Saturday, August 18, 2018

ရဟန်းဘာကြောင့် ပြုရတယ်

လူ့ဘ၀ဆိုတာ ရခဲတဲ့ ဘ၀တစ်ခုပါ။ အခြေခံအထည်ကိုယ်ဖြစ်တဲ့ လူ့ဘ၀ကိုယ်တိုင်ကိုက ရခဲနေမှတော့ လူ့ဘ၀ ရောက်နေတဲ့သူတွေပဲ ခံယူခွင့်ရှိတဲ့ ရဟန်းဘ၀ဆိုတာကတော့ ပိုပြီး ရခဲသွားပြီပေါ့။ ``အခက်ထဲက အခက်၊ အကောင်းထဲက အကောင်း´´ လို့ပဲ ပြောရတော့မှာပါ။ဒါမှမဟုတ် ``အခက်တကာ့ ထိပ်ခေါင်´´ လို့ပဲ ပြောရတော့မှာပါ။
ရခဲတဲ့လူ့ဘ၀ကို ရလာသူတိုင်း ပိုရခဲတဲ့ ရဟန်းဘ၀ကို မရနိုင်ကြပါဘူး။ ရဟန်းဘ၀ ရထိုက်တဲ့ ကုသိုလ်ပါရမီ ပါတဲ့လူတွေပဲ `၀တ်ကြောင်လူ့ဘ၀´ထက် ပိုအဆင့်မြင့်တဲ့ `ရဟန်းလူ့ဘ၀´ ကို ၊ `ရိုးရိုး လူ့ဘ၀´ထက် ပိုအထက်တန်းကျတဲ့ `အထူးလူ့ဘ၀´ ကိုရနိုင်ကြပါတယ်။

ပါရမီမျိုးစေ့ ရင့်သန်လွန်းသူ အချို့ကတော့ ရဟန်းဘ၀မှာ ထာဝရ ရာသက်ပန် မွေ့လျော်နိုင်ကြပြီး ပါရမီမျိုးစေ့ နုနယ်သေးသူတွေကတော့ ယာယီအခိုက်အတန့်ပဲ ရဟန်းဘ၀မှာ ပျော်ပိုက်နိုင်ကြပါတယ်။ ပါရမီမျိုးစေ့ လုံးဝမရှိတဲ့သူတွေကတော့ ရဟန်းဘ၀ကို ခေတ္တခဏလေး ခံယူကြည့်ဘို့တောင် တစ်ခါမှ စိတ်မကူးကြပါဘူး။ ရဟန်းဘ၀ကို မျက်စလေးတစ်ချက်တောင်
မပစ်ဖူးဘူး၊ မျက်စောင်းလေးတစ်ချက်တောင် မထိုးဖူးဘူး ဆိုပါတော့။
ပါရမီမျိုးစေ့ဆိုတဲ့နေရာမှာ မဂ်ဖိုလ် နိဗ္ဗာန် ရထိုက်တဲ့ ပါရမီမျိုးစေ့ကို မဆိုလိုပါဘူး။ ရဟန်းဘ၀ ရထိုက်တဲ့ ပါရမီမျိုးစေ့ကိုသာ
ဆိုလိုပါတယ်။ မဂ်ဖိုလ် နိဗ္ဗာန်ဆိုတာတာကတော့ ရဟန်းဘ၀နဲ့ပဲ ဖြစ်ဖြစ်၊ လူဝတ်ကြောင်ဘ၀နဲ့ပဲဖြစ်ဖြစ် သူနဲ့ သက်ဆိုင်တဲ့ ပါရမီမျိုးစေ့ပါရင် ရနိုင်တာပါပဲ။
ရဟန်းဘ၀ဆိုတာကတော့ ရဟန်းဘ၀နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ပါရမီမျိုးစေ့ ထိုက်ထိုက်တန်တန် ပါလာမှ ရနိုင်တာပါ။ လူဝတ်ကြောင် ဘ၀ထက် အဆပေါင်းများစွာမနှိုင်းယှဉ်သာအောင် မြင့်မြတ်တဲ့ ရဟန်းဘ၀ဆိုတာ တော်ရုံတန်ရုံပါရမီ မျိုးစေ့လောက်နဲ့တော့လုံးဝ မရနိုင်တာ သေချာပါတယ်။
