Monday, January 22, 2018
"အသိခြားနား ယင်နှင့်ပျား"
- လောကမျက်မြင်၊ ပျားနှင့်ယင်၊ နှိုင်ယှဉ်ကြည့်နိုင်ကြ။
- အသိခြားနား၊ ယင်နှင့်ပျား၊ စွမ်းအားမတူကြ။
- ယင်ကောင်ပမာ၊ ရှုပ်ထွေးစွာ၊ ကောင်းတာမစုက။
- ခုရောနောင်ပါ၊ ပူလောင်ကာ၊ ချမ်းသာဆုံးရှုံးရ။
- ပျားကောင်ပမာ၊ ဖြောင့်မှန်စွာ၊ ကောင်းတာစုထားမှ။
- ခုရောနောင်ပါ၊ အေးမြကာ၊ ချမ်းသာရနိုင်ကြ။
- မေတ္တာလွှမ်းခြုံ၊ ဘေးရန်လုံ၊ အကုန်ချမ်းသာရ။
လူဆိုတာ တစ်ယောက်တည်းနေလို့ မဖြစ်တော့ ၂ယောက်က စ၊ ပေါင်းလို့ရနိုင်သလောက်စုပေါင်းနေကြပါ
တယ်။စုပေါင်းပုံမှန်မှ မေတ္တာလွှမ်းခြုံလို့ ဘေးရန်တွေလုံကြမယ်။ စုပေါင်းပုံမမှန်ရင် ဘေးရန်ပြဿနာတွေဝိုင်းအုံနေမှာပဲ။ စုပေါင်းပုံမမှန်ရင်ယင်ကောင်တွေနဲ့ တူသွားမယ်။စုပေါင်းပုံနည်းလမ်းမှန်ရင်တော့ ပျားကောင်နဲ့တူသွားမယ်ပေါ့။
ယင်ကောင်ရဲ့ ဖွဲ့စည်းပေါင်းစုပုံကိုကြည့်ပါ။ အများနဲ့စုပေါင်းနေတတ်ကြတာတွေ့ရပေမယ့်-
၁။ အမျိုးအတွက် ခံယူဦးတည်ချက်မရှိ။အမျိုးကို မချစ်။
၂။ စည်းကမ်းမရှိ၊ အချင်းချင်သစ္စာမရှိ။
၃။ ခွဲဝေအသုံးချ အနစ်နာခံစွန့်လွှတ်မှုမရှိ။
၎။ သဘာဝ အသိတရားမရှိ၊ "ဘယ်သူဘာဖြစ်ဖြစ် ငါတစ်ကောင် ဝဝစားရရင်တော်ပြီ" ဆိုတဲ့ ယုတ်ညံ့အောက်တန်းကျတဲ့ခံယူချက်နဲ့ တစ်ရုန်းရုန်း တစ်အုံးအုံးနဲ့ ကြုံရာသွား ကြုံရာနား ကြုံရာစား၊ ဘာစည်းကမ်းမှမရှိ။ယင်ကောင်မှာ အဆိပ်မရှိပေမယ့် အဆိပ်ထက်ကြောက်စရာကောင်းတဲ့
စည်းကမ်းသစ္စာလုံးဝကင်းမဲမှုကြောင့်ယင်ကောင်အပေါ် ဘယ်သူမှ အယုံအကြည်မရှိကြပါဘူး။
သုတ်သင်ပစ်ရမယ့် အန္တာရာယ်ကောင်၊ ပိုလျှံသတ္တဝါလို့သာ အများက မြင်ကြပါတယ်။ လူလဲ-
၁။ အမျိုးဘာသာ သာသနာအတွက် ခံယူ ဦးတည်ချက်မရှိ၊ အမျိုးကိုမချစ်၊ နာမည်ကိုထိန်းမနိုင်။
၂။ စည်းကမ်းမရှိ၊ စည်းကမ်းမလိုက်နာ။
၃။ အချင်းချင်းသစ္စာမရှိ၊ သစ္စာဖောက်တတ်တယ်။
