Saturday, January 20, 2018

'အသေမြတ်ချင် သေနည်းသင်'(1)

ဗုဒ္ဓက -
“အထခေါ ပရိမောဏေသု စက္က၀ါဠေသု တီသုဘဝေသု အမရဏဓမ္မောနာမ နတ္ထိ၊
တဗ္ဘာဝေနေ၀ ဌာတုံသမတ္ထော ဧကသင်္ခါရောပိ သဿတောနမ နတ္ထိ”
အထခေါ               စင်စစ်သော်ကား
ပရိမောဏေသု        အတိုင်းအရှည် မရှိကုန်သော
စက္က၀ါဠေသု           စကြာဝဠာတို့၌
တီသုဘဝေသု         ဘ၀သုံးပါးတို့၌

အမရဏဓမ္မောနာမ   မသေသောတရားမည်သည်ကား နတ္ထိ၊ မရှိ။
တဗ္ဘာဝေနေ၀          ထိုမြင်ရသော သူ့သဘောဖြင့်ပင်လျင်
ဌာတုံ                   အမြဲတည်စေခြင်းငှာ နတ္ထိ မရှိ။
သမတ္ထော              စွမ်းနိုင်သော
ဧကသင်္ခါရောပိ        တစ်ပါးသော သင်္ခရတရားမျှလည်း
သဿတောနမ        ခိုင်မြဲသောသဘောမည်သည် သူ့သဘောနှင့် သူ မပျက်မစီးအမြဲတည်နေတဲ့ သင်္ခရတရားဆိုတာဘာလဲ။ တစ်ခုမှ မရှိပါဘူး။
“သဗ္ဗေသင်္ခါရာဘိဇ္ဇနဓမ္မာ – သင်္ခါရတရားအားလုံး ပျက်စီးရတဲ့သဘောရှိတယ်။ ဒီသေဆုံးပျက်စီးရတာကလည်း မိမိတစ်ဦးတည်းကြုံရတာ မဟုတ်ဘူး။ သတ္တ၀ါမှန်သမျှ ကြုံနေရတာပါပဲ” ဟု ဗုဒ္ဓက ဟောကြားခဲ့လေသည်။

ပထမအင်္ဂပူသာသနာပိုင်ဆရာတော်ဘုရားကြီး 
”ပုခက်နှင့်ဝေးသမျှ
မဝေးလှ သုသာန်၊
ပြေးမရ ဆုတ်ခံတယ်၊
လုပ်ကြံလို့လွတ်ပဲ၊
ပဋိစ္စသမုပ္ပန်ကို၊
သမ္ဗုဒ္ဓံဟောမြွက်ကပဲ၊ ဇာတိဟုရှိပါလျှင်၊ စုတိမှာမလွှဲ၊
ပုဒိအာတုမရဲသော်မှ၊ အမှုတွဲပါဝင်၊
မယ်မာယာတစ်သာကီတွင်မှ၊ သူ့ဇာတိစခဲ့သည်ပင်၊
အသီတိရှစ်ဆယ်ဝင်သော်၊
ခေတ်နယ်တွင်ဇာတ်သိမ်းလို့၊
ချုပ်ငြိမ်းတဲ့ပြည်မလ္လာ၊ စုတိနှင့်သာ၊
တို့များဖြင့် မသေပါပြီ၊
ကေတထာရှိဘူးဗျလေး။”
 