မြတ်စွာဘုရား အလောင်းတော်တောင်မှ ပါရမီဖြည့်စဉ်ကမ္ဘာပေါင်း လေးအသင်္ချေနဲ့ တစ်သိန်းကာလမှာ ရဟန်းဘ၀ကို ကိုးကြိမ်ပဲ ရခဲ့ဖူးပါတယ်။ ဒီအချက်ကို သိထားတဲ့အတွက် တစ်ချို့က ကြုံတောင့်ကြုံခဲ သာသနာ့ဘောင်မှာ ရာသက်ပန် ရဟန်းဘ၀ကို ခံယူကြပါတယ်။ တစ်ချို့က ရာသက်ပန် မစွမ်းနိုင်တဲ့အတွက် အခြေအနေပေးလျှင် ပေးသလို ခေတ္တခဏ ရဟန်းဘ၀ကို
ခံယူကြပါတယ်။
အခိုက်အတန့် ရဟန်းပြုတဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ်၊ အစဉ်အမြဲ ရဟန်းပြုတဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ် မိမိဘာကြောင့် ရဟန်းပြုသလဲ၊ ငါရဟန်းပြုရခြင်းရဲ့
ရည်ရွယ်ချက်က ဘာလဲ၊ ရဟန်းဘ၀အပေါ်မှာ ဘယ်လို သဘောထားလဲ၊ အဲဒီလိုအားဖြင့် ရဟန်းဘ၀နဲ့ပတ်သက်တဲ့
ခံယူချက်၊ ရည်ရွယ်ချက်၊ ဦးတည်ချက်၊ ပီပီပြင်ပြင် ရှင်းရှင်းလင်းလင်း ဖြစ်နေဖို့ လိုအပ်ပါတယ်။
ရဟန်းဘာကြောင့် ပြုရတယ်ဆိုတဲ့ သဘောတရားဥာဏ်ထဲမှာ ထင်ထင်ရှားရှား ပီပီပြင်ပြင် ဖြစ်နေမှသာလျှင် မိမိခံယူထားတဲ့ ရဟန်းဘ၀ကို လေးလေးနက်နက် တည်ဆောက်ဖြစ်ပါတယ်။
မိမိခံယူထားတဲ့ ရဟန်းဘ၀ကို လေးလေးနက်နက် တည်ဆောက်ဖြစ်မှလည်း ရခဲတဲ့ ရဟန်းဘ၀၊ ရခဲတဲ့ ရှင်ဘ၀ ရကျိုးနပ်ပါလိမ့်မယ်။ အဲဒါမှလည်း မိမိလိလားတောင့်တတဲ့ လောကီအကျိုး၊ လောကုတ္တရာအကျိုး၊ မိမိအကျိုး၊ သူတစ်ပါးအကျိုး ကောင်းကျိုးချမ်းသာအဖြာဖြာတို့နဲ့ ပြည့်စုံနိုင်ကြပါလိမ့်မယ်။
ဒါကြောင့်ရဟန်းပြုကြတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း အခိုက်အတန့်ပဲ ပြုပြု၊ အစဉ်အမြဲပဲ ပြုပြု၊ ငါ ဘာကြောင့် ရဟန်းပြုရသလဲဆိုတာကို အမြဲတမ်း မေးရမယ်။
မေးလိုက်လို့ ထွက်လာတဲ့ရည်ရွယ်ချက်၊ ဦးတည်ချက်၊ ခံယူချက်တွေကိုလည်းပဲအမြဲတမ်း စိတ်ထဲမှာ သံမှိုစွဲသလို နှလုံးသွင်းပြီးတော့ ထားရပါမယ်။
ကိုယ်ရဟန်းပြုရခြင်းရဲ့ ရည်ရွယ်ချက်ကို မေ့နေတဲ့ သူဟာ ပဲ့မပါတဲ့ လှေငယ်လေးနဲ့ မြစ်ပြင်ကျယ်ကြီး ထဲမှာ ခရီးသွားနေတဲ့ သူလိုရောက်ချင်ရာရောက် မျောချင်ရာ ဖြစ်နေပါလိမ့်မယ်။
အကြောင်းမတော်ရင် တိမ်းမှောက်နစ်မြုပ်သွားနိုင်သလိုဝဲစုပ်ပြီး အထဲကုပ်ခေါ်သွားတာကိုလည်း ခံရချင်ရင် ခံရနိုင်ပါတယ်။
ကိုယ်ရဟန်းပြုရခြင်း၏ ရည်ရွယ်ချက်ကို သတိမရတော့တာနဲ့ တစ်ပြိုင်နက် မလုပ်သင့်တဲ့ အလုပ်တွေ လုပ်မိတတ်ပါတယ်။ လုပ်သင့်တဲ့အလုပ်တွေ မလုပ်မိဘဲ လစ်ဟင်းတတ်ပါတယ်။
