်အမှန်လမ်းနဲ့ ပန်းတိုင်ကိုရောက်ခဲ့တယ်။
သူလျောက်ခဲ့တဲ့လမ်းကိုလည်း မပင်မပန်းရလေအောင်လည်း လမ်းပြဆောင်တော်မူခဲ့တယ်။ အမွန်မြတ်ဆုံး သော ရသကို ကိုယ်တစ်ဦးတည်းသာ ခံစားမယ်ဆိုတဲ့စိတ်ဓာတ် စိုးစဉ်းမျှပင် ကိန်းကပ်မနေခဲ့ဘူး ။မြတ်ဗုဒ္ဓရဲ့ မဟာကရုဏာအဦးပြုတဲ့ မုဒိတာစိတ်ထားဂုဏ်က အာရုံပြုလို့ မကုန်အောင်နိုင်အောင်ကိုပဲ မြင့်မြတ်ကြီးကျယ် လှပါတယ်။
အိုနာသေဆင်းရဲတွေနဲ့ လုံးထွေးရစ်ပတ်ကာ အတောမသတ် အမောမသတ်နိုင်တဲ့ ဒီသံသရာဇာတ်မျော ရေ လျင်ကြောထဲမှာ အစဉ်ထာဝရ မျောပါနေရလျင် ဘယ်မှာ ငြိမ်းအေးသက်သာခြင်းဆိုတာ ရှိနိုင်ပါ့မလဲ။ ဒီ သဘောကို ဉာဏ်နဲ့စောကြောကြည့်မယ်ဆိုရင် အသက် တစ်ရှူစာလေးမျှပင် အာမခံချက်မရှိလှတဲ့ ဘဝကို တွေ့မြင်ကြရမှာပါ။
ဆွေးမြေ့ပျက်စီးတတ်တဲ့သဘောတရားရှိတဲ့ ရုပ်နာမ်အစု တရားတွေနဲ့ ပေါင်းစုထုလုပ်ထားတဲ့ ဒီခန္ဓာကိုယ် ခေါ်တဲ့ ရုပ်ပုံအကာတစ်ခုမှာ ဘယ်လိုလုပ် ခိုင်မာမှုဆိုတာရော ရှိနိုင်ပါ့မလဲ။ မခိုင်ခန့်တဲ့အခြေခံအပေါ် ခန္ဓာ အိမ် တစ်ခုတည်ဆောက်ခဲ့လျင်ကော ဘယ်လိုလုပ်ခိုင်ခန့်မှု ဆိုတာ ဖြစ်နိုင်ပါ့မလဲ။ သို့ပေမယ့် အကာလို့ခေါ်ဆို နိုင်မှုမှာကိုက အနှစ်ဆိုတာလည်း ရှိနိုင်သေးတယ်လို့ ပြောလိုက်တဲ့သဘော။
ဒီသဘောကို ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းကာသိရှိတော်မူခဲ့တဲ့ မြတ်ဗုဒ္ဓက "အဆန်းတကြယ်တန်ဆာဆင်ထားတဲ့ မင်းစီးရထားတွေ၊ အမွှေးနံ့သာ ချယ်သထားတဲ့ ခန္ဓာကိုယ်တွေ အိုမင်းဆွေးမြေ့ပေမယ့် သူတော်စဉ်များ နှစ် သက်ခင်မင် ပြစ်မထင်တဲ့ အမတဆိုတဲ့ သူတော်ဓမ္မ နိဗ္ဗာန်ကတော့ ဘယ်သောအခါမှ အိုဟောင်း ဆွေးမြေ့ခြင်း ဆိုတာ မရှိနိုင်ပါဘူး" လို့ မိန့်တော်မူခြင်းဖြစ်ပါတယ်။