“လူသားမှန်သမျှ ပုခက်နှင့်ဝေးပြီး အသက်ကြီးလာသည်နှင့်အမျှ သုဿာန်နှင့်ကား နီးသထက်နီးလာခဲ့ရလေပြီ။ သေခြင်းတရားကို မည်သည့်စစ်တပ်နှင့်စုပြီး ခံသော်လည်း လွတ်ဖို့ရာမရှိပါချေ။ ထို့ကြောင့်လည်း ရှင်တော်ဗုဒ္ဓက ပဋိစ္စသမုပ္ပါဒ်တွင် ဇာတိဟူသော ပဋိသန္ဓေနေခြင်း ၉ဖြစ်ခြင်း) ရှိခဲ့လျှင် စုတိဟူသော သေခြင်း (ပျက်ခြင်း) ဖြစ်ရမည်မှာမလွဲဟု ဟောခဲ့ခြင်း ဖြစ်ပေသည်။
သာမန်ပုထုဇဉ်၊ အရိယာ၊ ပစ္စေကဗုဒ္ဓါတို့ကို အသာထား၍ ပုဗ္ဗေနိဝါဿာနုဿတိဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသ၀က္ခယဉာဏ် ပိုင်ရှင်ဖြစ်တော်မူသော သဗ္ဗညုတဉာဏ်ရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသော်မှ မယ်မာယာ၏၀မ်းတွင် ဇာတိနှင့်စခဲ့ရသဖြင့် မလ္လာမင်းတို့၏ ဥယျာဉ်တွင် သက်တော်ရှစ်ဆယ်၌ စုတိဖြင့် ချုပ်ငြိမ်းခဲ့ရလေပြီ။ သို့အတွက် တို့များတစ်တွေမှာဖြင့် မသေဘူးရယ်လို့ ဘယ်လိုကျမ်းမှာမှ ရှိလိမ့်မည် မဟုတ်ဟု ဆိုလိုပေသည်။”
သတ္တ၀ါတစ်ခုရယ်လို့ဖြစ်လာခဲ့ရင် ငယ်သည်၊ ကြီးသည်မဟူ မိုးထိအောင်မြင့်မားပြီး အရပ်လေးမျက်နှာ အပြည့်ရှိနေသည့် ကျောက်တောင်ကြီးလေးလုံး၏အကြိတ်အချေကို နေ့စဉ်နှင့်အမျှ ခံနေကြရပေသည်။ ၎င်းကျောက်တောင်လေးလုံးကား
- ဇာတိဟူသော ပဋိသန္ဓေနေခြင်း ကျောက်တောင်၊
- ဇရာဟူသော အိုခြင်းကျောက်တောင်၊
- ဗျာဓိဟူသော နာခြင်းကျောက်တောင်၊
- မရဏ ဟူသော သေခြင်းကျောက်တောင်။
ဇာတိဟူသော ကျောက်တောင်ကတော့ ကြိတ်ချေလို့ပြီးသွားခဲ့ပြီ။
ဇာရာဟူသော ကျောက်တောင်ကတော့ နေ့စဉ်ကြိတ်ချေလျက်ပင်။
ဗျာဓိနှင့် မရဏကျောက်တောင်တို့ကတော့ ကြိတ်ချေရန် အသင့်စောင့်လျက်နေကြလေပြီ။

ရာထူး၊ အာဏာ၊ ပါဝါ၊ ဥစ္စာ မည်မျှကြီးမားများပြားစေကာမူ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ဟူသော ကျောက်တောင်တို့၏ကြိတ်ချေခြင်းဘေးမှကား မည်သူမှတားဆီးခြင်းငှာ မစွမ်းနိုင်ပင်။
ပျိုသော၊ လတ်သော၊ ကြီးသော မခွဲခြား၊ မရဏဟူသော ကျောက်တောင်ကား အခွင့်သင့်လျှင်သင့်သလို ကြိတ်ချေမည်သာဖြစ်ပေသည်။