ဘ၀နဲ့အလုပ်၊ အလုပ်နဲ့ဘ၀ မဟပ်စပ်မိဘဲ အလွဲလွဲအချော်ချော်ဆန့်ကျင်သွားတတ်ပါတယ်။
ရည်ရွယ်ချက် ပျောက်နေလို့ အလုပ်နဲ့ဘ၀ ထပ်တူမကျတဲ့ ရဟန်းတစ်ပါးဟာ `သာသနာ့ဝန်ထမ်း´ မဖြစ်တော့ဘဲ `သာသနာ့ဝန်စီး´ ဖြစ်သွားပါတယ်။ သာသနာ့ဝန်ဆိုတာက ကိုယ်က အောက်ကနေ ပင့်တင်ပြီး ဆောင်ရွက်ရမှာပါ။ ကိုယ်က အထက်ကနေ တက်ခွပြီးခိုစီးရမှာ မဟုတ်ပါဘူး။
သာသနာကို ခိုစီးတဲ့ သာသနာ့ဝန်စီးတွေ များလာရင် သာသနာညွတ်ကျပြီး နိမ့်ဆင်းပျောက်ကွယ် သွားပါလိမ့်မယ်။ သာသနာကို ပုခုံးပေါ်ပင့်တင်ပြီး ထမ်းရွက်ထားတဲ့ သာသနာ့ဝန်ထမ်းတွေ များလာမှသာ သာသနာ မြင့်မောက်ပြီး တိုးတက်ထွန်းကားလာမှာပါ။
ရဟန်းဘ၀မှာလုပ်ရမယ့် သာသနာ့အလုပ်က နှစ်မျိုးပဲရှိပါတယ်။ တရားဓမ္မလေ့လာသင်ကြားတဲ့ ပရိယတ္တိအလုပ်နဲ့ တရားဓမ္မ ကျင့်ကြံအားထုတ်တဲ့ ပဋိပတ္တိ အလုပ်တို့ပါပဲ။
ကိုယ်ရဟန်းပြုရခြင်းရဲ့ အစစ်အမှန်ရည်ရွယ်ချက်ကို ရိုးရိုးသားသား သတိရနေမယ်ဆိုရင် ပရိယတ္တိအလုပ်ကို အဓိကထားလုပ်သင့်တဲ့ သူက ပရိယတ္တိအလုပ်ကို အဓိကထား လုပ်ဖြစ်သွားပါတယ်။ ပဋိပတ္တိအလုပ်ကို အဓိကထားလုပ်သင့်တဲ့သူက ပဋိပတ္တိအလုပ်ကိုအဓိကထားလုပ်ဖြစ်သွားတတ်ပါတယ်။ ပရိယတ္တိအလုပ်ရော၊ ပဋိပတ္တိအလုပ်ပါ ဟန်ချက်ညီညီ အားပြိုင်လုပ်သင့်တဲ့လူကပရိယတ္တိအလုပ်ရော၊ ပဋိပတ္တိအလုပ်ပါ ဟန်ချက်ညီညီ အားပြိုင်လုပ်ဖြစ်သွားပါတယ်။
ပရိယတ္တိအလုပ် အဓိကလုပ်တဲ့သူကလည်း ပဋိပတ္တိအလုပ်ပါ တွဲဖက်လုပ်ရသလို ပဋိပတ္တိအလုပ် အဓိကထားလုပ်တဲ့သူကလည်း ပရိယတ္တိအလုပ်ပါ တွဲဖက် လုပ်ရပါတယ်။ အလုပ်တစ်မျိုးတည်းချည်းပဲ သီးသန့် ကွက်လုပ်လို့ မရပါဘူး။
ပရိယတ်ပါတဲ့ ပဋိပတ်၊ ပဋိပတ်ပါတဲ့ ပရိယတ်ကသာ အမှန်တရား၇ို သိမြင်စေမှာ ဖြစ်ပါတယ်။ တစ်ခုခု လိုအပ်သွားတာနဲ့ တစ်ပြိုင်နက် အမှန်တရားလမ်းကြောင်း တိမ်းစောင်းသွားနိုင်တာမို့ သာသနာ့ဝန်ထမ်း ရဟန်းကောင်း ရဟန်းမြတ်မှန်ရင် ပရိယတ်အလုပ်ရော၊ပဋိပတ်အလုပ်ပါ အားထုတ်ကြရပါတယ်။
