ရွှေတောင်ကုန်းသာသနာ့ရိပ်သာဆရာတော်ဟာ ဒီစကားလေးကို ပြောတာ ကြားရခဲ တယ်။ စာရေးသူ ဆရာတော်ထံ နေခဲ့ရတဲ့(၁၃)နှစ်တာကလ အတောအတွင်းမှာဒီစကားလေးကို(၂)ခါပဲကြားဖူးတယ်။ တစ်ခါက ရန်ကုန်မြို့မဟာစည်သာသနာ့ရိပ်သာကြီးထဲမှာ။ တစ်ခါကတော့ ရွှေတောင်ကုန်း သာသနာ့ ရိပ်သာမှာပါ။
မဟာစည်သာသနာ့ ရိပ်သာကြီးမှာ တုံးက သူကိုယ်တိုင် အပြင်းထန်ဆုံး ဘ၀လောကဓံ မုန်တိုင်းဒဏ်ကို ခံခဲ့ရစဉ်ကပေါ့။ 1990 ခု နှစ်ကပါ၊ အဲဒီတုန်းက တိုက်ခတ်လာတဲ့ ဘ၀လောကဓံ မုန်တိုင်းဟာ အတော်ကို ပြင်းထန်ပါ တယ်၊ ဆရာတော်ရဲ့ဘ၀မှာ အပြင်းထန်ဆုံးလို့ ဆိုရင်တောင် ဆိုလို့ရမယ် ထင်တယ်။ လက်ဝှေ့စကားနဲ့ပြောရရင်တော့ ဆရာတော်ကို အလဲထိုးကြတဲ့ပွဲပေါ့၊
ပြန်ထမလာနိုင်အောင် ၀ိုင်းပြီး ထိုးကြတဲ့ ပွဲပါဘဲ။ တော်တော်တန်တန်သာ ခံနိုင်ရည်အား ရှိသူ ဆိုရင်တော့ အဲသည်ပွဲ မှာ လဲပြီး မထနိုင်တော့ဘူး။ အဲသည်ပွဲမှာ တစ်ဘက်သူတို့၏ ထိုးချက်ကြောင့် အသက်ရင် လည်း ထွက်သွားနိုင်ပါတယ်။ ဆရာတော်မှာ ထိုစဉ်က ဘယ်လောက် ခံစားရတယ် ဆိုတာကို အတိအကျ မပြောနိုင်ပေမယ့်လို့ အဲသည်တုံးက မကြာခဏ ဆရာတော် မိန့်ကြားလေ့ရှိတဲ့ စကားအရတော့ ခန့်မှန်းနိုင်ပါရဲ့၊
သူ့စကားလေးက……"စစ်ကိုင်းမြို့မှာ မြေငလျင်ဒဏ် အကြီးအကျယ်ခံရတဲ့အခါ ကောင်းမှုတော်စေတီကြီးက ပြောသတဲ့၊ ဒီမြေငလျင် ဒဏ်ကြောင့် တောင်ပေါ်က ငပူစူးတို့တော့ ဘယ်လိုနေမယ် မသိဘူး။ ငါတောင် အိုးတိုးအင့်တင့် ဖြစ်သွားတယ်"--တဲ့၊ စစ်ကိုင်း တောင်ရိုးပေါ် က ကောင်းမှုတော်လောက် မကြီးမားတဲ့ စေတီတော်လေးတွေတော့ ဘယ်လောက် ခံရမယ်မသိဘူး၊ သူ့လို အင်မတန်ထုထည်ကြီးမား လှတဲ့ စေတီကြီးတောင်မှ အိုးတိုး အင့်တင့် ဖြစ်သွားသေးတယ်- ဆိုတော့ အဲဒီ မြေငလျင်ဒဏ်ဟာ အင်မတန်ကို ပြင်းထန်ပေ လိမ့်မယ်" ။
