Tuesday, December 12, 2017

သေခြင်းတရား

 “ကိုယ့်ဘဝကို တန်ဖိုးရှိရှိ နေတဲ့လူဟာ သေရမှာကို မကြောက်ဘူး။” 🍀
🐞🐞🐞
မွေးလာရင်သေမှာဘဲ။ မသေခင်မှာ အကောင်းဆုံး နေသွားမယ်။ စိတ်အချမ်းသာဆုံး နေမယ်။ အဲဒီလိုနေနိုင်အောင် ကောင်းတာတွေ လုပ်မယ်။ လုပ်သင့်တာတွေ လုပ်မယ်။မလုပ်သင့်တာတွေ မလုပ်ဘူး။စိတ်ထားကောင်းတဲ့သူ၊ အသိညဏ်ရှိတဲ့သူ၊အမျိုးမျိုး တတ်ကျွှမ်းနားလည်တဲ့သူဖြစ်အောင် ကြိုးစားမယ်။ သေမှာကိုကြောက်ပြီးတော့ ဘာမှ မလုပ်ချင်မကိုင်ဖြစ်ပြီး စိတ်ဓါတ်ကျနေလို့ ဘာမှမထူးဘူး။ သေတဲ့အခါမှာ၊ သေခါနီးမှာ တည်တည်ငြိမ်ငြိမ်သေနိုင်အောင် ကြိုတင်ပြီး စိတ်ကိုရင့်ကျက်အောင် လေ့ကျင့်ထားမယ်။ကြောက်ပြီး၊ အားငယ်ပြီးသေရတာ dignity မရှိဘူး။ dignity ရှိရှိ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ သေချင်တယ်။

