ဂေါတမဘုရားအလောင်း နုစဉ်ကာလတွင် မိန်းမ ဘဝဖြစ် မဖြစ်နှင့် ဖြစ်သည်ရှိသော် ဘယ်နှစ်ကြိမ် ဖြစ်ပါ သနည်းဆိုသော်ဘုရားအလောင်းတော်ကိုခေတ်နှစ်ခေတ်ခွဲပြီး ပြရ မှာပဲ၊ခေတ်နှစ်ခတ်ဆိုတာက –
(၁) နိယတဗျာဒိတ်မရသေး သော နုသောဘုရား အလောင်းတော်ခေတ်၊
(၂) နိယတဗျာဒိတ်တော်ရပြီးသော ရင့်သောဘုရား အလောင်းတော်ခေတ်-များပေါ့၊
အဲသည် ခေတ် ၂-ပါးနက် ငါသည် သစ္စာလေးပါးကို ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိမြင်တဲ့ ဗုဒ္ဓဘုရားဖြစ်လျှင်ကောင်းမှာပဲလို့ စိတ်ဖြင့် ဘုရား ဆုကို တောင်းသော မနောပဏိဓိခေတ်၊ စိတ်ဖြင့် ဆုတောင်းရုံမျှမကဗုဒ္ဓဘုရားဖြစ်ရပါလို၏လို့ နှုတ်က မြွတ်ဆိုဆု တောင်းတဲ့ ဝါစာပဏိဓိခေတ်၊ သည်ခေတ်နှစ်ခုတို့ဟာ နိယတဗျာဒိတ် မရရှိ သေးတဲ့ နုသောဘုရားအလောင်း ခေတ်ဖြစ်တယ်။
သောတတ္ထကီကျမ်းရဲ့ အလိုအားဖြင့်ဘုရားအလောင်း မာတုပေါသကဘဝမှစ၍ သိဒ္ဓတ္ထတေလဒါယိကာ မင်းသမီးဘဝအထိ(၇)သင်္ချေကာလအတွင်းဟာ မနောပဏိဓိ (စိတ်ဖြင့်ဆုတောင်း) ခေတ်ဖြစ်တယ်၊ သိဒ္ဓတ္ထတေလ ဒါယိကာ မင်းသမီးဘဝကနိယတဗျာဒိတ်ခံတဲ့ သုမေဓာရသေ့ဘဝအထိ(၉)အသင်္ချေကာလ အတွင်းဟာ ဝါစာ ပဏိဓိ(နှုတ်ဖြင့်ဆုတောင်း)ခေတ်ဖြစ်တယ်။သည် နှစ်ခေတ်အတွင်း ဘုရားလောင်းရဲ့ဘဝဟာ ဧကန်ဘုရားဖြစ်ဖို့ မသေချာဘူး၊။ အကြားကာလမှာ သာဝကဘဝနှင့် ကျွတ် တမ်းဝင်ချင်လည်း ဝင်တက်တယ်၊ ပဏိဓိ(ဆုတောင်း) ပြောင်းချင်လည်း ပြောင်း သွားတက်တယ်၊၊ဒါကြောင့် ဘဝလည်း မသေချာဘူး၊အဝီစိ ရောက်ချင်လည်းရောက် မယ်၊ဗြဟ္မာဖြစ်ချင်လည်း ဖြစ်မယ်၊ မိန်းမဖြစ် ချင်လည်း ဖြစ်မယ်၊ ယောင်္ကျားဖြစ်ချင်လည်းဖြစ်မယ်၊ သူ့ရဲ့ ကံအားလျော်စွာ ယောက်ျားအကြိမ်မည်မျှ၊ မိန်းမအကြိမ် မည်မျှလို့ ရေတွက်ပိုင်းခြားဖို့လည်း မလွယ်ဘူး”
“သုမေဓာ ရသေ့ဘဝမှာ နိယတဗျာဒိတ် ခံယူပြီး တဲ့နောက်ယခု ဂေါတမဘုရားဖြစ်တေယ်မူသည့် တိုင်အောင် လေး အသင်္ချေနှင့် ကမ္ဘာတစ် သိန်း ကာလအတွင်း ကတော့ စိတ်ညွတ်ရုံ နှုတ်မြွတ်ရုံမကတော့ဘူး၊ကိုယ်ရော,နှုတ်ရော, စိတ်ရော အားလုံးကုန် ညွတ်လာခဲ့ပြီ၊ ပါရမီအင်အားလည်းကောင်းသည်ထက်ကောင်းလာခဲ့ပြီ၊ ဥပမာအားဖြင့် ဧကန် အပင်ပေါက်မည့်ရင့်ကျက်တဲ့ မျိုးစေ့ကို ပိုးစသော အန္တရာယ်များ မဖျက်ဆီးနိုင်သလို၊ရင့်ကျက်တဲ့ဘုရားလောင်းရဲ့ ဘဝဟာလည်း ဇစ္စန္ဓ, ဇစ္စဗဓိရ စတဲ့ အန္တရာယ်မျိုး မဖြစ်တော့ဘူး၊ သည်လို မဖြစ်နိုင်တာကိုအဘဗ္ဗလို့ ခေါ်တယ်ကွယ့်၊အဲသည် အဘဗ္ဗဋ္ဌနဟာ (၁၈)ပါး ရှိကြောင်း(သုတ္တနိပါတ်၊ ဋ္ဌ၊ ပ၊ ၄၅)မှာပြဆိုထားတယ်။
ဘုရားအလောင်းမဖြစ်နိုင်တဲ့အဘဗ္ဗဋ္ဌာန ၁၈-ပါး