လူမသေဘူးသော နေရာ မရှိ
ဗုဒ္ဓလက်ထက်က ရာဇာဂြိုဟ်မြို့ ဥပသာလက အမည်ရှိတဲ့ ပုဏ္ဏားတစ်ယောက်ဟာ သူသေရင် လူတွေမမြှုပ်ဘူးတဲ့ နေရာမှာ မြှုပ်ပါလို့ သူ့သားကိုမှာသတဲ့။ သားကလည်း အဖေ လူသေမမြှုပ်ဘူးတဲ့နေရာဆိုတာ အင်မတန်ရှားလှပါတယ်။ ဒါ့ကြောင့် အဖေကိုယ်တိုင်ရှာဖွေပြထားခဲ့ပါလို့ ပြောလေသည်။ ဒါနဲ့ ပုဏ္ဏားကြီးဟာ ၀ိဇ္ဈကုဋ်တောင်ပေါ်တက်ပြိးတောင်စောင်းလေးတစ်နေရာကို သဘောကျပြီး ဒီနေရာလေးမှာ ဘယ်လူသေမှမမြှုပ်ဘူးလောက်သေးဘူး။ ဒါ့ကြောင့် ငါ့ကို ဒီမှာပဲ မြှုပ်ပါလို့ သားကို ပြောပြီး တောင်အောက်ကိုဆင်းလာသည်။
ထိုအခါ ဗုဒ္ဓက ဂါထာတစ်ထာပြောလိုက်တာနဲ့ ပုဏ္ဏားကြီးဟာ သောတာပန်ဖြစ်မယ်လို့ မြင်တော်မူတဲ့အတွက် ကြွလာတော်မူခြင်းဖြစ်ပေသည်။
ဗုဒ္ဓ – ဥပသာလက ၀ိဇ္ဈကုဋ်တောင်ပေါ်ကို အဘယ်ကြောင့်တက်လာရသနည်း။
ပုဏ္ဏား – မှန်ပါ။ လူသေမမြှုပ်ဘူးတဲ့နေရာကိုရှာဖို့အတွက် တက်ရောက်ရခြင်း ဖြစ်ပါတယ်။
ဗုဒ္ဓ – ဒါဆိုရင် တွေခဲ့ရဲ့လား။
ပုဏ္ဏား – မှန်ပါ.။ တွေ့ခဲ့ပါတယ်။
ဗုဒ္ဓ – ဒါဆိုရင် အဲ့ဒီနေရာကို ငါဘုရားကို လိုက်ပြပါ။
ဥပသာလက ရွေးထားတဲ့နေရာကို ညွှန်ပြလိုက်သောအခါ ဗုဒ္ဓက -
ဥပသာလကနာမာနိ၊
သဟဿာနိစတုဒ္ဒသ၊
အသ္မိဲပဒေသေဒဍ္ဎုာနိ
နတ္ထိလောကေအနာမတံ။
အဓိပ္ပါယ်ကား – သင် အခု ညွှန်ပြသောနေရာမှာ ဥပသာလကအလောင်းကောင်ပေါင်း တစ်သောင်းလေးထောင်တို့သည် မြှုပ်နှံရပြီးပြီ။ ဒီကမ္ဘာကြီးနေရာအနှံ့မှာ လူသေကောင်ပုပ် မမြှုပ်ဘူးသောနေရာသည် တစ်နေရာမှမရှိဘူး။ လို့ဟောတော်မူကြီး ပုဏ္ဏားကြီးသည်လည်း ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာပြုတ်ပြီး သောတာပန်တည်သွားခဲ့လေသည်။
ဗုဒ္ဓက –
“မရဏကောဥတ္တရိ ဒုက္ခံနာမ နတ္တိ”
သေရခြင်းထက် ပိုလွန်သော ဆင်းရဲမည်သည်မရှိ။
 “ဇီဝိတံ ဗျာဓိ ကာလောစ၊ ဒေဟနိက္ခေပနံ ဂတိ” – ပုထုဇဉ်တို့ မသိနိုင်သော အရာငါးမျိုး
ဇီဝိတံ               ဘယ်အသက်အရွယ်မှာ သေမည်ဟု မသိနိုင်၊ 
ဗျာဓိ                 ဘယ်အနာရောဂါနှင့် သေမည်ဟု မသိနိုင်၊
ကာလေ             နံနက်၊ နေ့လည်၊ ည ဘယ်ကာလမှာ သေမည်ဟု မသိနိုင်၊
ဒေဟနိက္ခေပန     ဘယ်သင်္ချိုင်းမှာ ချမည်ဟု မသိနိုင်၊
ဂတ                  ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ လူ၊ နတ်၊ ဘယ်ဘုံရောက်မည်ဟု မသိနိုင်။

“ကွင်းသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်မှာ သေခြင်းတရား” သည် ရုတ်တရက် ဆိုက်ရောက်လာနိုင်သည် ဟူ၍ ၎င်း၊

“မရဏံ မေ ဓုဝံ၊ ဇီဝိတံ မေ အဓုဝံ၊”  ( “ငါ့အား သေခြင်းတရားသည် အမြဲရှိ၏။ ငါ့အား အသက်ရှင်ခြင်းသည် အမြဲမရှိ။” )  ဟူ၍ ဟောကြားခဲ့ပေသည်။
 “ကွင်းသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်မှာ သေခြင်းတရား” ရောက်လာနိုင်တယ်လို့ ဗုဒ္ဓ ဟောကြားတာက သေခြင်းလေးမျိုးကို ရည်ရွယ်ပြီး ဟောထားခြင်း ဖြစ်ပါတယ်။

No comments:

Post a Comment