🐞🐞🐞
သေခြင်းတရားကို ဘယ်သူမှ ရှောင်လွှဲလို့မရဘူး။ တနေ့သေသွားမှာပါ။အခုတွေ့ကြုံနေရတဲ့ ကိစ္စတွေဟာ တွေ့ရတုန်း ကြုံရတုန်းမှာတော့ တခါတလေ တော်တော် ခံရခက်ပါတယ်။ စိတ်ဆင်းရဲရတယ်။ ဒါပေမဲ့ မှန်းပြီးတော့တွေးကြည့်၊ ငါသေသွားပြီ၊ဟိုးဘဝတောင်ရောက်သွားပြီ ဆိုပါတော့။ပြန်လှည့်ကြည့်လိုက်မယ်ဆိုရင် ဖြစ်ခဲ့တဲ့ကိစ္စတွေက ဘာအဓိပ္ပါယ်ရှိသလဲ။
🐞🐞🐞
အမေရိကန်မှာ ပြောလေ့ရှိတဲ့စကားတခု ရှိတယ်၊ Eat,sleep and be merry, for, tomorrow you die. “မနက်ဖြန်သေချင်သေမယ်၊ အဲဒီတော့ ဒီကနေ့ ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်၊၊ ကောင်းကောင်းပျော်။” သူတို့က သေရင်ပြီးပြီလို့ ထင်တာကိုးနော်။ သေရင်တကယ်ဘဲ ပြီးပြီဆိုရင်တော့ ဟုတ်တာပေါ့။သို့သော် သေရင်မ မပြီးသေးဘူး။ ပြီးတော့ စားသောက်ပျော်ပါး ဆိုတာလောက်နဲ့ ဘဝရဲ့အနှစ်သာရက ပြည့်စုံပြီလား။ တကယ်လေးနက်ပြီလား။မလေးနက်နိုင်သေးဘူးနော်။ အသိညဏ် ရင့်ကျက်တဲ့လူဆိုရင် နောက်ဘဝကို ရှိတယ်မရှိဘူး မသိရင်တောင်မှ၊ မယုံရင်တောင်မှ အခုနေရတဲ့ဘဝမှာ ပိုပြီးတော့ အဓိပ္ပာယ်ရှိအောင် လေးနက်အောင် နေရတယ်။နေမှာဘဲ။
🐞🐞🐞
ဘဝကိုနောက်ဆုံးအချိန်အထိ အဓိပ္ပာယ်ရှိရှိ တန်ဖိုးရှိရှိ ဘယ်လိုနေရမယ်ဆိုတာ သိဖို့လိုတယ်။ အဲဒီလိုမသိလို့ရှိရင် အသက်ကြီးသွားတဲ့အခါ ကြာလေ အသုံးမကျလေ ဖြစ်လာတယ်။တော်တော်အားငယ်စရာ၊ တော်တော်စိတ်ညစ်စရာ ကောင်းတယ်။
🐞🐞🐞
စွန့်စားတဲ့သူ အားထုတ်တဲ့သူရဲ့ဘဝဟာ ရေရှည်မှာ သက်သာပါတယ်။ သေခါနီးမှာလည်း “ငါ လုပ်ချင်တာတွေကို အမျိုးမျိုးလုပ်ခဲ့ရပြီး။ ငါ့ အရည်အချင်းတွေကို အများကြီးထုတ်ခဲ့ပြီး၊၊ သုံးခဲ့ပြီး။ ငါဘယ်လိုလူလဲဆိုတာ ငါကောင်းကောင်းသိပြီး။ ငါ့ဘဝကိုငါ ကျေကျေနပ်နပ်နေခဲ့ရပြီး။ သေပျော်ပါတယ်” လို့ တွေးမိပြီး ကျေနပ်နေလိမ့်မယ်။ သေမှာကို မကြောက်တဲ့စိတ်နဲ့ သေမယ်။
🐞🐞🐞
ဘယ်ဟာ အရေးကြီးဆုံးလဲဆိုတာ သိဖို့ အမတန်လိုတယ်နော်။ အရေးမကြီးတာတွေက အရေးကြီးသယောင်ယောင်နဲ့ ကိုယ့်ဘဝထဲက အချိန်တွေအကုန်လုံးကို ယူသွားနေတာ၊ အချိန်က မကျန်တော့ဘူး၊၊ တကယ်အရေးကြီးဆုံးအလုပ်ကို လုပ်ဖြစ်ဖို့ အချိန်သိပ်နဲနေတယ်။ နောက်ဆုံးသေခါနီးမှာ ကိုယ့်ဘဝကိုယ် နောက်ကြောင်းပြန်ပြီးတော့ စာရင်းချုပ်လိုက်မယ် ဆိုပါတော့။ ငါဘာတွေ လုပ်ခဲ့သလဲ၊၊ ဘယ်သူ့အတွက် လုပ်ခဲ့သလဲ။ငါလုပ်ခဲ့သမျှအားလုံးဟာ သူများဖို့ပဲ။သူများအထင်ကြီးဖို့ ငါ့ဘဝကို ငါနေပေးခဲ့တာ။ငါတကယ်လုပ်ချင်တဲ့ အလုပ်ကို မလုပ်ရသေးဘူး။သူများထက်သာဖို့ ကြိုစားနေရတာနဲ့ပဲ ငါ့ဘဝကိုငါ အဓိပ္ပါယ်ရှိရှိ မနေခဲ့ရဘူး။ သူများကို မနာလိုဖြစ်နေရတာနဲ့ပဲ ငါ့ဘဝကိုငါ အဓိပ္ပါယ်ရှိရှိ မနေခဲ့ရဘူး။ နှမျောလိုက်တာလို့ တွေးမိရင် သိပ်နောက်ကျသွားပြီ၊၊
🐞🐞🐞