မဟာစည်ဆရာတော်ကြီးလည်း ပြင်းထန်တဲ့လောကဓံဒဏ်ကို ခံတော်မူခဲ့ရရှာပါတယ်။ ခံနိုင်ရည်အား ကြီးမားတော်မူတဲ့ မဟာစည် ဆရာတော်ကြီးမှာ မထောင်းတာလှပေမဲ့ မဟာစည်ဆရာတော်ဘုရားကြီးလောက် ခံနိုင်ရည်အား မကြီးမားလှသေးတဲ့ ရွှေတောင်ကုန်း သာသနာ့ ရိပ်သာ ဆရာတော်မှာတော့ အတော်အတန် ထောင်းတာတယ်နဲ့တူပါရဲ့၊ အဲဒီလို ဘ၀လောကဓံမုန်တိုင်းထန်နေတုံး ဆရာတော် သီတင်းသုံးတော်မူ ခဲ့ရာ နာယက(၂) ကျောင်း ဆောင်၊ဆရာတော်ထံ ရောက်ရှိခဲ့ပါတယ်။ ထိုစဉ်က ဆရာတော်မိန့်ကြားတဲ့ စကားတွေကို ဒီလို မှတ်မိနေပါတယ်။
" ဦးဓမ္မိက…. သစ္စာဆိုပြီး လိုရာဆုတောင်းကာ အလုပ်လုပ်ပါ။ ဦးဓမ္မိကမှာ စိတ်စေ တနာ သန့်သန့်နဲ့ လုပ်ထားတဲ့ အလုပ်တွေ ရှိနေတာပဲ၊ ဥပမာ- ဦးဓမ္မိက ဟာ နွေရာသီ ကျောင်း ပိတ်ရက်ချိန်မှာ တစ်လ သင်ကြားပေးတဲ့ ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်းမှာ သင်တန်းသား ကိုယ်ရင် ကျောင်းသားတွေနဲ့ သင်တန်းသူ သိက္ခာရှင်(သီလရှင်) ကျောင်းသူ တွေကို စိတ်စေတနာ သန့်သန့်နဲ့ သင်ကြားပို့ချပေးခဲ့တာပဲ၊ သင်တန်းမှ လိုအပ်ရာရာ အခြား အခြားကိစ္စတွေကိုလည်း ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့ ဆောင်ရွက်ပေးခဲ့တာပဲ၊ ငါဟာ အဲသလို အစရှိတဲ့ အများအကျိုးပြု ကောင်းတဲ့ လုပ်ငန်းတွေကို စိတ် စေတနာ ဖြူဖြူစင်စင် ရိုးရိုးသားသားနဲ့ ကျိုးစား ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီ မှန်ကန်တဲ့ သစ္စာစကားကြောင့် တွေ့ ကြုံနေရတဲ့ အနှောက်အယှက်တွေမှ လွက်ကင်းပြီး အများအကျိုးပြု ကောင်းတဲ့ လုပ်ငန်းတွေ ကို ချမ်းသာ လွယ်ကူစွာနဲ့ ဆန္ဒရှိသလောက် စွမ်းအား ရှိသလောက် ပြုနိုင်ရပါ စေသတည်း" လို့ သစ္စာဆိုပြီး ဆုတောင်းကာ အလုပ်လုပ်ပါ" တဲ့
" သစ္စာဆို ဆုတောင်းပြီး အလုပ်လုပ်" လို့ မိန့်ကြားတာကို ကြားရတာဟာ ဒါ ပထမဆုံး အကြိမ်းပါပဲ၊ ဒီစကားကို မကြားရခင်ကတော့ ဆရာတော်မှာ ဒီလို သစ္စာဆို ဆုတောင်းပြီး အလုပ် လုပ်လိမ့်မယ်လို့ မထင်မိပါဘူး၊ သာသနာတော် အတွက် လိုအပ်ရာရာ လုပ်သင့်တာ တွေကို စွမ်းနိုင်သလောက် လုပ်နေရုံရှိမှာပဲလေ-လို့ တွေးထင်မိခဲ့တယ်။ အခြားအခြား နာမည်ကြီးဆရာတော်ကြီးတွေလည်း ဒီလိုပဲ အခက် အခဲ ပြဿနာတွေနဲ့ ကြုံတွေ့ရတဲ့အခါ သစ္စာဆိုပြီး ဆုတောင်း အလုပ်လုပ်ကြတယ် ဆိုတာကိုတော့ ကြားဖူးပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီး စာရေးဆရာတွေရေးတဲ့ စာတွေကိုလဲ ဖတ်ဖူးပါတယ်။ ရွှေတောင်ကုန်းသာသနာ့ရိပ်သာ ဆရာတော်မှာတော့ အဲဒီလို လုပ်ကြောင်းနဲ့ လုပ်ဖို့ တိုက်တွန်းတာကို တစ်ခါမှ မကြားဖူးဘူး။ ဆရာတော် အဲဒီလို တိုက်တွန်းတာကို ပထမဆုံး ကြားဖူးလိုက်ရတော့ သစ္စာဆို ဆုတောင်းပြီး အလုပ် လုပ် ရ တဲ့ အလုပ်အပေါ်မှာ ပိုပြီး စိတ်ဝင်စားလာမိတယ်။
စိတ်ဝင်စားရုံမျှပါပဲ၊ လက်တွေ့တော့ ထိထိရောက်ရောက်ရော မထိမရောက်ရော မလုပ် မိပါဘူး။ ဘုရားလောင်း ငုံးမင်း၊ ဘုရားလောင်း သုဝဏသာမရဲ့ မိဘတို့ ၊ မဟာကပ္ပိနမင်းတို့ စတဲ့ ရှေးရှေး သူတော်ကောင်း ကြီးတွေမှာ သစ္စာဆို ဆုတောင်းလို့ အလိုဆန္ဒ ပြီးမြောက်ခဲ့ကြ ပုံတွေကို ပိဋကစာပေတွေထဲမှာ ဖတ်ဖူး မှတ်သားဖူးပါရဲ့၊ ရတနသုတ်၊ ဗောဇ္ဈင်္ဂသုတ် ပရိတ် စသည်တွေမှာ သစ္စာဆို မေတ္တာပွားပုံတွေကို တွေ့ရပါရဲ့၊ မျက်မှောက်ခေတ်မှာ သစ္စာဆို ဆုတောင်းပြီး အလုပ်လုပ်လို့ အောင်မြင်ကြတဲ့ အဖြစ်အပျက်တွေကိုလည်း ထိုထို ဘာသာရေး မဂ္ဂဇင်းတွေမှာ ဖတ်ရပါရဲ့။ သိပ်ပြီး စိတ်မ၀င်စားလှသေးဘူး။ ဒါကြောင့် လက်တွေ့ လှိုက် လှိုက် လှဲလှဲ လုပ်ဖြစ်သည်အထိ ရောက်မလာဘူး။
ဒီနေရာမှာ အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ကြီး ပြောပြဖူးတဲ့ အဖြစ်အပျက်လေး တစ်ခုကို ဒီလို မှတ်မိနေပါတယ်။ ရွာတစ်ရွာက ဘုန်းကြီးကျောင်းတစ်ကျေင်းမှာ ကိုရင်တစ်ပါး ဖျားနေတယ်တဲံ။ ကျောင်းမှာ ရှိတဲ့ ဥုးဇင်းတစ်ပါးက ဖျားနေတဲ့ ကိုရင်ကို ပြုစုစောင့်ရှောက်ပေး တယ်၊ ကိုရင့် အဖျားရောဂါကိုလည်း မြန်မြန် ပျောက်သွားစေချင်တယ်၊ ဥုးဇင်းက ကိုရင် လေး စားရတဲ့ ဥုးဇင်းနဲ့တူပါရဲ့၊ ဥူးဇင်းက