ဒီအမတ နိဗ္ဗာန်ကို ရရှိဖို့ အကြောင်းသူတော်ကောင်းတရားများကို အရင်းပြုရပါတယ်။ ဒီအခြေခံအကြောင်းများ ကတော့ မှန်တဲ့အရာများကို ရဲရင့်စွာ ယုံကြည်ခြင်း သဒ္ဓါတရား။ လိုက်နာထိန်းသိမ်းပြုကျင့်ရမည့် ရှောင်ဖွယ် ဆောင်ဖွယ် ကျင့်ဝတ်တရား သီလ။ သိသင့်သိဖွယ်၊ တတ်သိ တတ်ဖွယ်တွေကို သိမှု တတ်မှု သုတ။ ကိုယ်ပိုင် ဆိုင်တဲ့ စီးစည်းဥစ္စာနဲ့ အတတ်ပညာ စတာများကို အခြားသူတွေကိုလည်း မျှဝေပေးလိုခြင်း စာဂနဲ့ ရှက်ကြောက် ထိတ်လန့်ရမည့် အလုပ်အပြောတွေကို လုပ်ဖို့ပြောဖို့ ရှက်ကြောက်မှုနဲ့ လုပ်သင့်ပြောသင့်တဲ့ အလုပ်အပြောများ ကို မကြောက်မရွံ့ လုပ်ဝန့် ပြောဝန့်မှု ဟီရိ သြတ္တပ္ပစတဲ့ သူတော်ကောင်းတရား လူ့စွမ်းအားကောင်းများကို ဖြည့် ကျင့်ပေးခြင်းပါပဲ။
ဒီတော့ ဘာပဲဖြစ်ဖြစ်ပါ။ ကုသိုလ်သည်ဆိုတာ အမြတ်ဒါနတွေကို ဖြည့်စည်းပြုလုပ်ကြတဲ့ ဒကာကြီး ဒကာမကြီး တို့လိုသူတွေကို ပြောလို့ရနိုင်သလို ဒကာကြီးဒကာမကြီးများရဲ့ ခန္ဓာကိုယ်က ခုကိုယ်ပဲ ထိုင်မှုခက်၊ ထမှုခက်စတဲ့ ဒုက္ခဆင်းရဲတွေကို ပြသကာ ကုသိုလ်တရားတွေကို ထာဝရ အမှတ် ရနေအောင် ပြသပေးတဲ့အတွက် အိုမှု နာမှု သဘောတရားတွေကိုလည်း ကိုယ့်ကို ကုသိုလ်ပေးနေတဲ့ ကုသိုလ်သည်တွေပဲလို့ ဆိုနိုင်ပါလိမ့်မယ်။
ခုလို မွေးနေ့အခါသမယမှာ ကုသိုလ်မင်္ဂလာပြုလုပ်ကြတဲ့သူတွေအနေနဲ့ အသက်တစ်နှစ်ကြီးလာရုံမျှကို အမှတ် ပြုမိရုံမျှသာမက ကုသိုလ် တရားတွေလည်း တစ်နှစ်စာ ပုံပြီးဆည်းပူးလာခဲ့ပြီရယ်လို့ ပြန်လည်စဉ်းစားပြီး ဝမ်း မြောက်ဝမ်းသာ ဖြစ်နိုင်စေဖို့ကိုလည်း သတိပြုကြရမှာပါ။
ရှေ့နှစ်ရှေ့နှစ်များမှာလည်း ရက်တွေ အသက်တွေ ကြီးရင့်လာလို့ အိုခြင်းနာခြင်းတွေ တိုးတိုးလာတာနဲ့အမျှ အို မှုနာမှု မဆိုက်မကပ်နိုင်တဲ့ အမြိုက်နိဗ္ဗာန်ဆီ ဆိုက်ရောက်နိုင်ကြောင်းတရားတွေကိုလည်း ပိုမိုလို့ ဖြည့်ဆည်းပူး ကြဖို့ လိုပေလိမ့်မယ်။ အိုခြင်းဆိုတဲ့ ကုသိုလ်သည်ကို အမှီပြုလို့ သူရောင်းလာတဲ့ ကုသိုလ်တွေကို နှစ်နှစ် ခြိုက်ခြိုက် ဝယ်ဖြစ်အောင် ဝယ်လိုက်ကြဖို့လည်း လိုပါလိမ့်မယ်။
မေတ္တာများဖြင့်
အရှင်သိရိန္ဒ
No comments:
Post a Comment