(၁) အမိဝမ်းတွင်းက မျက်စိကန်းလာတဲ့ဇစ္စန္ဓ မဖြစ်နိုင်ဘူး၊
(၂) အမိဝမ်းတွင်းက နားပင်းလာတဲ့ဇစ္စဗဓိရ မဖြစ်နိုင်ဘူး၊
(၃) ရူးသွပ်သောသူ မဖြစ်နိုင်ဘူး၊
(၄) စကားမပြောတက်သော သူအ မဖြစ်နိုင်ဘူး၊
(၅) ခြေလက်ဆွံ့သူ မဖြစ်နိုင်ဘူး၊
(၆) လူရိုင်း မဖြစ်နိုင်ဘူး၊
(၇) ကျွန်မဝမ်းမှာ ပဋိသန္ဓေ မနေနိုင်ဘူး၊
(၈) နိယတ မိစ္ဆာဒိဋ္ဌိ မဖြစ်နိုင်ဘူး၊
(၉) လိမ် မပြောင်းလွဲနိုင်ဘူး၊
(၁၀) အနန္တရိယ ကံငါးပါးကို မကျူးလွန်နိုင်ဘူး၊
(၁၁) နူသောသူ မဖြစ်နိုင်ဘူး၊
(၁၂) တိရစ္ဆာန်ဖြစ်သော်လည်း ငုံးအောက်ငယ်တဲ့တိရစ္ဆာန် မဖြစ်နိုင်ဘူး၊
(၁၃) မစားမသောက်ရလို့ အမြဲ ဆာလောင် မွတ်သိပ်ရတဲ့ ခုပ္ပိပါသိကပြိတ္တာမျိုး၊ခန္ဓာကိုယ် အမြဲမီးလောင်နေလို့ အပူဒဏ်ခံနေတဲ့ နိဇ္ဈာမတဏှိက ပြိတ္တာမျိုး၊ခံတွင်း အပ်နဖားလောက်နဲ့ ကိုယ်ခန္ဓာ သုံးဂါဝုတ်လောက်ရှိတဲ့ ကာလကိဥ္စိကအသုရာမျိုး မဖြစ်နိုင်ဘူး၊
(၁၄)အဝီစိငရဲနှင့် လောကန္တရိငရဲမှာ မဖြစ်နိုင်ဘူး၊
(၁၅)ကာမဝစရဘုံမှာ အသညသတ်ဗြဟ္မာနှင့် သုဒ္ဓါဝါသဗြဟ္မာမဖြစ်နိုင်ဘူး၊
(၁၆)ရူပဝါစရဘုံမှာ အသညသတ်ဗြဟ္မာနှင့် သုဒ္ဓါသဗြဟ္မာ မဖြစ်နိုင်ဘူး၊
(၁၇)အရူပဗြဟ္မာ မဖြစ်နိုင်ဘူး၊
(၁၈)သည် စကြာဝဠာတစ်မှတစ်ပါး အခြားစကြဝဠာမှာ မဖြစ်နိုင်ဘူး။သည် ၁၈-ပါးသောဋ္ဌာနဟာနိယတဗျာဒိတ်ရတဲ့ ရင့်ကျက်သော ဘုရားအလောင်းများမဖြစ်နိုင်တဲ့ ဋ္ဌာနများ ဖြစ်ကြတယ်၊ သည် ၁၈-ဋ္ဌာန အနက်အမှတ်(၉)အရ(နဿ လိင်္ဂံ ပရိဝတ္တလိ) လိမ်မပြောင်းလွဲနိုင်ဘူးဆိုတာပါတယ်ကွယ့်၊ သုမေဓာရှင်ရသေ့ နိယတဗျာဒိတ် ခံယူတော်မူစဉ်က (ပုရိသဘာဝ) ယောက်ျားဘဝဖြစ်တယ်၊အဲသည် ယောက်ျားဘဝဟာ ဗုဒ္ဓဘုရားဖြစ်သည့်တိုင်အောင် မပြောင်းလဲနိုင်ဘူး။
အကျဉ်းချုပ်ပြီး ဖြေရလျှင် ဂေါတမဘုရားအလောင်းဟာ အလွန်နုတဲ့ မနောပဏိဓိခေတ်,ဝါစာပဏိဓိခေတ်မှာ မိန်းမဖြစ်ခဲ့ဖူးပါတယ်၊ သိဒ္ဓတ္ထတေလ ဒါယိကာမင်းသမီးဟာ ဂေါတမဘုရား အလောင်းပါပဲ၊မိန်းမဘဝပေါင်း ဘယ်မျှ ဖြစ်တယ်ဆိုတာ အသေအချာ ကျန်းညွှန်းချက် မရှိပါဘူး၊ နိယတဗျာဒိတ်ရပြီးဂေါတမဘုရား ဖြစ်သည့်တိုင်အောင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်းမှာ ဘုရားအလောင်းတော်ဟာယောက်ျားဘဝမှ ပြောင်းလဲခြင်း မရှိပါဘူး။
– နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့ -တည်တောဆရာတော်ကြီး)ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ
အတွဲ(၂) (စာမျက်နှာ ၆၅ – ၆၈ ) မှ ကောက်နုတ်ပူဇော်ပါသည်။
ဓမ္မဒါန – ထေရ၀ါဒရနံ့ မှ
No comments:
Post a Comment