၎။ စဉ်းစားနှိုင်းချိန်နိုင်တဲ့ အသိပညာမရှိ။
အဲ့ဒီမူပျက်၎မျိုးနဲ့ စုပေါင်းနေကြရင် ပိုလျှံလူတွေပဲ ဖြစ်သွားမှာပဲ။ ပိုလျှံလူလို့အချင်းချင်းမြင်နေကြလို့ပဲတစ်
ယောက်နဲ့တစ်ယောက်မတည့်ကြတာတွေ၊ ကွဲကြတာတွေ၊အဆင်မပြေကြတာတွေရှိနေရတာပေါ့။
ဘယ်ဖက်ကကြည့်လို့မှမလှဘူး၊ ခြောက်ကပ်ကြီးပဲ။
ပျားကောင်တွေကိုကြည့်စမ်းပါ ပျားကောင်ရာနှင့်ချီပြီး စုပေါင်းနေကြတယ်။ တိရစ္ဆာန်ဆိုပေမယ့် စည်ကမ်း
တကျ ဖွဲ့စည်းပုံစနစ် ၄ချက်အတိုင်းနေကြတယ်။
၁။ အမျိုးအတွက် ခံယူဦးတည်ချက်ရှိတယ်။အမျိုးကိုချစ်တယ်၊ နာမည်ကို ထိန်းထားနိုင်တယ်။
၂။ စည်းကမ်းရှိတယ်၊ အချင်းချင်းသစ္စာရှိတယ်။
၃။ ခွဲဝေအသုံးချ အနစ်နာခံ စွန့်လွှတ်နိုင်မှုရှိတယ်။
၎။ သဘာဝအသိတရားရှိတယ်၊ ပျားကောင်ဟာအဆိပ်ရှိပေမယ့် စည်းကမ်းသစ္စာလဲရှိ၊ ဖြောင့်လဲဖြောင့်မတ်တတ်သောကြောင့် အများရဲ့ ယုံကြည်စိတ်ချမှုကို ခံယူရတယ်၊ ပျားကောင်စုထားတဲ့ ပျားရည်ကို ယုံကြည်စိတ်ချစွာနဲ့သုံးစွဲကြတယ်။
ပျားကောင်ဟာအများချမ်းသာဖို့စားစရာကိုဝီရိယရှိရှိကြိုတင်စုတယ်။ပျားဆိုတဲ့နာမည်ကောင်းကိုထိန်းထား
နိုင်တယ်။ဆေးဖက်ဝင်တဲ့ ချိုမြိန်ကောင်းမြတ်တဲ့ပျားရည်ရဖို့ ပန်းပွင့်ရှိရာသွားပြီးပန်းဝတ်ရည်စုပ်ယူတယ်။
ပန်းပွင့်အလှမပျက်ရအောင်စည်းကမ်းရှိရှိ လိုရာပန်းဝတ်ရည်ကိုသာ စုပ်ယူသွားတယ်။ယင်ကောင်တွေလို လမ်းဘေးက အမှိုက်ပုံတွေကို ယောင်လို့တောင်မနားဘူး။မခိုမကပ် အလုပ်လုပ်တယ်။ညီညီညွှတ်ညွှတ်လဲ လုပ်တယ်။ ဘယ်သူကမှ နောက်ကလိုက်ပြီးအမိန့်ပေးခိုင်းနေစရာမလိုဘူး။အမျိုးသားရေးကို ရှေ့တန်း
တင်ပြီး မျိုးချစ်စိတ် နဲ့ပဲလုပ်တယ်။စုပ်ယူလာတခဲ့တဲ့ ပန်းဝတ်ရည်တွေကို ကိုယ်ရကိုယ်စား လုပ်မပစ်ဘူး။