``ရဟန်း´´ လို့ ပြောလိုက်ရင် ``ယောဂီ´´ လည်း အတူတူပါပဲ။ ရဟန်းတော်များ ပရိယတ်၊ ပဋိပတ် နှစ်မျိုးလုံးလုပ်ရသလို ယောဂီပုဂ္ဂိုလ်များလည်း ပရိယတ်၊ ပဋိပတ် နှစ်မျိုးလုံးလုပ်ရပါတယ်။ တရားနာတာ၊ တရားစာဖတ်တာ၊ တရားဆွေးနွေးတာတွေဟာပရိယတ်ပါပဲ၊ တရားအားထုတ်တာကတော့ ပဋိပတ်ပေါ့။
ရဟန်းပြုရခြင်းရဲ့ ရည်ရွယ်ချက်ကို ရဟန်းတော်တွေသာ သိသင့်တာမဟုတ်ပါဘူး။ သံသရာဝဋ် ဆင်းရဲက လွတ်မြောက်လိုသူတိုင်း သိသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ရဟန်းပြုရခြင်းရဲ့ ရည်ရွယ်ချက်ဟာ ဘ၀အပေါ် ဘယ်လို ရှုမြင်သလဲ၊ ခန္ဓာအပေါ် ဘယ်လိုနားလည်သလဲဆိုတဲ့ အချက်ပေါ်မှာ လုံးလုံးလျားလျား မှီတည်နေလို့ပါပဲ။
ရဟန်းပြုရခြင်း၏ ရည်ရွယ်ချက်ကို ပိုင်ပိုင်နိုင်နိုင် သိရှိသွားပြီဆိုရင် ဘ၀အပေါ် ဘယ်လို ရှုမြင်သင့်တယ်၊ ခန္ဓာအပေါ် ဘယ်လို နားလည်သင့်တယ်ဆိုတာ အပြည့်အ၀ သဘောပေါက်သွားပါလိမ့်မယ်။ တကယ်ဆိုတော့ စိတ်ငြိမ်းချမ်းမှုနဲ့ ဘ၀လွတ်မြောက်မှုကိုတန်ဖိုးထားသူတိုင်း ရဟန်းတွေချည်းပဲ မဟုတ်ပါလား။
လူအများစုက လူဝတ်ကြောင်တွေဖြစ်ပြီးလူသားအနည်းစုကသာရဟန်းတော်တွေ ဖြစ်ကြပါတယ်။
လောကမှာ ရတနာဆိုတာရှားလည်းရှားပါး ပါတယ်။
လူတိုင်းလည်း ပိုင်ဆိုင်ခွင့် မရပါဘူး။
လူနည်းစုသာ ခံယူနိုင်တဲ့ရဟန်းဘ၀ဆိုတာ တကယ်တော့ရတနာ ထိုက်တဲ့ ဘ၀ပါပဲ။
အချို့သော ရဟန်းတွေ
အချစ်ကဗျာတွေ ရေးကြတာ အပြစ်ရှိလား၊ ရဟန်းတွေ လူယောင်ဆောင်ပြီး လူနာမည်နဲ့ အင်တာနက်မှာ နေတာ အပြစ်ရှိပါသလား၊ သာသနာအတွက် လုပ်သားပြည်သူတွေကို ဆုံးမစေလိုခြင်းငှာ ရေးသားတင်ပြခြင်းမျိုးမရှိဘူးလားဆိုတော့လည်း အချို့ တကယ့်ရဟန်းအစစ်အမှန်များလည်း ဖော်အဲဗားဆိုက် ထဲတွင် ရှိနေကြတာ မြင်တွေ့နေရပါသည်။
ကျေးဇူးကြီးမားလှပါသည်။
ဟိုမိန်းကလေး ဒီမိန်းကလေးတွေကို စကားလိုက်ပြော၊ လူနာမည်နဲ့ ထင်ယောင်ထင်မှားတွေလုပ်နေကြတာ မြင်ရ၊ ကြားရ၊ ကိုယ်တိုင်သိမြင် ကြုံတွေ့ နေရပါသည်။
တကယ့် ရဟန်းအစစ်အမှန်များ သာသနာအတွက် တကယ်ကို လိုအပ်နေသောသာသနာ့ဝန်ထမ်းကောင်းရဟန်းများ နှင့် သာသနာ့အာဇာနည်များကို ဒီနေရာက ဂါဝရပြုလိုက်ပါသည်။
ထာဝရသူငယ်ချင်းများ မှကူးယူဖေါ်ပြသည်။
MS

No comments:

Post a Comment