သစ္စာဆိုတယ်။ " ငါဟာ ရွာထဲက"မိချင်း"ဆိုတဲ့ ကောင်မလေးကို ကြိုက်နေတာ ကြာပါပြီ၊ ယခုလည်း ကြိုက်နေလျက်ပါပဲ၊ ဤမှန်ကန်သော သစ္စာစကားကြောင့် ကိုရင့်မှာ ရှိနေတဲ့ အဖျားရောဂါ ပျောက်ကင်းပါစေ"လို့ သစ္စာဆိုသတဲ့၊ အဲဒီလို သစ္စာဆိုတော့ ဖျားနေတဲ့ ကိုရင်က ဟက်ဟက်ပက်ပက် ခွက်ထိုး ခွက်လန် ရယ်မောသတဲ့၊ ကိုရင်မှာ ချွေးတွေ ထွက်လာပြီး အဖျားလည်း ပျောက်သွားသတဲ့၊ သစ္စာစကားရဲ့ စွမ်းအားကြောင့်ပဲ အဖျားပျောက်တာလား၊ ရယ်မောပြီး ချွေးထွက်သွားလို့ ပျောက်တာပဲ လားတော့ ခွဲခြား မပြောတတ်၊ ရောဂါပျောက်သွားတာကတော့ အမှန်ပဲ။
ကဏှဒီပါယနဇာတ်မှာ၊ သားလေးမျာ မြွေဆိပ်တက်နေလို့ ပွင့်ပွင့် လင်းလင်း ရင်ထဲမှာ ရှိတဲ့အတိုင်း သစ္စာဆိုခဲ့ကြတဲ့ ရသေ့ကြီးနဲ့ မိဘ(၂)ပါးတို့ရဲ့ သစ္စာစကားကြောင့် မြွေဆိပ်ပြယ် သွားတဲ့ အဖြစ်အပျက် မှာတော့ သားလေးမှာ ခုန ဖျားတဲ့ ကိုရင် မှာလို ဟက်ဟက် ပက်ပက် ရယ်ခဲ့ပုံ မပေါ်ပါဘူး။ ဒါကြောင့် ဒီမှာ သစ္စာစွမ်းအားကြောင့်သာ မြွေဆိပ်ပြယ်တာ ထင်ရှား ပါတယ်။
သစ္စာစကားအပေါ် ပိုပြီးစိတ်ဝင်စားစရာ အကြောင်းအရာတစ်ခု ပေါ်လာပြန်တယ်။ ရွှေတောင်ကုန်းသာသနာ့ရိပ်သာမှာပါ၊ ရွှေတောင်ကုန်း သာသနာ့ရိပ်သာ ဆရာတော်ဟာ ရွှေတောင်ကုန်းသာသနာ့ရိပ်သာ ရောက်စ(၄)နှစ်လောက်က သာထွန်းအောင်တိုက်ကျောင်း အပေါ်အခန်း တစ်ခန်းမှာ သီတင်းသုံးပါတယ်။
စာရေးသူတို့ ရဟန်းငယ်တွေလည်း အဲဒီ အပေါ်ထပ်မှာပဲ အခြားအခန်းတွေမှာ နေကြရပါတယ်။ နောက်မှ ချမ်းသာမြိုင် ကျောင်ဆောင် ပြီးလို့ ချမ်းသာမြိုင်ကျောင်းဆောင်မှာ ဆရာတော်ပြောင်းရွှေ့ပြီး သီတင်းသုံ့းပါတယ်။ သာထွန်းအောင် ကျောင်းအပေါ်မှာ ဆရာတော်သီတင်းသုံးစဉ်က တစ်နေ့မှာ စာရေသူရဲ့ရဟန်းဒကာမကြီး ဒေါ်ခင်စောညွန့်တို့ ဆရာတော်ထံ ရောက်နေပါတယ် ၊ အဲဒီအချိန်မှာ စာရေးသူလည်း ဆရာတော်ထံရောက်နေပါတယ်။ ဆရာတော် အခန်းထဲမှာပါပဲ၊ ဆရာတော်နှင့် ဒေါ်ခင် စောညွှန့်တို့ ဆရာ, ဒကာအဖြစ် အကျွမ်းတ၀င် တရင်းတနှီး ရှိတာမို့ ဒေါ်ခင်စောညွန့်ကလည်း ဆရာတော်ကို သူမရဲ့ ဘ၀ပြဿနာ အခက်အခဲတွေကို ပွင့်ပွင့် လင်းလင်း လျှောက်ထားတတ် ပါတယ်။ ဆရာတော်ကလည်း မေတ္တာ ကရုဏာရှေ့ထားပြီး အဆုံးအမ သြ၀ါဒတွေကို မိန့်ကြား တတ်ပါတယ်။