စည်းကမ်းသစ္စာရှိရှိနဲ့ အုံရှိရာအရောက်သယ်လားပီး ပေါင်းစုထားတယ်။ခွဲဝေအသုံးချတယ်။ပျားအုံဆိုတာ ပျားကောင်ရဲ့ မိသားစုစိတ်ဓာတ်ကိုသရုပ်ဖော်ပေးတဲ့အရာပဲ။အလွန်ချိုမြိန် ကောင်းမြတ်တဲ့ ပျားရည်ဆိုတာ ပျားကောင်ရဲ့ မျိုးချစ်စိတ်ကို ပုံဖော်ပေးတာ။ခြုံပြောရင်ပျားကောင်ဟာ မိသားစုစိတ်ဓာတ်ရှိတယ်။
မျိုးချစ်စိတ် ပြည့်ဝတယ်။ကောင်တာကိုသာ စုတယ်။လုံ့လရှိရှိ ကြိုတင်စုတယ်။ စည်းကမ်းသစ္စာရှိတယ်။
ဒါ့ကြောင့်လည်းနာမည်ကောင်းနေတာပဲ။သဒ္ဓါ၊ မေတ္တာ ပညာဆိုတဲ့ သာသနာပြုခွန်အား ၃ခုအားကောင်းတဲ့ လူများဟာလည်းပျားကောင်ပမာ ဖြောင့်မှန်စွာ နဲ့ဖွဲ့စည်းပုံစနစ်၎ချက်အတိုင်း ပေါင်းစုနေထိုင်တတ်ကြ
ပါတယ်။ကိုယ်နဲ့မပေါင်းရင်တောင် အနည်းဆုံးမေတ္တာစိတ်နဲ့တော့ ပေါင်းစုနေတတ်ပါတယ်။
၁။ အမျိုးဘာသာ သာသနာအတွက် တိကျလေးနက်တဲ့ ဦးတည်ချက်ရှိတယ်၊ မိမိနှင့်အမျိုးကို နည်းမှန်လမ်းမှန်ချစ်တတ်တယ်၊ ဆရာမိဘတို့ရဲ့ အစဉ်အလာကောင်းနှင့် နာမည်ကောင်းကို ထိန်းထားနိုင်တယ်။
၂။ကိုယ်ကျင့်သိက္ခာပြည့်ဝပြီး အချင်းချင်းသစ္စာရှိတယ်။အချင်းချင်းယုံကြည်စိတ်ချရလောက်အောင်
ဖြောင့်မတ်တယ်၊ စည်းကမ်းလိုက်နာတယ်၊ စည်းကမ်းစနစ်ကောင်းမွန်တယ်။
၃။ခွဲဝေအသုံးချ အနစ်နာခံ စွန့်လွှတ်မှုရှိတယ်။အချင်းချင်ရှိတာကိုပေးလို့ အပြန်အလှန်သိတာကိုပြောပြတတ် တယ်။စွမ်းနိုင်သူက စွမ်းနိုင်သလိုကူညီပေးတယ်။ မိသားစုစိတ်ဓာတ်ရှိတယ်။
၎။စဉ်းစားနှိုင်းချိန် ချင့်ချိန်ချိန်တွယ် ဆုံးဖြတ်နိုင်တဲ့ အသိပညာလဲရှိတယ်။အသိပညာနဲ့ဘဝ တန်ဖိုးတက်အောင်မြှင့်တင်တတ်တယ်။အလုပ်နှင့်ရလဒ်၊ အကြောင်းနှင့် အကျိုးချင့်ချိန်တိုင်းတာပြီး အလေအလွင့် မရှိ၊ အကွက်စေ့အောင် ကြည့်ရှုသုံးသပ်လုပ်ဆောင်တတ်တယ်။
အဲ့ဒီ ဖွဲ့စည်းပုံစနစ် ၄-ချက်အတိုင်း ဝမ်းမြောက်ဝမ်းသာ စုပေါင်းနေထိုင်သူများဟာ ခန္ဓာနှင့်ပစ္စည်းကို အချည်းအနှီးမဖြုန်း တီးကြဘူး။ ဥာဏ်သတိနဲ့ထိန်းသိမ်းပြီး တရားပျားရည်စုရင်းစိုပြေလန်းဆန်းအေး
ချမ်းစွာနဲ့ နေထိုင်ကျင့်သုံးတတ်ကြတယ်။တရားပျားရည်ရဖို့ ဗုဒ္ဓ ဓမ္မ သံဃဆိုတဲ့ ပန်း၃- ပွင့်ထံ နေ့စဉ်
