ကူးစက်တတ်တဲ့ ဓာတ်ဆိုး ဓာတ်ညစ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
* တောကျောင်းရဟန်းဟာ နံနက် ၈:၃၀ အချိန် တစ်ထပ်ဆွမ်း ဘုဉ်းပေးပြီးတာနဲ့
ဓမ္မာရုံ အတွင်းပိုင်းရှိ ဘုရားခန်း အနီးမှာ တင်ပျဉ်ခွေထိုင်ပြီး နှာသီးဖျားက ဝင်လေ တိုးဝင်မှု၊ ထွက်လေ တိုးထွက်မှုကို သတိ
ဝီရိယ စိုက်ထုတ်ကာ သိမှတ် ရှုပွားနေတယ်။
* တောကျောင်းရဟန်း တရားထိုင်နေတာ နာရီဝက်ခန့် ရှိပြီ။
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
* တောကျောင်းရဟန်းဟာ နံနက် ၈:၃၀ အချိန် တစ်ထပ်ဆွမ်း ဘုဉ်းပေးပြီးတာနဲ့
ဓမ္မာရုံ အတွင်းပိုင်းရှိ ဘုရားခန်း အနီးမှာ တင်ပျဉ်ခွေထိုင်ပြီး နှာသီးဖျားက ဝင်လေ တိုးဝင်မှု၊ ထွက်လေ တိုးထွက်မှုကို သတိ
ဝီရိယ စိုက်ထုတ်ကာ သိမှတ် ရှုပွားနေတယ်။
* တောကျောင်းရဟန်း တရားထိုင်နေတာ နာရီဝက်ခန့် ရှိပြီ။
* တောကျောင်းရဟန်းရဲ့ စိတ်က သတိရဲ့ အကူအညီကြောင့် ဝင်လေ ထွက်လေပေါ်မှာ ငြိမ်သက်နေစဉ်၊ သိနေစဉ် ဓမ္မာရုံခေါင်မိုးပေါ်မှ ကြွက်ငယ်တစ်ကောင်ရဲ့ အထိတ်တလန့် စူးစူးဝါးဝါး အော်သံ ထွက်ပေါ်လာတယ်။
* ကြွက်ငယ်ရဲ့ အဆက်မပြတ် အော်သံကြောင့် တောကျောင်းရဟန်းဟာ မျက်လုံးဖွင့်ကာ ခေါင်မိုးပေါ်သို့ မျက်နှာမော့ပြီး ကြည့်လိုက်တယ်။ ကြွက်ငယ်တစ်ကောင်ရဲ့ နောက်ပိုင်း အရေပြားကို တောက်တဲ့ တစ်ကောင်က ဒေါသကြီးစွာ မျက်လုံးကြီးပြူးပြီး မလွှတ်တမ်း ကိုက်ခဲနေတာကို တွေ့မြင်လိုက်ရတယ်။
* ဒေါသကြောင့် တောက်တဲ့ရဲ့ နှလုံးနေရာ၊ အဆုတ်နေရာက အရေပြားဟာ ဖေါင်းလိုက် ပိန်လိုက်နဲ့ မြန်ဆန် သွက်လက်နေတယ်။ မျက်လုံးနှစ်လုံးကလည်း ဒေါသစိတ်ကြောင့် အရောင် တောက်နေတယ်။ တောက်တဲ့ရဲ့ ရင်တွင်း ဒေါသစိတ်ကြောင့် ပုံမှန် လည်ပတ်နေတဲ့ ရုပ်ဖြစ်စဉ်တွေဟာ ဖြစ်ပျက်မှု မြန်နေခြင်း ဖြစ်ပါတယ်။
* တောကျောင်းရဟန်းက ကြွက်ငယ်လေးရဲ့ သနားစဖွယ် အော်နေတဲ့ မြင်ကွင်းကို ကြည့်ပြီး ကရုဏာစိတ်၊ မေတ္တာစိတ်၊ အကြင်နာစိတ်တွေ ရုတ်တရက် တိုးပွားသွားတယ်။
* တောက်တဲ့ ပါးစပ်ထဲမှ ကြွက်ငယ်လေး လွတ်သွားစေချင်တယ်။ ကိုက်ခဲနေတဲ့ တောက်တဲ့ကိုလည်း ရဟန်းက မကျေနပ်တဲ့ ဒေါသစိတ် ဖြစ်မိသွားတယ်။
* သတ္တဝါ နှစ်ကောင်ရဲ့ မြင်ကွင်းကိုကြည့်ပြီး ရဟန်းရဲ့ ရင်ထဲမှာ မေတ္တာစိတ်နဲ့ ဒေါသစိတ်တို့ တစ်လှည့်စီ ဖြစ်သွားတယ်။
* သူဟာ ထိုင်နေရာမှ ကပျာကယာ ထပြီး ဓမ္မာရုံ အနောက်ခန်းသို့ ခပ်သုတ်သုတ် သွားတယ်။ အရင်ကဆို ဘုရားကို ဦးသုံးကြိမ်ချ ရှိခိုးပြီးမှ ထလေ့ရှိတယ်။ အခု သူ့ရင်ထဲမှာ ဒေါသတွေ မင်းမူနေတဲ့ အတွက် ထခါနီး ဘုရားရှိခိုးဖို့ မေ့သွားတယ်။
* ကောင်းတဲ့စိတ်တွေဖြစ်ရင် ကောင်းတာတွေ လုပ်ဖို့ သတိရတယ်။ မကောင်းတဲ့စိတ်တွေ ဖြစ်ရင် ကောင်းတာတွေ လုပ်ဖို့ မေ့နေတတ်ကြတယ်။
* သူဟာ သင်္ကန်းလှန်းတဲ့ ဝါးလုံးရှည်ကို ယူလာပြီး တောက်တဲ့ရှိတဲ့ နေရာရဲ့ အနီးက သက်ကယ်များကို အသံမြည်အောင် ထိုးချလိုက်တယ်။ သူဟာ တောက်တဲ့ အပေါ်မှာ ဒေါသဖြစ်နေတယ် ဆိုပေမယ့် သတိ အသိ အနည်းငယ် ရှိနေပါတယ်။
* သက်ကယ်များကို ဝါလုံးနဲ့ ထိုးချတဲ့ အခါ တောက်တဲ့ကို မထိုးမိအောင်၊ ထိခိုက် ပွန်းပဲ့မသွားအောင် ဂရုစိုက်ပြီး ထိုးချပါတယ်။ တောက်တဲ့ဟာ ဝါးလုံးနဲ့ သက်ကယ်ကို ထိုးချတဲ့ အသံကြောင့် ကြောက်လန့်ပြီး ကိုက်ခဲထားတဲ့ ကြွက်ငယ်ကို လွှတ်ကာ သစ်သားတန်း အခြင်ကနေ တံစက်မြိတ်ဘက်သို့ ပြေးသွားပါတယ်။
* ကြွက်ငယ်လေးဟာ ခေါင်မိုးပေါ်မှ အောက်ကြမ်းပြင်ရှိ သင်ဖြူးဖျာပေါ်သို့ ပြုတ်ကျလာတယ်။ မသေပါ။ ရှေ့လက်တစ်ဖက် နာသွားပါတယ်။ တဆတ်ဆတ် တုန်နေတယ်။ နားရွက်နှစ်ဖက်က ထောင်နေတယ်။ အသက်ရှူနှုန်းတွေ မြန်နေတယ်။ အကြောက်လွန်တဲ့ စိတ်တွေကြောင့် ကြွက်ကလေးရဲ့ ကိုယ်အတွင်းပိုင်း နှလုံး၊ အသည်း၊ အဆုတ်တွေ ဗြောင်းဆန်အောင် လှုပ်ရှားနေခြင်း ဖြစ်ပါတယ်။
* ဓမ္မာရုံ မြောက်ဘက်ခြမ်း ခေါင်မိုးရှိ သစ်သားအခြင်နဲ့ သက်ကယ်ကြားမှာ ကြွက်မိသားစုတစ်စု အသိုက်လုပ်ပြီး နေပါတယ်။
* တောင်ဘက်ခြမ်း ခေါင်မိုးရှိ သစ်သားအခြင်နဲ့ သက်ကယ်ကြားမှာတော့ တောက်တဲ့ သားအမိ နှစ်ကောင် နေပါတယ်။
* တောက်တဲ့ မကြီးဟာ သူ့နေရာကို အခြားသတ္တဝါတွေ လာရင် မကြိုက်ပါဘူး။ တစ်နေ့က နံနက်အချိန် ကင်းလိပ်ချော တစ်ကောင်ဟာ တောက်တဲ့နေတဲ့ နေရာကို နံရံကနေတဆင့် တက်လာပါတယ်။ သူ့ရဲ့ အစာဖြစ်တဲ့ ပိုးဟပ်၊ ပုရစ်များကို ရှာဖွေရင်း တက်လာခြင်း ဖြစ်ပါတယ်။ အမြင့်ကနေ စောင့်ကြည့်နေတဲ့ တောက်တဲ့က ပြေးပြီး ကင်းလိပ်ချောကို ကိုက်လိုက်ပါတယ်။
* အစာရှာဖွေခြင်းထံမှာ အာရုံကပ်နေတဲ့ ကင်းလိပ်ဟာ တောက်တဲ့ မြင်တာနဲ့ နောက်ပြန် ဆုတ်ပြေးပါတယ်။ ပြေးရင်း နံရံပေါ်ကနေ ကြမ်းပြင်ပေါ် ပြုတ်ကျလာပါတယ်။ နည်းနည်း အထိ နာသွားပါတယ်။
* တောက်တဲ့မကြီးဟာ သူ့နေရာလေးကို သာယာ တပ်မက် နှစ်သက်မှုတွေ အားကြီးနေပါတယ်။ အခြားသူတွေ လာပြီး လုမှာ နေမှာကို စိုးရိမ်နေရှာတယ်။ အဲဒါကြောင့် သူ့အနီးဝန်းကျင် ချဉ်းကပ်လာတဲ့ သတ္တဝါ မှန်သရွေ့ သူနိုင်မယ်ထင်ရင် ကိုက်လွှတ်လိုက်တာပဲ။
* လူတိုင်း သတ္တဝါတိုင်းဟာ ကိုယ်နေတဲ့ နေရာလေးက ဘေးရန်လုံခြုံတယ်၊ သာယာမှုလည်း ရှိတယ်၊ စားဝတ်နေရေး အတွက် ရှာဖွေလို့ လွယ်ကူတယ်၊ စိတ်ချမ်းသာတယ်၊ ကျန်းမာရေး အတွက် မျှတတဲ့ ရာသီဥတု ရှိတယ်ဆိုရင် ဒီနေရာလေးကနေ ဘယ်မှ မသွားချင်ကြ၊ မခွါချင်ကြ၊ မစွန့်ပစ်ချင်ကြဘူး။ ဒီနေရာလေးကိုပဲ ဖက်တွယ်နေချင်ကြတယ်။ ဒါ ဓမ္မတာ သဘာဝပါပဲလေ။
* အသိဉာဏ်ကြီးမားတဲ့ လူသားတိုင်းကတော့ ကိုယ်နေတဲ့ နေရာလေးဟာ ဘယ်လောက်ပဲ ပြည့်စုံကြွယ်ဝ အေးချမ်း လုံခြုံပါစေ၊ စွန်ပစ်ဖို့ အချိန်တန်ရင် စွန့်ပစ်နိုင်တဲ့ စွမ်းရည် သတ္တိများ တည်ရှိနေကြပါတယ်။ လောဘတကြီး တွယ်ကပ်နေလေ့ မရှိပါဘူး။
* ကြွက်မိသားစုရှိ ကြွက်ငယ်လေးတွေဟာ မျက်စိပေါက်လာပြီ ဖြစ်တဲ့အတွက် ဟိုသွားချင်၊ ဒီသွားချင်၊ ဟိုဟာကိုက်၊ ဒီဟာကိုက်နဲ့ အရာရာကို စူးစမ်းနေပါတယ်။
* တောက်တဲ့ သားအမိ နှစ်ကောင်ဟာ ညအခါ အစာရှာ ထွက်တဲ့ အချိန်ကလွဲလို့ သူ့နေရာမှာ ငြိမ်ကပ်ပြီး နေပါတယ်။ ဘယ်မှ သွားလေ့ မရှိပါဘူး။
* မိခင် တောက်တဲ့မကြီးဟာ သူ့နေရာကို ကြွက်ကြီး ကြွက်ငယ်တွေ လာရင်လည်း ကိုက်လွှတ်လေ့ ရှိပါတယ်။
* ကြီးတဲ့ ကြွက်တွေဟာ တောက်တဲ့မက ကိုက်ရင် လွတ်အောင် ရှောင်နိုင် တိမ်းနိုင် ပြေးနိုင်ကြပါတယ်။
* ငယ်တဲ့ ကြွက်လေးတွေကတော့ တောက်တဲ့မက ကိုက်ရင် လွတ်အောင် မရှောင်နိုင် မတိမ်းနိုင် မပြေးနိုင်ကြပါဘူး။
* အဲဒါကြောင့် ကြွက်ငယ်လေးဟာ တောက်တဲ့မရဲ့ ကိုက်ခဲမှုကို ခံရပြီး နာကျင် စူးရှစွာ အော်နေခြင်း ဖြစ်ပါတယ်။
* သူ ဆက်လက်ပြီး တရားထိုင်ပါတယ်။ သူ့ရဲ့စိတ်တွေ ကြည်လင်ခြင်း မရှိတော့ပါဘူး။ နောက်ကျုနေပါတယ်။ ခေါင်းကလည်း အုံတုံတုံ လေးတေးတေး ဖြစ်နေပါတယ်။ မျက်နှာ အရေပြားတွေ ပူနေပါတယ်။ ရင်ဘတ် အတွင်းပိုင်းမှာ အသက်ရှူမှုက မြန်နေပါတယ်။ ရင်ခုန်သံ စည်းချက်ကလည်း ပုံမှန် မဟုတ်ပါဘူး။
* သူ့ရဲ့ ရင်ထဲကို တောက်တဲ့ထံက ဒေါသဓာတ်တွေ၊ ကြွက်ငယ်လေးထံက အကြောက်ဓာတ်တွေ ကူးစက်သွားပါတယ်။
* ဓာတ်ဆိုး ဓာတ်ညစ်တွေ အကူးစက် ခံလိုက်ရပြီဆိုတာ သူ သိပါတယ်။
* ဒေါသဆိုလို့ တစ်ချို့က ဝုန်းဒိုင်း ပေါက်ကွဲ စိတ်ဆိုးတာ တစ်ခုကိုပဲ ဒေါသလို့ ထင်မှတ်နေကြတယ်။ ကြောက်တာ၊ စိုးရိမ်တာ၊ ပူပန်တာ၊ သောကဖြစ်တာ၊ ပျင်းတာ၊ လွမ်းဆွေးတာ၊ ငိုရှိုက်တာ၊ ဒါတွေလည်း ဒေါသတွေပါပဲ။
* ခန္ဓာကိုယ် အတွင်းပိုင်းမှာ ဒေါသစိတ်၊ ကြောက်စိတ်နဲ့ ယှဉ်တဲ့ သွေးတွေ ပျံ့နှံ့သွားတဲ့ အတွက် ငြိမ်းချမ်းနေတဲ့ သူ့ရဲ့ စိတ်နဲ့ကိုယ်ဟာ ပင်ပန်း နွမ်းနယ် ထိုင်းမှိုင်းသွားတယ်။
* သူဟာ နှာသီးဖျားက ဝင်လေ ထွက်လေ တိုးဝင်တာ တိုးထွက်တာကို စိတ်က မှန်မှန် သိနေအောင် သတိကပ် ဝီရိယစိုက်ကာ ရှုလိုက်တယ်။
* သူ့ရဲ့ စိတ်ဟာ ဝင်လေ ထွက်လေအပေါ်မှာ ငြိမ်သက်လာတယ်။ ဒီကြားထဲ တောက်တဲ့နဲ့ ကြွက်ငယ်လေးတို့ရဲ့ ပုံရိပ်တွေက မပီ ဝိုးတဝါး လျှပ်တပြက် ပေါ်လာသေးတယ်။ ကြွက်ငယ်လေးရဲ့ ကြောက်လန့်တကြား အော်သံကို ပြန်ပြီး ကြားယောင်နေသေးတယ်။
* သူ့ရဲ့စိတ်ဟာ နာရီဝက်ခန့် ဝင်လေ ထွက်လေ အပေါ်မှာ ငြိမ်သက်လာတာနဲ့ ရင်ထဲမှာ ကူးစက်ခံလိုက်ရတဲ့ ဒေါသဓာတ် အကြောက်ဓာတ်တွေ ကင်းစင်သွားပါတယ်။ စိတ်ဟာ သမာဓိရဲ့ အကူအညီကြောင့် ဖြူစင်သွားပါတယ်။
* စိတ်ဖြူစင်သွားတာနဲ့ တပြိုင်နက် စိတ်နဲ့ယှဉ်တဲ့ ရုပ်တရားတွေကလည်း ကြည်လင် ပေါ့ပါး လန်းဆန်း သွားပါတယ်။ အားပြည့်သွားတယ်။ ငြိမ်းချမ်းသွားတယ်။
* တောကျောင်းရဟန်းဟာ မြတ်စွာဘုရားရှင်ရဲ့ ဒေါသ အမျက် ကင်းစင်တဲ့ဂုဏ်၊ ကြောက်စိတ် ကင်းစင်တဲ့ဂုဏ်ကို ခြောက်မိနစ်ခန့် အာရုံပြုကာ ပွားများပါတယ်။
* "ဒေါသအမျက် ကင်းစင်တော်မူသော မြတ်စွာဘုရား…"
* "ကြောက်စိတ် ကင်းစင်တော်မူသော မြတ်စွာဘုရား…"
* တောကျောင်းရဟန်းဟာ ဂုဏ်တော်ပွားပြီးတာနဲ့ တင်ပျဉ်ခွေ အမူအယာကို ဖျက်ပြီး ကျုံ့ကျုံ့ထိုင်လိုက်တယ်။ သူ့ရှေ့မှာ ထိုင်တော်မူနေတဲ့ မြတ်စွာဘုရားရှင် ရုပ်ထုတော်ကို သက်တော်ထင်ရှား မြတ်စွာဘုရားလို့ အာရုံညွှတ်ယူလိုက်တယ်။ ဦးသုံးကြိမ်ချ ရှိခိုးလိုက်တယ်။
* တောကျောင်းရဟန်းဟာ လမ်းလျှောက်ပြီး ရုပ်သဘာဝ၊ စိတ်သဘာဝ ဖြစ်စဉ်တွေကို ဆက်လက်ပြီး ရှုပွားနေပါတယ်။
* ရောဂါဆိုးတွေဟာ ကိုယ်ခံ အားနည်းသူများကို ကူးစက်တတ်သလို စိတ်နဲ့ဆိုင်တဲ့ ဓာတ်ဆိုး ဓာတ်ညစ်တွေကလည်း သတိ သမာဓိ စိတ်စွမ်းအား နည်းတဲ့သူတွေကို ကူးစက်တတ်ပါလား ဆိုတာကို တောကျောင်းရဟန်းဟာ ကိုယ်တွေ့ ဉာဏ်မြင် သိသွားခဲ့ပါပြီလေ…။
အရှင်ဥဇ္ဇယ
(လပြည့်ဝန်း၊ ဒီဇင်ဘာ၊ ၂၀၀၈)
No comments:
Post a Comment