အဲဒီအခါမှာလည်း ဒေါ်ခင်စောညွန့်က သူမရဲ့ ဘ၀ပြဿနာ အခက်အခဲတွေကို လျှောက်ထား ပြန်ပါတယ်။ ဒေါ်ခင်စောညွန့်က သူမရဲ့ ခင်ပွန်း ဦးအောင်ခိုင် ကွယ်လွန် သွားပြီ မို့ ဆရာတော်ကို သာသနာ့ ဖခင်သဖွယ် အားကိုးပုံရပါတယ်။ အလွန်လဲ ကြည်ညို လေးစား လှပါတယ်။ ဒါကြောင့် သူမရဲ့ အခက်အခဲတွေကို လျှောက်ထားပုံ ရပါတယ်။
ဆရာတော်က တကယ့်ဖခင်သဖွယ်ပါပဲ၊ မေတ္တာကရုဏာ ကြီးမားစွာနဲ့ ဒီလို အားပေး စကား ဆုံးမစကားမိန့်ကြားလိုက်ပါတယ်။
“ဒီလိုပါပဲ၊ ဘုန်းကြီးတို့လဲ လောကဓံဒဏ်ကို ခံကြရတာပါပဲ။ ဒကာမကြီးတို့တွေ့ရတဲ့ လောကဓံက ဘုန်းကြီးခံရတဲ့ လောကဓံနဲ့ စာရင် တော်ပါသေးတယ်။ ရှေ့ဘ၀က ငါက သူတစ် ပါးကို ဒီလို လုပ်ခဲ့လို့နေမှာပဲ၊ ငါ့အကုသိုလ်ကံကြောင့် ငါ ဒီလို ခံရတာပဲ၊ ဘယ်သူမပြု မိမိမှုလို့ပဲ ဘုန်းကြီးကသဘောထားတယ်။ဒကာမကြီးမှာလဲ ကုသိုလ်ကောင်းမှုတွေများစွာ ပြုလုပ်ထာတာပဲ၊ ပြုလုပ်နေတာပဲ၊တကယ့် စိတ်စေတ နာ ကောင်းကောင်း နဲ့ ပြုလုပ်ထား တာပဲ၊ ဒါတွေကို သစ္စာဆို ဆုတောင်းပြီး အလုပ်လုပ်ပါ"တဲ့။
ဒီအကြိမ်က ဒုတိယအကြိမ် ကြားနာရတာပါ၊ သစ္စာစကားအပေါ် ပို၍ ခိုင်မာစွာ စိတ်ဝင် စားလာပါတယ်၊ စမ်းကြည့်ချင်စိတ်လည်း ပေါ်လာပါတယ်၊ ကိုယ့်ဘ၀မှာ အခက်အခဲတွေ ပေါ်လာတဲ့အခါ သစ္စာဆိုကြည့်ပါတယ်၊ ကိုယ့်မှာလည်း သစ္စာဆိုနိုင်လောက်အောင် အား ကောင်းတဲ့ ကောင်းတဲ့ အရည် အသွေးတွေ ရှိနေတာပဲ၊ ကိုယ့်ရဲ့ဖြူစင် မြင့်မြတ်တဲ့ လုပ်ငန်းတွေက သစ္စာဆိုရာမှာ များစွာစိတ်အင်အားကို ပေးပါတယ်၊ တွေ့ကြုံနေရတဲ့ အခက်အခဲကိုလည်း ရင်ဆိုင်ကျော်လွှားဖို့ ရဲဝံ့လာတယ်၊ ရှေးကရော ယခုပါ ပြုထားတဲ့ ကောင်းတဲ့လုပ်ငန်းမျိုးကို တိုးပြီးလုပ်လိုတဲ့ စိတ်တွေလဲ ပေါ်လာတယ်၊ ကောင်းတဲ့ စိတ်ထားနဲ့ ပြုလုပ် ပြောဆိုသမျှတွေ ပိုပိုပြီး ကောင်းဖို့ လိုအပ်တာ် ဆိုတာလည်း နားလည်လာတယ်၊ အရေး အကြောင်းရှိလာရင် တကယ်အားကိုးစရာဖြစ်လာတာကိုလည်း သိလာရတယ်၊ ဒါကြောင့် ကောင်းတဲ့ စိတ်ဓာတ် ကောင်းတဲ့အလုပ် ကောင်းတဲ့ အပြောတွေကို ပိုပြီး အားကိုးချင်လာတယ်၊ တန်ဖိုးကိုလည်း ပိုပြီး သဘောပေါက်လာတယ်၊ တန်ဖိုးသိတော့ ပိုပြီးမြတ်နိုးလာတယ်၊ အရသာရှိလာတယ်။
ဆရာတော်ထံမှ(၂) ခါမျှသာ ကြားနာရဖူးတဲ့ အဲဒီအဆုံးအမ စကားကို အပြည့်အ၀ စိတ်ဝင်စားကာ အပြည့်အ၀ လက်ခံပြီး တတ်နိုင်သမျှ ကျင့်သုံးနေမိပါတယ်။ အောင်မြင် ကျော်ကြားကြတဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ ပန်းခင်းတဲ့ လမ်းပေါ်ချည်း လမ်းလျှောက်ခဲ့ရသူတွေ မဟုတ်ပါဘူး။
ခရောင်းလမ်းကိုလည်း လျှောက်လှမ်းရတာချည်းပါပဲ၊ အခက်အခဲ ဆိုတာကတော့ လူတိုင်း တွေ့ရစမြဲပါ။ ဒါဟာ အဆန်း မဟုတ်ပါဘူး၊ ရိုးနေတဲ့ အရာပါ၊ အခက်အခဲကို မတွေ့ မကြုံဖူးသူ အတွေ့အကြုံနည်းသူတွေက ဖြုံတတ်ကြပါတယ်။ တုန်လှုပ်တတ်ကြပါတယ်၊ မဟာ ဂန္ဓာရုံဆရာတော်ကြီးကိုယ်တိုင် သူအကြောင်း သူ ရေးသွားတဲ့ " တစ်ဘ၀သံသရာ" စာအုပ်ကို ဖတ်ရတဲ့အခါ လင်္ကာလေးကို ကြိုက်လို့ ကျက်ထားဖူးတယ်၊ အကျော်အမော် စာရေးဆရာကြီး ဖြစ်တဲ့ အလျောက်ပဲ မဟာဂန္ဓာရုံဆရာတော်ရဲ့ လင်္ကာဟာ ကောင်းလှပါတယ်။
လင်္ကာက------
လူဟု ဆိုလျှင်၊ လူလိုပင်သာ၊ လူတွင် တွေ့ရိုး၊ ကြောင်းအကျိုးနှင့်၊ ကောင်းဆိုးနှစ်တန်၊ လောကဓံကို၊ အမှန်တွေ့မြဲ၊ စိတ်ဝယ်စွဲ၍၊ ၀မ်းနည်း ၀မ်းသာ မများပါမှ၊ နောင်လာဆက် ဆက် တိုးကာတက်၏၊ သို့တွက်များပြား၊ အို လူသားတို့၊ ဘုရားဟောဖော်၊ တရားတော်ကို၊ ပျော်ပျော်လိုက်စား၊ စိတ်ဝယ်ထားလျှက်၊ များလောကဓံ၊ ကြံ့ကြံ့ခံ၍၊ မှန်မှန် မဖြုံ၊ စိတ်မတုန် အောင်၊ လူ့ဘုံ သင်တို့ သွားဖွယ်ကို့။
သာမဏေကျော်
No comments:
Post a Comment