စာမေးပွဲမှာ ကိုယ်တကယ်တတ်တာကို ဖြေဖို့ထက် အမှတ်ရဖို့ကို အဓိကထားတော့ ခိုးဖြေတာတွေဖြစ်လာသလို အပြင်လောကမှာလည်း လူအထင်ကြီးခံရဖို့ကို အဓိကထားရင် ဟန်လုပ်ပြီး နေပြရမယ်။ အဲဒါ ဘဝစာမေးပွဲကို ခိုးဖြေတာဘဲ။ သေခါနီးမှာ ငါ့ကို အထင်ကြီးခဲ့တဲ့သူတွေ ဘယ်မှာလဲလို့ မေးရရင် ဘယ်လိုအဖြေထွက်မလဲ။
🐞🐞🐞
စစ်မှန်တဲ့ဘဝ၊ မှန်ကန်တဲ့ဘဝ၊ အတုအယောင်မဟုတ်တဲ့ ဘဝကို နေသွားဖို့နဲ့၊သေတဲ့အခါမှာလည်း ဘာမှဟန်လုပ်တာ၊ ဖုံးကွယ်တာမရှိ၊ အမှန်အတိုင်း အရှိအတိုင်း သိပြီး သေဖို့က တကယ်ခက်ခဲနက်နဲတဲ့ ဘဝပေးတာဝန် ဖြစ်ပါတယ်၊၊
🐞🐞🐞
သေမယ်လို့ မထင်တဲ့သူတွေ၊ အမြဲတမ်း အတူတူနေရတဲ့ သူတွေဟာ အတူတူနေရတဲ့ အချိန်တွေကို လက်ဆောင်ကောင်း တခုလို တန်ဖိုးမထားကြဘူး၊၊
🐞🐞🐞
ပစ္စည်းဥစ္စာ ဘယ်လောက်ရှိရှိ၊ ဘွဲ့ထူးရာထူး ဘယ်လောက်ရှိရှိ၊ ကိုယ့်ကိုယ်ကို လေးစားမှု မရှိတဲ့လူဟာ အောင်မြင်တဲ့လူ လို့ မဆိုနိုင်ဘူး။ ပစ္စည်းဥစ္စာတွေ လူအထင်ကြီးမှုတွေထက် အများကြီးမြင့်မြတ်တဲ့ အသိဥာဏ်တွေ ရနိင်လျှက်နဲ့ ရအောင်မလုပ်ရင် အားလုံးကိုထားခဲ့ပြီး သေရတော့မဲ့အချိန်မှာ ကိုယ့်ဘဝနဲ့ပါတ်သက်ပြီး ဘာကိုကျေနပ်နိုင်မလဲ၊၊
🐞🐞🐞
သေမှာကို လေးလေးနက်နက် သိတဲ့သူဟာ ပေါ့ပေါ့တန်တန်မနေဘူး၊၊ အချိန်မဖြုန်းဘူး။ တကယ်လုပ်ရကျိုးနပ်တာကို လုပ်မယ်။သေခြင်းတရားကို နက်နက်နဲနဲ သိတဲ့သူဟာ ဘဝကိုတန်ဖိုးရှိရှိ နေတယ်၊၊
🐞🐞🐞
ပြင်ပအဖေါ်ဆိုတာဟာ ကိုယ်နဲ့အတူတူ အမြဲတမ်း မပါနိုင်ဘူး။ အပေါ်ယံအဖေါ်ပဲ ဖြစ်မယ်။ခဏအဖေါ်ပဲဖြစ်မယ်။ အဆိုးဆုံးအခြေအနေကို ပြောရမယ်ဆိုရင် သေခါနီးအချိန်ရောက်ပြီ ဆိုပါတော့။ ပါးစပ်ကလည်း ဘာမှ မပြောနိုင်တော့ဘူး။ မျက်စိကလည်း ကြည့်လို့ မမြင်ရတော့ဘူး။ နားကလည်း မကြားရတော့ဘူး။ ခန္ဓာကိုယ် ထိတွေ့မှုကလည်းပဲ ကောင်းကောင်း မသိတော့ဘူး၊၊ ထုံကုန်ပြီဆိုပါတော့။ စိတ်ကတော့ သိနေသေးတယ်။ အားငယ်တတ်၊ကြောက်တတ်တဲ့သူ ဆိုရင် ဒီလိုအချိန်မှာ သူ့စိတ်ထဲ ဘယ်လိုနေမလဲ။ တော်တော်ကို အားငယ်နေလိမ့်မယ်။ တော်တော်ကို ကြောက်နေလိမ့်မယ်နော်။ ကိုယ့်စိတ်ကိုသိသူ၊တရားကို အားထုတ်ပြီး နေတဲ့သူဆိုရင် အဲဒီအချိန်မှာ ကိုယ့်စိတ်လေးကိုယ် သိပြီးနေလို့ရတယ်။ အဖော်မလိုတော့ဘူးနော်။ နောက်ဆုံးအချိန်မှာ အဖေါ်မရှိပါဘူး။နောက်ဆုံးအချိန်မှာ ကိုယ့်စိတ်ကိုယ် သိနေကျလူ ဆိုရင်တော့ အဲဒီသိနေတဲ့ ကိုယ့်ရဲ့ ဘာဝနာလေးက ကိုယ့်ရဲ့ တကယ့်အဖေါ် ဖြစ်လိမ့်မယ်နော်။ တကယ်တော့ ဘဝသံသရာခရီးကို တကိုယ်တည်း သွားနေရတာပါ။ အဖေါ်မရှိပါဘူး၊၊ခဏဆုံမိကြတာပါ။ ဒီဘဝမှာ ခဏလာဆုံပြီးတော့ ပြီးရင်လမ်းခွဲပြီး ကိုယ့်ခရီးကိုယ် ဆက်သွားကြရအုံးမှာပါ။သံသရာတလျှောက်လုံး လိုက်ပြီး အဖေါ်လုပ်ပေးမဲ့သူ မရှိပါဘူး၊၊💧💧💧
🔹🍄🍄🔹
ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ ) ၏
“ တွေးမိတိုင်းပျော်တယ် ” စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊

No comments:

Post a Comment