ပုံမှန် ချဉ်းကပ်ကြပါတယ်။တရားပျားရည် စုဆောင်းနေထိုင်တတ်တဲ့ စွမ်းအားရှင်များဟာ-
၁။ပစ္စုန်ပ္ပန်တိုင်း ပျော်ရွှင်ချမ်းမြေ့စွာ နေနိုင်စွမ်းရှိကြတယ်။ စိတ်ချမ်းသာအောင်အာရုံနှင့်စိတ်ညှိနှိုင်းနေ
တတ်တယ်။တရားဆိုတဲ့ အာရုံနှင့်စိတ်ညှိပေးတဲ့ သွေးညှိဆေးပဲ။
၂။မိမိရဲ့ကိုယ်အား ဉာဏ်အား ပစ္စည်းအားတွေနဲ့ မိမိသူတစ်ပါး လောက သာသနာကိုသဒ္ဓါ မေတ္တာ ပညာ ရှေ့ထားပြီး အလှဆင်ပေးနိုင်ကြတယ်။ကောင်းကျိုးပြုဘဝမှတ်တိုင်စိုက်ထူနိုင်ကြတယ်။
နာမည်ကောင်းကျန်ခဲ့ကြတယ်။
၃။နောင်ရေးစိတ်အေးရအောင် ကိုယ်ပိုင်တရားကို အချိန်မီလုံလုံလောက်လောက်စုဆောင်းထားနိုင်
ကြတယ်။
ဘာပဲကုန်ကုန်တစ်ခုခု ကုန်သွားတိုင်း အားကိုးရမယ့်တရား "အား"ကျန်အောင်သတိဉာဏ်နဲ့ယူထားနိုင်
တယ်။ဒါဆိုလူဖြစ်ကျိုးနပ်ပြီပေါ့။ဘဝအမြတ်ထွက်သွားပြီပဲ။
အဲ့ဒီစွမ်းရည် ၃-ရပ်လုံးရအောင် ယူနိုင်သူများဟာ သူရောကိုယ်ပါ အားကိုးရလောက်အောင်"အား"ပါနေ
တတ်ကြပါတယ်။သူတို့ကို အများကယုံကြည်စိတ်ချအားကိုးကြတယ်။တန်ဖိုးထားလို့လေးစားမြတ်နိုး
ကြတယ်။တကယ်တော့ စွမ်းအားစုံလင်မေတ္တာရှင်များကသာ လေကသာသနာကောင်းကျိုးကို ထိရောက်အောင် သယ်ပိုးဆောင်ရွက်နိုင်ကြတာပါ။
အထူးအားဖြင့် သတိနှင့်မေတ္တာ လက်ကိုင်ထားသူဟာ ကိုယ့်ဟာကိုယ်လဲ ဘာပြဿနာမှမရှိ၊ သူများနှင့်လဲ
ပြဿနာကင်းရှင်းပြီး လုံခြုံငြိမ်းချမ်းပါတယ်။သာသနာနှင့်တွေ့တုန်းနိဗ္ဗာန်အရောက် သေချာပေါက်ဖြစ်တဲ့ တရားစွမ်းအားကို လုံ့လဲလုံ၊ လောက်လဲလောက်အောင်ကြိုးစားကြရုံပေါ့။ကိုယ့်စိတ်ကလေးကောင်း
လို့ရသလောက်ကောင်းပြလိုက်ရုံပေါ့။
အားလုံးကျန်းမာချမ်းသာကြပါစေ။
တိပိဋကယောဆရာတော်
မဟာဝိသုဒ္ဓါရုံပါဋ္ဌိတက္ကသိုလ်
နန္ဒဝန်လမ်း၊ ဗဟန်း၊ ရန်ကုန်မြို့။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment