Wednesday, July 4, 2018

☆“#အပျိုတန်မဲ့ပါးမှာမှဲ့”☆

‘အပျိုတန်မဲ့
ပါးမှာမှဲ့သို့
ကဲ့ရဲ့စရာ’
(မဃဒေ၀။ ပိုဒ် ၄၁၂။)
ချီးမွမ်း ခုနစ်ရက်
ကဲ့ရဲ့ခုနစ်ရက်
☆ ဒါတွေ အရေးမကြီးပါဘူး။ ချီးမွမ်းခံရတာလဲ လောကဓံ၊ ကဲ့ရဲ့ခံရတာလဲ
လောကဓံ မမှုမပါဘူး။
☆ ဤသို့သော ‘ဒဲ့တိုက်’ခံမှုသည် အကဲ့ရဲ့ခံရပြီးနောက် တံတွေးကွက်တွက် ပက်လက် မျောပြီးနောက်တွင်ကား မန္တန်တခု ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

☆ ဤသို့မဟုတ်လျှင်ကား လူတိုင်းပင် အစွပ်စွဲမခံရအောင် သတိထားသင့်
သည်။ အ ထူးအားဖြင့် အမျိုးသမီးများ ပို၍ သတိထားသင့်သည်။
☆ ၀ိသာခါအမျိုးသမီးကြီး အပျိုဘ၀က ပြောဖူးသောစကားတခုရှိသည်။
‘ကျွန်မတို့ မိန်းမသားတွေဟာ ရောင်းကုန်ပစ္စည်းမျိုး ဖြစ်ပါသည်’တဲ့။
☆ ရောင်းကုန်ပစ္စည်း နာမည်ဆိုးမထွက်ဖို့ အရေးကြီးသည်။ မကြာသေးမီက
ရန်ကုန် မှာ ရောင်းကုန်ပစ္စည်းဖြစ်သော ငါးတွေ ပုစွန်တွေ နာမည်ပျက်ကြ၊ ဘာဘာညာညာ အစွပ် စွဲခံကြရသဖြင့် ငါးရောင်းသူများ အကြီးအကျယ်ထိ
ခိုက်ကြသည်။ နာမည်ပျက်ခြင်း အစွပ် စွဲခံရခြင်းသည် ဟုတ်သော်ရှိ၊ မဟုတ်
သော်ရှိ အတော်ထိခိုက်တတ်တာပါတကားဟု များများကြီး သတိထားကြရပါ
မည်။
☆ နာမည်ပျက်ခြင်းသည် အမှိုက်ကစ၊ ပြဿဒ်မီးလောင်ခြင်းမျိုးဖြစ်သည်။
☆ အပ်ချိတ်နှင့်သွားကြားထိုးရာမှာ မေးခိုင်ရောဂါပိုးဝင်သည်အထိ နစ်နာ
သွားရသော အမျိုးသမီးကြီးတဦးကို တွေ့ရဖူးသည်။
☆ အသေးအဖွဲ့တခုကစ၍ အကြီးအကျယ်ဖြစ်ပွားသွားတတ်သည်။ ဆာဗီယာ
အမျိုး သားဝါဒီတဦးက သြစတြိယာဟန်ဂေရီမင်းသားကြီး ဖရန်စစ်ဖာဒိနန်
တဦးတည်းအား လုပ်ကြံလိုက်မှုကြောင့် ပထမကမ္ဘာစစ်ကြီး(၁၉၁၄-၁၈)ဖြစ်
ပွားခဲ့ရာ လူတကုဋေသေ၍ လူနှစ် ကုဋေဒဏ်ရာရသည်အထိ ဖြစ်ခဲ့ရသည်။
နစ ခုဒ္ဒမာ စရေ ကိဉ္စိ
ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ (မေတ္တာသုတ်)
သိတတ်သသူ
ရှင်နှင့်လူတို့
မြူနှယ်ဖြန့်ကြဲ
ရုတ်ရုတ်သဲမျှ
ပြစ်စိုးစိမျှ
ကျင့်မိမည်ထား
ဝေးရာရှားလော့
☆ သီတာဒေ၀ီသည် ဒဿဂိရိလက်တွင်းသို့ ပါသွားရသော်လည်း လင်္ကာဒီပ
တွင်နေခဲ့ရ သမျှ အချိန်ကာလအတောအတွင်း မှဲ့တပေါက်မျှ မစွန်းရ
အောင် နေနိုင်ခဲ့သည်။
☆ သုဂြိုဗ်, ဟာနုမန်တို့အကူအညီဖြင့် ရာမမင်း လင်္ကာဒီပကို အောင်နိုင်ပြီး
နောက် သီတာဒေ၀ီကို ပြန်လည်ခေါ်ဆောင်ခါနီးတွင် သီတာဒေ၀ီက မီးပုံ
တွင်းသို့ သက်ဆင်း၍ သန့်ရှင်းစင်ကြယ်ကြောင်း သက်သေပြခဲ့သည်။
☆ ရာမမင်း အယုဇ္ဈသို့ ပြန်ရောက်ပြီးနောက် နှစ်ပေါင်းများစွာ သီတာဒေ၀ီ
နှင့်အတူတ ကွ ထီးနန်းစည်းစိမ် ခံစားနေစဉ် သီတာဒေ၀ီတွင်လည်း ကိုယ်
ဝန်ရှိလာပြီးမှ တနေ့သ၌ ရာမမင်းကိုယ်တိုင် ညဥ့်ဘက် မြို့တွင်းရွာတွင်း ရုပ်
ဖျက်၍ စနည်းနာရာ အိမ်တအိမ်မှ လင်မယား ရန်ဖြစ်နေသံကို ကြားရ
သည်။ မိန်းမလုပ်သူက လင်နှင့်စိတ်ဆိုး၍ အိမ်ပေါ်မှ ဆင်းမည်ပြုရာ
ယောက်ျားလုပ်သူက ခပ်ထန်ထန် ဤသို့ပြောသည်။
☆ ‘နင်က ငါ့ကို ရာမမင်းလိုများ မှတ်နေသလား၊ ရာမမင်းကတော့ သီတာ
ဒေ၀ီ သူ များလက်ထဲ ရောက်သွားပြီးတာတောင်မှ သတီပြီး ကြည်ကြည်ဖြူ
ဖြူလက်ခံပေါင်းသင်းနေ တယ်၊ ငါကတော့ နင်အိမ်ပေါ်က ဆင်းသွားပြီး
တဲ့နောက် နင့်ကို လက်ခံမှာ မဟုတ်ဘူး၊ အိမ်ပေါ် ပြန်တက်လာမယ်များ
မကြံနဲ့၊ သီတာကို ရာမမင်း လက်ခံသလို၊ ငါက နင့်ကို လက်ခံမှာ မဟုတ်
ဖူး၊ (ဤကား ပုံလေးရပ် အဆိုတည်း။)
☆ ရာမယဏကျမ်း၏နောက်ဆုံးအခန်းကြီးကို ဥတ္တရကဏ္ဍခေါ်သည်။ ထို
ဥတ္တရကဏ္ဍ ကို ပုဗ္ဗဒ္ဓ-ရှေ့ပိုင်း။ ဥတ္တရဒ္ဓ-နောက်ပိုင်းဟူ၍ အပိုင်းနှစ်ပိုင်း
ခွဲခြားထားသည်။ ပုဗ္ဗဒ္ဓခေါ် ရှေ့ပိုင်းတွင် သဂ္ဂခေါ် အခန်းငယ် ၅၀ ရှိသည်။
ထိုအခန်းငယ် ၅၀အနက် ၄၃၊ ၄၄၊ ၄၅ အခန်းငယ်များ၌ ရာမမင်းကြီး သီတာ
ဒေ၀ီကို စွန့်လွှတ်သော အကြောင်းများ အကျယ်ပါရှိသည်။ ထိုရာမယဏကျမ်း
ရင်းတွင်ကား ရာမမင်း စနည်းနာထွက်သည်ဟု မဆို။ ဘဒြ မည်သော အ
မတ်တဦးထံမှ သတင်းရကြောင်းကို ဆိုသည်။
☆ ရာမမင်းကြီး နန်းတော်တွင် မင်းကြီးအား ရင်းရင်းနှီးနှီး အကြောင်းစုံ
လျှောက်ထား နိုင်သော သူလျှိုအမတ်(၁၀)ဦး ရှိသည်။ ၎င်းတို့မှာ
၁။ ၀ိဇယ
၂။ မဓုပက္က
၃။ ကဿပ
၎။ မင်္ဂလ
၅။ ကုလ
၆။ သုရာဇိ
၇။ ကာလိယ
၈။ ဘဒြ
၉။ ဒန္တ၀က္က
၁၀။ သုမာဂဓတို့ဖြစ်ကြသည်။
☆ ဘဒြက လျှောက်ချင်၍ လျှောက်သည်မဟုတ်။ ရာမမင်းကြီးကိုယ်တိုင်က
ပြည်သူ့သတင်းကို အတင်းညှစ်ထုတ်နေသောကြောင့် အမတ်က ဖွင့်ထုတ်
လိုက်ရခြင်းဖြစ်သည်။
☆ ကြားရသောသတင်းမှာကား စနည်းနာထွက်သည်ဆိုသောအခါက ကြားရ
သော သတင်းမျိုးပင်ဖြစ်သည်။ ‘သူတပါးလက်ထဲ ရောက်သွားပြီးသား သီတာ
ဒေ၀ီကို ရာမမင်း ကြီးက ဘာ့ကြောင့်များ နှစ်နှစ်သက်သက် လက်ခံပေါင်း
သင်းနေရပါလိမ့်’စသော တိုးတိုး တိုးတိုး အပြောမျိုးတွေဖြစ်သည်။
☆ ထိုအခါ ရာမမင်းကြီး စဉ်းစားဆုံးဖြတ်လိုက်သည်။ သီတာဒေ၀ီကို စွန့်လိုက်
တော့ မည်။ သီတာဒေ၀ီမှာ အပြစ်မရှိကြောင်း ငါသိ၏။ သို့သော် သီတာဒေ၀ီ
ကို ငါစွန့်လိုက်တော့မည်။ ရသေ့သူတော်ကောင်းကြီးများ ဖူးမြော်ချင်ကြောင်း၊
အလုပ်အကျွေးပြချင်ကြောင်း သူလည်းပြောဘူးသည်။ သူ၏ချင်ခြင်းကို ရ
မယ်ရှာ၍ ရသေ့သူတော်စင်တို့ နေထိုင်ရာ တောထဲသို့ ပို့လိုက်မည်။ သီတာ
ဒေ၀ီမှာ အပြစ်ကင်းစင်ကြောင်း သိပါ၏။
‘သီတာဒေ၀ီမှာ အပြစ်မရှိကြောင်း ငါသိပါ၏’
(အဝေမိ စေန မနဃေတိ)
‘သို့သော်လည်း လူအများ စွပ်စွဲကဲ့ရဲ့မှုသည် အလွန်အရေးကြီးသည်ဟု ငါနား
လည် ၏’
(ကိန္တု လောကာပ၀ါဒေါ ဗလ၀ါ မတောမေ)
‘စင်ကြယ်သန့်ရှင်းသော လမင်းပေါ်မှာ ထင်လာသော မြေလုံးအရိပ်ကို
လမင်း၏ အညစ်အကြေးအဖြစ် တင်စား၍‘လငပုပ်ဖမ်းသည်’ဟု လူအများ
ခေါ်ကြပါသည်’
(ဆာယာ ဟိ ဘူမျာ သသိနော မလတ္တေနာ ရောပိတာ သုဒ္ဓိမတော ပဇာတိ)
(ကာလိဒါသရေး - ရဃုဝံသ ၁၄။ ၄၀။)
‘မြို့သူမြို့သား လူအများ၏ငါ့အား စွပ်စွဲကဲ့ရဲ့ခြင်းသည် အလွန်အရေးကြီး
လှပေ၏’
(ပေါရာပ၀ါဒေါ သုမဟာ)
‘ထိုမှတပါး ဇနပုဒ်တိုင်းသားလူအများ၏ ငါ့အပေါ်၌ ထိုရွံရှာစက်ဆုပ်ခြင်း
သည် ငါ ၏အသည်းနှလုံးစသော နာကွင်းနာကွက်တို့ကို ခုတ်ထွတ်ဖြတ်
တောက်နေပေ၏’
(၀ါလမိကီ၏ရာမယဏ၊ ဥတ္တရကဏ္ဍ၊ ပုဗ္ဗဒ္ဓ၊ ၄၅၊ ၃။)
‘စင်စစ်အားဖြင့် စင်ကြယ်သန့်ရှင်းကြောင်း သိပါသော်လည်း အများပြည်သူ
ကြည် ဖြူပါစေခြင်းအကျိုးငှာ သီတာဒေ၀ီကို ငါ စွန့်လိုက်ပါ၏’
(ဧကန္တ ၀ိသုဒ္ဓတာ ညာဏေပိ လောကရဉ္စနတ္ထံ။ ဟနုမန် နာဋကခေါ် မဟာနာဋ ဋီကာ။ နှာ-၄၃၈။)
လက်နှီးစုတ် ညစ်ပတ်သော် မသိသာ၊ ပ၀ါဖြူညစ်လျှင် ညစ်မှန်း သိသာ
သည်။
အရွယ်လွန်သော မိန်းမကြီးတွင် တင်းတိပ် မှဲ့မည်းစွဲသော် မကဲ့ရဲ့ကြ။ အပျို
တန်မဲ့ ပါးမှာမှဲ့ရှိသော် ကဲ့ရဲ့ကြသည်။ အကဲ့ရဲ့ အစွပ်အစွဲ မခံရစေနှင့်။
မှတ်ချက်။ ။၁၉၈၅-ခုနှစ် ဖေဖေါ်ဝါရီလထုတ် လုံမလေးမဂ္ဂဇင်း စာမျက်နှာ
(၂၀ မှ ၂၁) ထိ၌လာရှိသော ဆောင်းပါးကို ပြန်လည်ပြင်ဆင်ခြင်းမရှိပဲ
ရိုက်နှိပ် ထားပါသည်။
¤ ဆန်းထွန်း(မန်းတက္ကသိုလ်) ¤
Buddhavasa Tiloka
MS

No comments:

Post a Comment